Northern
Star ဂျာနယ် ပင်တိုင် ဆောင်းပါးရှင်တစ်ဦးဖြစ်သူ “အောင်မြင် သူ”၏
““စစ်ကြောင့်…ခြားသွားသော နှလုံးသားများ”” ဆောင်းပါးပေါင်းချုပ် ထွက်လာသည်။
အပြိုင်အဆိုင် ဂျာနယ် များစွာအနက် စာရေးသူအလေးထား ဖတ်သည့်
ဂျာနယ်များတွင် Northern Star လည်း ပါပါသည်။ ထိုဂျာနယ်ဖတ် တိုင်း
“အောင်မြင်သူ” ဆောင်းပါးကို အရင်ရှာဖတ်မိလာသည်။ အကြောင်းက တော့
သူ့ဆောင်းပါးတစ်စောင်နှစ်စောင် ဖတ်မိရာကပင် ထိုဆောင်းပါးရှင်ကား တပ်မတော်
တပ်မှူးတစ်ဦးအဖြစ် တာဝန် ကျေပွန်ခဲ့သူ၊ အရပ်ဘက်တာဝန်လည်း ယူခဲ့ဖူးသူ၊
ဖြောင့်မတ်ရဲရင့် စိတ်စေတနာ ကောင်း အရင်းခံလျက် သူတွေ့ကြုံဖြတ် သန်းခဲ့ရသော
ဘ၀ဖြစ်စဉ်ကို စာပေ ရေးသားမှု အတတ်ပညာနှင့် ရင်တွင်း အနုပညာတို့ ပေါင်းစပ်၍
ပြောင်မြောက် လှပစွာ ရေးသားတင်ဆက်တတ်သူဟု အကဲခတ်မိတာကြောင့် ဖြစ်ပါသည်။
တစ်နေ့ Hot News ဂျာနယ်တိုက် သို့ စာမူသွားပေးရင်း အယ်ဒီတာချုပ် (ဒေါ်)မမ အုပ်ချုပ်ရေးမှူး ဆရာ အာရုဏတို့နှင့်တွေ့ဆုံစပ်မိစပ်ရာ ပြော ရင်း ဆရာ“အောင်မြင်သူ”အကြောင်း ရောက်သွားပါသည်။ စာရေးသူက ““နော့သင်းစတားမှာ ပင်တိုင်ရေးနေတဲ့ “အောင်မြင်သူ”ကို သိပ်စိတ်ဝင်စားတယ် ဗျာ။ သူ့စာတွေက သူ့ရဲ့ ရိုးဂုဏ်နဲ့ လူကြီး လူကောင်း စိတ်နေသဘောထားကို ဖော်ပြနေသလို သူတွေ့ဆုံ ဆက်ဆံခဲ့ရတဲ့ အရပ်သားတွေရော၊ ဗိုလ်ချုပ်တွေရော ခေတ်စနစ် အကြောင်းတွေပါရေးရာမှာ အလွန်မျှတတဲ့ အမြင်ကို သိပ်လှတဲ့ စာပေအနုပညာမြောက်အောင် ရေးနိုင် သူပဲ””ဟု ပြောပြမိပါသည်။ ဆရာမ “မမ” တို့၊ ဆရာ “အာရုဏ”တို့ကလည်း စာရေး သူနှင့် သဘောထားကိုက်ညီခဲ့ကြပါသည်။
သို့နှင့် မိတ်ဆက်ဆောင်းပါးမရေးမီ သုံးလေးရက်က စာမူပေးရန် Hot News Journal သို့ ရောက်ပြန်သည်။ ရောက်ရောက်ချင်း “မမ”က ““အန်ကယ်ရေ-အတော်ပဲ။ ဒီမှာ အန်ကယ်တို့ သမီးတို့ကြိုက်နေတဲ့ ဗိုလ် မှူးကြီးအောင်မြင်သူ ဆောင်းပါးပေါင်း ချုပ်ထွက်လို့ ရောက်လာတယ်။ သမီးက စာအုပ်မိတ်ဆက်ရေးဖို့တော့ စိတ်ကူးရ တယ်။ ဒါပေမယ့် သမီးရေးတာထက် အန်ကယ်ရေးရင် ပိုအဓိပ္ပာယ်ရှိမယ်၊ သင့်မြတ်မယ်ထင်တယ်။ သမီးပြောတာ အန်ကယ် နားလည်ပေးနိုင်မယ်ထင်ပါ တယ်နော်””ဟု ပြောလာပါသည်။ “မမ” ပြောတာမှန်ပေသည်။ သူရေးလျှင် ကတိ လေးပါးကင်းစွာ ရေးပေလိမ့်မည် မုချ။ သို့ငြားအကြောင်းကြောင်းကြောင့် … ကျွန်တော် ချက်ချင်း နားလည်မှုရှိစွာ ““ဟုတ်ပါပြီဗျာ၊ ရေးပါ့မယ်””ဟု ၀န်ခံလိုက် လေသည်။ စင်စစ်တော့ စာရေးသူ “ရေ ငတ်တုံး ရေတွင်းထဲကျ”သွားခြင်းပါ။ တွန်း ချလိုက်သူမှာ “မမ”။ သို့နှင့် ဤစာမိတ် ဆက် ပေါ်လာရပါသည်။
