Thursday, September 20, 2012

အိုဘယ့် အမရာ

အိုဘယ့် အမရာဟုဆိုသောကြောင့် စာရှုသူများအနေဖြင့် မဟော်သဓာဇာတ် တော်လာ ဇနီးအလိမ္မာကလေးအမရာ မိဖုရားကို ပြေး၍မြင်ယောင်မိချောမလား မသိပေ။ ကျွန်တော့်အမရာက ထိုအမရာ မိဖုရားကိုဆိုလိုတာမဟုတ်ပါ။ ငယ်ငယ်  တုန်းအခါဆီက သင်ယူခဲ့ဖူးသော အယူ ၀ါဒတစ်ခု၏ အမည်နာမ “အမရာ ဖြစ်ပါ ၏။ နာမည်အပြည့်အစုံမှာ “အမရာစိက္ခေ ပ၀ါဒ” ဟုခေါ်ပါသည်။ မြတ်စွာဘုရားရှင်  သည် သုတ္ထန်ဒေသနာ ဗြဟ္မဇာလသုတ် တော်၌ အကျယ်တ၀င့်ဟောကြားတော် မူခဲ့ပါသည်။

ဖြစ်ပုံက ဒီလို ဂျာနယ် တစ်စောင်   ၏ အတွဲ (၇)အမှတ် (၆၀) ၌ပါသော သတင်းတစ်ပုဒ်ကြောင့်ပါ သတင်းအကျဉ်း မှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အတွင်း ရွာတစ်ရွာ၌ နွား (၂) ကောင် လူ (၅) ယောက်ဓာတ်လိုက်သေဆုံးကြောင်း  ကို လူ (၅) ယောက်၏အမည်နာမ၊ အသက်နှင့် တကွ တိတိကျကျဖော်ပြထား သည်ဟုဆို၏။ ထိုသည်ကို အတည်ပြု ချက်ရယူလိုသော စောင့်ကြည့်ဂျာနယ်က စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ဖုန်းဖြင့်အဆက်အသွယ်လုပ်မေးမြန်းသည်။ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၏ ပြန်လည်ဖြေကြားချက်ကို သဘောကျ လွန်း၍ စောင့်ကြည့်ဂျာနယ်ပါအတိုင်း တိုက်ရိုက်ဖော်ပြလိုက်ပါမည်။ ရှု့လော့ အဆွေ။
“အဲဒါ ကျွန်တော်တို့ မပြောနိုင်ပါဘူး  ခင်ဗျာ။ အဲဒါ မဟုတ်ဘူးလို့လဲ ကျွန်တော်  မပြောနိုင်ပါဘူး။ ဟုတ်တယ်လို့လဲ ကျွန်တော်တို့ပြောလို့မရဘူးခင်ဗျ။ ကျွန်တော်တို့ ပြောပိုင်ခွင့်မရှိပါဘူးတဲ့” တဲ့။ ၎င်းစကားစုထဲမှ “ကျွန်တော်တို့ ပြောပိုင်ခွင့်မရှိပါဘူး” ဟူသည်လောက်ကို ဖယ်ထား၍ ကျန်စကားစုများမှာ ဗြဟ္မဇာ လသုတ်တော်လာတကယ့်အမရာမှ အမရာအစစ်ပါပဲ။ ဘာတစ်ခုမှတိကျသေ ချာမှုမရှိ။ ဘာတာဝန်ကိုမှ ယူလိုစိတ်မရှိ   ပေ။ ဒါတောင် ကျွန်တော်တို့ ပြောပိုင်ခွင့် မရှိပါဘူးလို့ အများညွှန်းကိန်း (တို့) ကိုထည့်   မပြောသင့်ပေ။ ကျွန်တော်ပြောပိုင်ခွင့်မရှိ ပါဘူးဟုသာပြောဆိုသင့်ပါသည်။