ဆရာအောင်မြင်သူ၏ စာအုပ်တွင် ဆောင်းပါး ၃၈ ပုဒ် ပါပါသည်။ အများစု မှာ တပ်မတော်သားဘ၀ တစ်လျှောက်နွှဲ ခဲ့ရသော စစ်ဆင်ရေးများ၊ စစ်ပွဲများ၊ စစ်တိုက်ရင်း ရောက်ခဲ့ရဖူးသော ပြည် နယ်ပြည်မ တိုင်းရင်းသားဒေသများ၊ ထိုဒေသတို့နေ တိုင်းရင်းသား လူထုများ အကြောင်းတို့ဖြစ်သည်။ ကျန်အနည်းစု မှာ အခြားဘ၀အတွေ့အကြုံများ ဖြစ်ပါ သည်။ စစ်သားဘ၀ အတွေ့အကြုံဖြစ် စေ၊ အခြားဘ၀အတွေ့အကြုံဖြစ်စေ၊ သူရေးသမျှ စာများထဲတွင် စာဖတ်သူတို့ အား သူပေးလိုသော တစ်စုံတစ်ရာကို အနုပညာမြောက်စွာ ပီပြင်စွာ ပေးထား စမြဲ၊ ပေးစွမ်းနိုင်မြဲ ဖြစ်သည်ကို တွေ့ရ သည်။
သူ့ဆောင်းပါးများကို သာမန်ဖတ် ကြည့်လျှင်တော့ တပ်မတော်ကောင်း ကြောင်း၊ တော်ကြောင်း၊ တတ်ကြောင်း၊ ရဲရင့်ကြောင်း၊ စွန့်လွှတ်အနစ်နာခံကြောင်း၊ တိုင်းပြည်ချစ်ကြောင်းတွေကို နေရာအနှံ့ ပေါပေါသီသီ ရေးနေတာပဲဟု ထင်စရာ ရှိသည်။ သို့သော် သူတကယ်ပေးချင် သည့် မက်ဆေ့ခ်ျများမှာ ဖော်ပြပါ အကြောင်းများချည်း မဟုတ်ပါ။ တစ်ခါ က “ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်”ဟု တင် စားခံခဲ့ရရာမှ “နိုင်ငံတော်အာဏာအရပ် ရပ်”ကို အကြောင်းကြောင်းကြောင့် ထိန်း ချုပ်ကိုင်တွယ် ဦးစီးဆောင်ရွက်လာရ သည့်အချိန်ကာလ ကြာညောင်းလေ သည်နှင့်အမျှ ပျိုတိုင်းအကြိုက်ခံရမှု တစတစဆုံးရှုံးလာခဲ့သော တပ်မတော်၊ လူထုနှင့် “စိမ်း”လာသော တပ်မတော်နှင့် တပ်မတော်သားများကို လူထုက တဖြည်း ဖြည်း ပြန်လည် ချစ်ခင်လေးစားခံရသည့် တပ်မတော်၊ နားလည်ယုံကြည်အားထား ခံရသည့်တပ်မတော်သားများဘ၀ ပြန် ရောက်အောင် သူ့စာရေးမှု အနုပညာ၊ အတတ်ပညာတို့ဖြင့် သက်ဆိုင်သူများ အား ညင်သာစွာ၊ တစ်ဖက်ကလည်း ထိရောက်စွာ ထောက်ပြဝေဖန်ထားသည် ကို တွေ့ရှိခံစားမိပါသည်။