ရုံးကန္နားကိစ္စဟူသည်တို့မှာကလဲ အခက်သားကလား။ ပြောပိုင်ခွင့်မရှိတာ  တို့ ပြောပိုင်ခွင့်ရှိတာတို့လိုမျိုးတွေကရှိ သေးမဟုတ်လား။ ဒါကြောင့် အမရာ လေးတွေကို ဖယ်ပါက သူ့(ဖုန်းကိုင်သူ) စကားများမှာ လယ်ခံမယ်ဆိုက လက်ခံ နိုင်ဖွယ်ရာရှိပါသည်။ သို့သော် နည်းလမ်း ကျသောစကားတော့မဟုတ်ပါ။ သူ (ဖုန်း ကိုင်သူ) မှာ ပြောပိုင်ခွင့်မရှိပါက ပြော ပိုင်ခွင့်ရှိသူကို ညွှန်ပြရပေမည်။ ညွှန်ပြ တတ်ရပေမည်။ ညွှန်ပြရကောင်းမှန်းလဲ  သိရပေမည်။ ညွှန်ပြရမည့် တာဝန်ရှိသည်  ဟုလဲခံယူတတ်ရပေမည်။ ထို့ကြောင့် သူ (ဖုန်းကိုင်သူ) စကားက နည်းလမ်းမကျ။  အတည်ပြုချက်ကလေး လိုခြင်၍ ဖုန်း ဆက်မေးမြန်းသော ဂျာနယ်လစ်ခမျာ ဘယ်လောက်စိတ်သောကရောက်ပေလိမ့်  မည်နည်း။
ဒါထက် “အမရာ” “အမရာ” ဟု ထပ်တလဲလဲ ပြောဆိုနေသည့်တိုင် “အမရာ” အကြောင်းမပြောရသေး။ “အမရာ” အကြောင်း စကားဆက်ရဦးမည်။ မြတ်စွာဗုဒ္ဓသည် ထိုခေတ်ထိုအခါက ရှိနေသော အယူဝါဒပေါင်း (၆၂) ခုကို ဗြဟ္မဇာလသုတ်၌ အကျယ်တ၀င့် ညွှန်ပြ  ဟောကြားတော်မူပါသည်။ ယင်း အယူ ၀ါဒများထဲမှ အမရာဝါဒ/အမရာဝိက္ခေ ပ၀ါဒသည်လဲ တစ်ခုအပါအ၀င်ဖြစ်ပါသည်။ အမရာဝါဒ (အမရာဝိက္ခေပ၀ါဒ) အကျဉ်း  ချုပ်မှာ တင်လာသမျှအဆိုများကို တိတိ ကျကျ ဆုံးဖြတ်ချက်မပေးသောဝါဒဖြစ်  ပါသည်။ တစ်နည်းအားဖြင့် မေးမြန်းလာ သမျှသော အမေးများကို တိကျရေရာ သော အဖြေကို မပေးသောဝါဒဖြစ်ပါ သည်။ “အမရာ” ဟူသည် ပင်လယ်သမုဒ္ဒ ရာအတွင်းက ငါးတစ်မျိုး၏ အမည်ဖြစ် ပါသည်။
၎င်းအမေးအဖြေကိုရှုပါက အမရာ သဘော
မေး- ကမ္ဘာကြီးက အလုံးကြီးဆိုတာ ဟုတ်ပါလား။
ဖြေ- ကမ္ဘာကြီးက အလုံးကြီးဟုတ်၏ဟု  ငါမဆို။
မေး- ကမ္ဘာကြီးက အပြားကြီးလား။
ဖြေ- ကမ္ဘာကြီးက အပြားကြီးဟု ငါမဆို။
မေး- ဒါဆို ကမ္ဘာကြီးက မလုံးမပြား ကြီးပေါ့။ ဟုတ်ပါသလား။
ဖြေ- ကမ္ဘာကြီးက မလုံးမပြားကြီးဟုတ် ၏ဟုလဲ ငါမဆို။
မေး- ဒါဆို ကမ္ဘာကြီးက မလုံးမပြား ကြီးမဟုတ်ဘူးပေါ့။ ဟုတ်ပါသလား။
ဖြေ- ကမ္ဘာကြီးက မလုံးမပြားကြီးမဟုတ်  ဘူးဟုလဲ ငါမဆိုလို။
အထက်ပါအမေးအဖြေကဏ္ဍကို လေ့လာကြည့်ပါက ကမ္ဘာကြီး၏ လုံးခြင်း  ပြားခြင်းကိစ္စ၌ အမရာသမားအဖြေ၌ ကမ္ဘာလုံးသည် (သို့မဟုတ်) ကမ္ဘာကြီးပြား  သည် (သို့မဟုတ်) ကမ္ဘာကြီးက မလုံးမ ပြား ဟုတိကျသေချာသော အဖြေတစ် ခုခုကို တွေ့ရှိရမည်မဟုတ်ပေ။ အမရာ ငါးသည် ဖမ်းရဆုပ်ရခက်ခဲသကဲ့သို့ အမရာသမား၏အဖြေ (စကား)မှာလဲ ဒီလိုပါလားဟု တိတိကျကျဖမ်းဆုပ်ယူဆ ဖို့ရာ ခက်ခဲလှပါ၏။ ဟိုလိုလို ဒီလိုလိုဝါဒ ဟုပြောရလောက်အောင်ပင် သေချာမှုမရှိ သောဝါဒဖြစ်ပါ၏။ တိကျမှုမရှိ။ သေချာ  မှုမရှိ။ ကိုယ်ပိုင်အယူအဆမရှိ။ ဘာတာ ၀န်မှယူလိုစိတ်မရှိသောဝါဒဟုဆိုရပေမည်။