ဆရာအောင်မြင်သူ၏ စစ်မှုထမ်း ဘ၀တွင် စစ်ပွဲများသည်ဖြင့်သာ အချိန် ကုန်လွန်ခဲ့သည်ကို သူ့စာစုများက ဖော်ပြ နေသည်။ သူ Staff College တက်နေစဉ် ပင် အထူးအစီအစဉ်ဖြင့် ရှေ့တန်းစစ် မျက်နှာသို့ ပြန်ခေါ်တာဝန်ပေးခံခဲ့ရပုံ များကို “ညီနောင်နှစ်ပါးစစ်တိုက်ခန်း” ဆောင်းပါးတွင် တွေ့ရသည်။ သို့နှယ် တိုက်ပွဲပျော်ဘ၀တွင် ရုန်းကန်ကျင်လည် ရင်း စာရေးသူတို့ ပြည်ထောင်စုအတွင်း ဖြစ်ပွားလာခဲ့သော လက်နက်ကိုင် ပဋိပက္ခ၏ မူလ၊ သဘာဝ၊ ဖြစ်စဉ်၊ အတိမ်အနက် စသည်များကို တဖြည်း ဖြည်းစေ့ငုရင်း ထို လက်နက်ကိုင်ပဋိပက္ခ သည် တကယ်လိုအပ်၍ ပေါ်ပေါက်ခဲ့ သည်လား မလိုအပ်ဘဲ ဖြစ်ခဲ့ရသည့် ပဋိပက္ခလားဆိုသည်နှင့်စပ်လျဉ်း၍ သူ့ အမြင်များကို သူ့စာစု၌ ဟိုနေရာတစ် ကွက်၊ ဒီနေရာတစ်ကွက် တွေ့ရသည်။
“မမေ့နိုင်သူသည်သာ” ခေါင်းစဉ်ပါ ဆောင်းပါးတွင် ကရင်ပြည်နယ်၊ ဒေါန တောင်ခြေရှိ ကရင်ရွာသူကြီးမများနှင့် တွေ့ဆုံမေးမြန်းစဉ် ရွာသူကြီးမကြီးတို့က ““KNU တပ်ကလည်း ဒီမိုကရေစီ အကြောင်း ပြောတာပဲ။ အမိုးတို့ ဘာမှ နားမလည်ဘူး။ အအအိပ်မက်လိုပဲ၊ ကော်သူလေးကလည်း အမိုးတို့ရွာကို ကာကွယ်ဖို့လာတယ်။ စစ်ကြောင်းမှူးတို့ ကလည်း အမိုးတို့ရွာကို ကာကွယ်ဖို့လာ တယ်။ ကာကွယ်ဖို့လာတဲ့ လူချင်းအတူ တူပဲ။ အတူတူပေါင်း ကာကွယ်ကြရင် မကောင်းဘူးလား””ဟု ပြန်ပြောင်း ရေး သားသည်။ စဉ်းစားစရာအပြည့် ဖြစ်လေ သည်။ သည်မျှနှင့် မရပ်သေး။ ထိုသူကြီး မကြီးများသည် ကရင်ပြည်နယ်သို့ သူ တစ်ခေါက်ပြန်အရောက် သူ့အိမ်လာ လည်ရင်း ““စစ်ကြောင်းမှူး အမိုးတို့အိမ် မှာ တည်းခိုစားသောက်ပြီး ရွာမှာ ဆေးရုံ ဆောက်ပေးမယ်၊ ကျောင်းဆောက်ပေး မယ်ဆိုတဲ့ စစ်ဗိုလ်ကြီးကို အခု တီဗွီမှာ တွေ့တယ်။ အမိုးတို့ကို သူမေ့သွားပြီလား မသိဘူး… အမိုးတို့ ကျွေးမွေးစောင့် ရှောက်ထားတဲ့ ကော်သူလေးတွေလည်း ပရာဒိုကားကြီးတွေ၊ ဒဗယ်ကက်ကားကြီး တွေ တ၀ီဝီနဲ့ သွားလာနေကြတော့ အမိုး တို့ကို မေ့သွားပြီထင်တယ်””ဟု ဆက်ရေး ပြထားပါသည်။ ပြည်တွင်းလက်နက်ကိုင် စစ်ပွဲထဲမှ ပန်းချီကားတစ်ချပ်၊ လှပသော် လည်း အကျည်းတန်သည့် ပန်းချီကား တစ်ချပ်နှယ်၊ နှလုံးသားမျက်စိကို လာထိ ပါသည်။