ယခုလဲ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ  အဖွဲ့ရုံး ဖုန်းကိုင်ဖြေဆိုသူ၏ ဖြေပုံမှာလဲ တကယ့်အမရာမှ အမရာအစစ်ကြီး “အဲဒါ  ကျွန်တော်တို့ မပြောနိုင်ပါဘူးခင်ဗျာ။ ပြောလို့မရပါဘူးဗျ”တဲ့။ ဒီနေရာမှာ စာရေးသူ စဉ်စားကြည့်မိသည်။ လူငါး ယောက် နွားနှစ်ကောင်ဓာတ်လိုက်သေ ဆုံးသောသတင်းသည် နိုင်ငံတော်၏ ထိပ်တန်းလျှို့ဝှက်ချက်မဟုတ်။ ထိုကြောင့် မပြောနိုင်၊ ပြောလို့မရဟူသော စကားမှာ   အဓိပ္ပာယ်မရှိလှပါ။ “အဲဒါ မဟုတ်ဘူးလို့ လဲ ကျွန်တော်မပြောနိုင်ပါဘူး။ ဟုတ်တယ်  လို့လဲ ပြောလို့ ကျွန်တော်တို့ပြောလို့မရ ဘူးခင်ဗျ” ဆိုသည့်စကားအတွက်တော့ ထွေထွေထူးထူးစဉ်းစားမနေခြင်တော့ပါ။ ပင်လယ်သမုဒ္ဒရာအတွင်းထဲမှ အမရာငါး  တစ်ကောင်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအတွင်းမှာ မလှမပခုန်ပေါက် ပြေးလွှားဆော့ကစားနေခြင်းသာဖြစ်ပါ လိမ့်မည်။
“ကျွန်တော်တို့ ပြောပိုင်ခွင့်မရှိပါဘူး” ဟူသည်ကတော့ သူ့ (ဖုန်းကိုင်သူ) စကား ထဲမှာ သဘာဝအကျဆုံးလို့ပြောလို့ရပါ သည်။ ဒါတောင် အထက်၌တင်ပြခဲ့သလို  အများညွှန်းကိန်းဖြစ်သည့် (တို့)ကို ထည့် မပြောသင့်ပေ။ ကျွန်တော်ဟူသော ဝေါဟာရနှင့် ကျွန်တော်တို့ ဟူသောဝေါ ဟာရနှစ်လုံးက လုံးဝကွဲပြားမှုရှိပါသည်။ ကျွန်တော်ဟူသည် သူ့ (ဖုန်းကိုင်သူ) ကိုသာ  ညွှန်းဆိုပါသည်။ အဓိပ္ပာယ်မှာ သူ့မှာ တော့ ပြောပိုင်ခွင့်မရှိ။ အခြားပြောပိုင်ခွင့်   ရှိသူတစ်ဦးဦးရှိသည်ဟုဖြစ်ပါသည်။ ကျွန်တော်တို့ဟူသည် သူ့ကိုသာမက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခု လုံးကို ညွှန်းဆိုပါသည်။ ကျွန်တော်တို့  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တစ်ခု လုံးပြောပိုင်ခွင့်မရှိဟု အဓိပ္ပာယ်ရောက်ပါ သည်။ မကောင်းပါ။ သဘာဝလဲမကျပါ။ ကိုယ့်တိုင်ဒေသအတွင်းကဖြစ်စဉ်တစ်ခု၊ သတင်းတစ်ခုကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးကပြောခွင့်မရှိဘူးဆိုပါလျှင် ဘယ် သူကပြောပိုင်ခွင့်ရှိပါအံ့တော့နည်း။ တိုင်း ဒေသကြီးရုံးစိုက်ရာအရပ်နှင့် သတင်းဖြစ်  ပွားအရပ်သည်ဝေးနေလို့။ ဆက်သွယ်ရေး   စနစ်တွေက ညံ့ဖျင်းလွန်းလို့ မသိဘူးပဲ ထားပါဦး။ နီးစပ်ရာ မြို့နယ်ရုံးတစ်ခုခုသို့ ညွှန်းသင့်သည်မဟုတ်လား။ သို့မဟုတ် ကိုယ့်လက်အောက်မြို့နယ်ရုံး၏. အတည်ပြုချက်ကို ရယူ၍ တိုင်းဒေသကြီး   အစိုးရရုံးတစ်ခုအနေဖြင့် အတည်ပြုမပေး သင့်ပေဘူးလား။ ပြောလိုမဖြစ်၊ ပြောပိုင် ခွင့်မရှိဆိုတာကတော့ တာဝန်မဲ့ရာကျပါ  သည်။ ထိုသို့သာ အစိုးရရုံးတိုင်း ရုံးတိုင်း က တာဝန်မဲ့နေပါက စတုတ္ထမဏ္ဍိုင်မီဒီ ယာတို့အတွက် မခက်ပေဘူးလား။ မတော်  ၍ သတင်းရင်းမြစ်မခိုင်မာဘူးဟူသော အချက်ဖြင့် တရားစွဲခံရပါကမခက်ပေဘူး လား။
နောက်တစ်ဆင့်တက်၍ စဉ်းစားမိ  သည်က သန်းခြောက်ဆယ်သောပြည်သူ  လူထုကို ၀န်ဆောင်မှုပေးမည့် ၂.၅. သန်း၏အရည်အသွေးပိုင်းဆိုင်ရာကိစ္စဖြစ်   ပါ၏။ အထက်၌တင်ပြခဲ့သလို သူ (ဖုန်း ကိုင်သူ) မှာပြောခွင့်မရှိပါကပြောခွင့်ရှိ သူကိုညွှန်ပြရပေမည်။ ညွှန်ပြတတ်ရပေ မည်။ ထိုသို့ညွှန်ပြတတ်ပါမှ တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ရာကျပါလိမ့်  မည်။ ပို၍ ရင်လေးစရာကောင်းသည့် အချက်မှာ ညွှန်ပြရကောင်းမှန်းသိခြင်း/ မသိခြင်းကိစ္စဖြစ်ပါသည်။ အကယ်၍ ညွှန်ပြရကောင်းမှန်းသိပါလျက် မညွှန်ပြ ဘူးဆိုပါက နိုင်ငံတော်သမ္မတကြီးကိုယ် တိုင်အသိအမှတ်ပြုထားသော စတုတ္ထမဏ္ဍိုင်မီဒီယာကို အသိအမှတ်မပြုရာ  ရောက်ပါလိမ့်မည်။ သို့မဟုတ်ထိုသူ (ဖုန်း ကိုင်သူ) သည် နှစ်ငါးဆယ်အိမ်မက်အတွင်း  မှာ အိပ်ပျော်လို့ကောင်းတုန်း၊ ခေတ်တွေ  စနစ်တွေပြောင်းလဲသွားသည်ကို မသိ ကျေးကျွန်ပြုလို့ကောင်းတုန်းဖြစ်နေလို့သာ   ရှိပါလိမ့်မည်။ ထိုထက်ပို၍ မိမိပြောပိုင် ခွင့်မရှိတာကိုတော့သိပြီး၊ ပြောပိုင်ခွင့်ရှိသူ ကို ညွှန်ပြရကောင်းမှန်းမသိဘူးဆိုပါက ပို၍ ပို၍ ရင်လေးစရာကောင်းလှပါသည်။ ၂.