“အချစ်နှင့်စစ်လိုမဟုတ်ပါ”တွင် “စစ်”နှင့် “အချစ်”တွင် မတရားတာ မရှိဟု ဆိုကြောင်း၊ သူ့ကိုယ်တွေ့ စစ်ပွဲနှင့် အချစ်ရေးတွင် ပရိယာယ်တွေဆင်ရ၊ ပရိယာယ်ဆင်ခံရတာတွေ ရေးပြရင်း ““ယခုမူ ကျွန်တော်တို့အချင်းချင်း ပစ်ခတ် တိုက်ခိုက်နေမှုများ ရပ်စဲပြီး လက်နက် ကိုင်အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ စစ်ကြောင့် မြေဇာပင်လိုဖြစ်နေသော တိုင်းရင်းသားများ၏ အကျိုးစီးပွားကို အမှန်တကယ်ဆောင်ရွက်ပေးမည့် စစ် မှန်သောကိုယ်စားလှယ်များ၊ နိုင်ငံတော် အကြီးအကဲများ နှောင်ကြိုးမဲ့စွာဖြင့် မလိမ်မညာ ရိုးရိုးသားသား ပွင့်ပွင့်လင်း လင်း ငြိမ်းချမ်းသောလမ်းကို ရွေးချယ် ချီတက်ရမည့်အချိန် ဖြစ်ပါသည်””ဟု လည်းကောင်း၊ တစ်ဖန် ““…ပြည် ထောင်စုကြီးမပြိုကွဲအောင် စစ်ကို ရှောင် ရပါမည်”” ““သဘာဝကျကျ တွေးကြည့် လျှင် အင်အားနည်းသော လက်နက်ကိုင် သူများက အင်အားကြီးမားသူကို နိုင် အောင် တိုက်နိုင်မည်မဟုတ်သကဲ့သို့ အင်အားကြီးမားသူက တိုက်ခိုက်လိုက် သဖြင့် တစ်ဖက်ရန်သူအားလုံးလည်း သေကျေသွားသည့်တိုင် ငြိမ်းချမ်းသော နိုင်ငံတော်ကြီး ဖြစ်လာနိုင်မည်မဟုတ်ပါ။ ကျွန်တော်တို့ ပြည်သူပြည်သားအားလုံး လိုချင်သည်မှာ ငြိမ်းချမ်းသော၊ ဖွံ့ဖြိုးတိုး တက်သော နိုင်ငံတော်ကြီး ဖြစ်ပါသည်။ ထိုနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ကျွန်တော်တို့ ညီအစ်ကိုအချင်းချင်း ရန် ဖြစ်နေကြသည်ကို ရပ်စဲဖို့ လိုအပ်ပါ သည်။””ဟုလည်းကောင်း “ပြည်ထောင် စုကို အသက်ပေးလို့” ဆောင်းပါးတွင် ဖော်ပြထားပြန်သည်။
ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အတွင်း သားနှင့်အဖ၊ မောင်နှင့်နှမ၊ ညီနှင့်အစ်ကိုတို့ တစ်ကွဲစီ တစ်ဖက်စီ ရောက်ရှိပါဝင်သွားကြရရင်း ထိပ်တိုက် တွေ့ဆုံ ရင်ဆိုင်တိုက်ပွဲ၌ ကျည်သင့် သေ ဆုံးသွားကြပုံကို “ညီနောင်နှစ်ပါးစစ်တိုက် ခန်း” ဆောင်းပါးတွင် ရင့်နင့်ဖွယ်ရေးသား တင်ဆက်ထားသည်ကိုလည်း တွေ့ရ သည်။
တိုင်းရင်းသားလူမျိုးစုတို့၏ အမြင် သဘောထားတချို့နှင့်ပတ်သက်၍ “တက္ကသိုလ်မှာဝေတဲ့နှင်း”တွင် ၁၉၉၃-၉၄ ငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ခုအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု က ၎င်းတို့ တိုင်းရင်းသားစာပေကို မူလ တန်းမှ စသင်ရန် ဆွေးနွေးခဲ့ကြောင်း ဖော်ပြရင်း သူ ဥပစာ(ခ)တန်းမှစ၍ အင်္ဂလိပ်စာ ကောင်းကောင်းမသင်ခဲ့ရ တော့သောကြောင့် ဘွဲ့ရချိန် အင်္ဂလိပ် စာမတတ်ဖြစ်ရပုံ၊ ကမ္ဘာတွင် မြန်မာဘာ သာနှင့်သင်သောတက္ကသိုလ်မရှိ၍ မြန်မာ သည် ကမ္ဘာနှင့် အဆက်ပြတ်ခဲ့ပုံ၊ စင် ကာပူနှင့် တရုတ်လူငယ်များ သူတို့နိုင်ငံ ထိပ်တန်းရောက်ရေးအတွက် အင်္ဂလိပ် စာ အပြိုင်သင်ယူနေကြပုံ စသည်ဖြင့် ရေးသားရင်း ““ကျွန်တော်တို့ မြန်မာနိုင်ငံ သားတိုင်းရင်းသားများ ရိုးသားကြသည်။ ဘာသာအစွဲ၊ လူမျိုးအစွဲများ ရှိကြသည်။ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် အစွဲများ ဖျောက်ပြီး ကြိုးစားကြဖို့လိုသည်။ အမေရိ ကန်နိုင်ငံတွင် အမေရိကန်လူမျိုး မရှိပါ။ တရုတ်၊ ကုလား၊ ကပ်္ပလီ၊ ဂျပန်၊ ထိုင်း၊ မြန်မာ မည်သည့်လူမျိုးပဲဖြစ်ပါစေ အမေ ရိကန်နိုင်ငံသားအဖြစ် ခံယူသူတိုင်း “အမေရိကန်နိုင်ငံသား” ဖြစ်သွားသည်။ အခွင့်အရေး ညီတူညီမျှ ခံစားရသည်။ အမေရိကန်နိုင်ငံသားအဖြစ် သူတို့ ဂုဏ် ယူကြသည်။ ကျွန်တော်တို့ တိုင်းရင်းသား အားလုံးလည်း မြန်မာနိုင်ငံသားအဖြစ် ဂုဏ်ယူကြဖို့လိုသည်။””ဟု တိုက်တွန်းထား သည်။ ထိုအထဲတွင် ““အမေရိကန်နိုင်ငံ တွင် အမေရိကန်လူမျိုးမရှိပါ…အမေ ရိကန်နိုင်ငံသားသာရှိပါသည်။””ဟူသော သူ့အမြင်မှာ ကျွန်တော်တို့ တိုင်းရင်းသား များအတွက် အလွန်လေးနက်သည့် Food for Thought ပဲဟု ခံစားမိပါသည်။
နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ လည်း “တကယ်ချစ်သူများ”တွင် ပါတီစုံ ခေတ် ပါတီစုံကို ပြည်သူတွေက ကြည့် နေကြောင်း၊ တချို့ပါတီဝင်များ ဆက် သွယ်ရေးဥပဒေနှင့် ထောင်ဒဏ်အပြစ် ပေးနေရချိန်တွင် အခြားပါတီမှ ပါတီဝင် တချို့ “အိုက်ကွန်”ကို ခါးမှာချိတ်ပြီး ဆိုင် ကယ်စီးခွင့် ပိတ်ပင်ထားသော ရန်ကုန် မြို့ကြီး၌ ဆိုင်ကယ်တ၀ီဝီ စီးနေကြ ကြောင်း ထောက်ပြထားသည်။ တစ်ဖန် “စင်ပေါ်မှ ဇာတ်ပို့ဇာတ်ရံများ”တွင် ““သမ်္မတကြီးတို့၊ ဒေါ်အောင်ဆန်းစုကြည် တို့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက် နေချိန်တွင် ဘေးမှ ၀န်းရံနေသူများ၊ “မှန် ဘောင်”လိုက်မရောင်းပါနှင့်…အနီးကပ် ၀န်းရံနေသူများ၏ ပြုမူပြောဆိုမှုသည် ခေါင်းဆောင်များအား ရောင်ပြန်ဟပ် သည်ကို သတိထားဖို့လိုသည်။”” ဟု တာဝန်ရှိသူ၊ အရေးပါသူတို့အနီး ၀ိုင်းရံ နေသူများ၊ အနေအထိုင်အပြောအဆို အရုပ်မဆိုးစေဖို့ ဝေဖန်ထောက်ပြ သတိ ပေးထားသည်ကိုလည်း ဖတ်ရသည်။
နိုင်ငံ၏အခွန်ဘဏ္ဍာများနှင့် ပတ် သက်၍ ““ကမ္ဘာတွင် မီလျံနာကြီးများ နိုင်ငံသို့ နှစ်စဉ် ဒေါ်လာသန်းချီ၍ အခွန် ဆောင်နေကြသည်။ ကျွန်တော်တို့နိုင်ငံမှ မီလျံနာသူဌေးကြီးတို့ မြန်မာနိုင်ငံတော် အစိုးရသို့ ဒေါ်လာသန်း မည်မျှ အခွန် ဆောင်သည်ကို ကျွန်တော် မသိပါ။ ညီဖြစ်သူ ညွှန်ကြားရေးမှူးချုပ်(ကွယ်လွန်) က သူဌေးကြီးများ အခွန်မဆောင်သဖြင့် စိတ်ညစ်ရကြောင်း ပြောဖူးပါသည်။””ဟု “ရေနဲ့ငါး၊ ငါးနဲ့ရေ”တွင် ရေးပြထားသည်။
သို့နှယ် သူ့စာများ၌ “စစ်” “ငြိမ်းချမ်း ရေး” “လူမျိုးစုများအရေး” “နိုင်ငံရေးပါတီ များနှင့် ပါတီဝင်များ”တို့အပေါ် သူ့အမြင်၊ သူ့ခံစားချက်များကို တင်ပြထားသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စပ်လျဉ်း၍လည်း “ပြည်ထောင်စုကို အသက်ပေးလို့”တွင် မူဆယ်ဒေသ၌ တစ် ချိန်က စိမ်းလန်းခဲ့သောတောင်များ၊ တောင်ကတုံးဖြစ်နေပုံ၊ ကရင်ပြည်နယ် မြ၀တီတစ်ဝိုက်မှကျွန်းတောများ၊ မိုးမိတ် မဘိန်းမှ ဧရာမအင်ကညင်တောကြီးများ ပျောက်ကွယ်သွားပုံ၊ ပဲခူးရိုးမ၏ ကြောက် မက်ဖွယ်တောနက်ကြီး ပြုန်းသွားပုံ၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးနယ်မှ စိမ်းညို့ထင်းရှူးတောကြီးများ ကွယ်လေပုံ၊ တစ်နိုင်ငံလုံးလည်း အစိမ်းရောင်ဖျော့ တော့ အားနည်းသွားပုံတို့ကို တစ်ဖွဲ့တစ်နွဲ့ ရေးရင်း စာရေးသူတို့နိုင်ငံတွင် နိုင်ငံတကာ အတွေ့အကြုံရှိ ပညာတတ်များ တန် သလောက်ရှိသော်လည်း ငွေရဖို့တစ်ခု တည်းသာ ဦးတည်ကြသဖြင့် ယခုကဲ့သို့ တောအထပ်ထပ် “ပြုန်း”ခဲ့ရကြောင်း ခါးသီးနာကျည်းစွာ ရေးသားတင်ပြထား သည်။
“ဆရာအောင်မြင်သူ”၏ “စစ် ကြောင့်… ခြားသွားသော နှလုံး သားများ”ကို ခြုံကြည့်လိုက်လျှင် ပြည် တွင်း လက်နက်ကိုင်ပဋိပက္ခ၊ ချုပ်ငြိမ်း သွားစေလိုသော သူ့အရင်းခံစေတနာနှင့် အမြင်သဘောထား၊ ဒီမိုကရေစီပြန်လည် တည်ဆောက်ရေးဆိုင်ရာ အကြံပြုချက် ကောင်းများ၊ တိုင်းပြည်တစ်ဝန်း အမျိုး သားစီးပွား မြှင့်တင်ရေး၊ အကျင့်သိက္ခာ မြင့်မားရေးတို့အတွက် သင့်မြတ်သည့် ဝေဖန်ထောက်ပြမှုများဖြင့် ရိုးသားပွင့် လင်း အနုပညာမြောက်စွာ တင်ဆက် ထားသည်ဟု ခံစားမိပါကြောင်း အစီရင် ခံရင်း…
ဗြဟ္မာစိုရ်မေတ္တာဖြင့်
မျိုးညွှန့်
From -HotNewsJournal
No comments:
Post a Comment