၅ သန်းသောပြည်သူ့ဝန်ထမ်းတို့ထဲတွင်  သို့ကလို သို့ကလို နဝေတိမ်တောင် နယောင်ပတ်ကားသမားများအဘယ်မျှ လောက်ပါဝင်နေပါလိမ့်မည်နည်း။ ၁၀ ရာခိုင်နှုန်းလောက်ပါနေဦးတော့ ကျွန်တော်  တို့နိုင်ငံကြီးသည်ဒီမိုကရေစီနိုင်ငံဟုပဲဆိုဆို၊ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးဟုပဲပြောပြော  ထူးခြားပြီးတိုးတက်လာစရာအကြောင်း မရှိပါ။ ၂.၅ သန်းသောပြည်သူ့ဝန်ထမ်း  တို့၏ ၀န်ဆောင်မှုကိုမဖြစ်မနေ ရယူမည် ဖြစ်သော သန်း (၆၀) သောလူထုကြီး အတွက် အတော်ပင်ရင်လေးစရာကောင်း  လှပါသည်။
ယခုတင်ပြနေသော အမရာကိစ္စသည်   အသေးအဖွဲ့ကိစ္စလေးပါဟုထင်မှတ် စရာရှိသော်လည်း စာရေးသူအနေဖြင့် ထိုသို့မယူဆနိုင်သည့်အတွက် ဤဆောင်း ပါးကိုရေးသား၍သတိပေးရခြင်းဖြစ်ပါ သည်။ ထိုစစ်ကိုင်းဒေသကြီးအစိုးရအဖွဲ့  ရုံးကိုသော်လည်းကောင်း၊ ထိုရုံးမှဖုန်ကိုင်   ဖြေဆိုသူကိုသော်လည်းကောင်း၊ စားရေး သူအနေဖြင့် မြင်လဲမမြင်ဘူးပါ၊ သိလဲ မသိပါ။ အငြိုးအာဃာတတို့လဲမရှိဘူးပါ။    ဤဆောင်းပါးကိုအငြိုးအာဃာတတို့ဖြင့် ရေးသားခြင်းလဲမဟုတ်ပါ။ အသေးအဖွဲ ကိစ္စလေးမဟုတ်ဟု ခံယူထားသောကြောင့်  သာရေးသားပါသည်။
တကယ်ဖြစ်သင့်သည်မှာ သူ (ဖုန်း  ကိုင်သူ) ပြောခွင့်မရှိက ပြောပိုင်ခွင့်ရှိသူ ကို ညွှန်ပြပေးခြင်း၊ သတင်းအရင်းအဖြစ်  ရယူနိုင်မည်နေရာတစ်ခုခုကို ညွှန်ပြပေး ခြင်းမျိုးသားဖြစ်သင့်ပါသည်။ ကျွန်တော် တို့ မပြောနိုင်ဘူး။ ဟုတ်တယ်လို့လဲပြော လို့မရ၊ မဟုတ်ဘူးလို့လဲပြောလို့မဖြစ် ဆို ရုံမျှတော့ဘာတာဝန်မှမယူလိုသောအမရာ   သမားတစ်ယောက်သာဖြစ်ပါလိမ့်မည်။ ထိုသို့သော အမရာသမားများအရေ အတွက်များလေလေ ကျွန်တော်တို့ချီ တက်နေသော ခေတ်မှီဖွံ့ဖြိုးတိုးတက် သည့် ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးနှင့် ဝေးလေလေသာဖြစ်ပါလိမ့်မည်။ နိုင်ငံတော်  သမ္မတကြီးဦးဆောင်သည့်ခေါင်းဆောင် ပိုင်းတို့က အစည်းအဝေးအမျိုးမျိုးလုပ် တိုးတက်ဖွံ့ဖြိုးရေးအတွက် အစီအစဉ်   တွေဘယ်လောက်ပဲ ချပေးပေးအောက် ခြေ၀န်ထမ်းများက ပေးအပ်သမျှတာဝန်  ကိုမယူလို၊ ကျေပွန်အောင်မထမ်းဆောင်   လို၊ ကျေပွန်အောင်မထမ်းဆောင်နိုင်သမျှ  ကာလပတ်လုံး ကျွန်ုပ်တို့အားလုံးအာသာ ငမ်းငမ်းလိုခြင်နေသော နိုင်ငံတော်သစ် ကြီးသို့ရောက်မည်ဟု ဘယ်လိုနည်းနှင့်မျှ မယုံကြည်အပ်ပါ။
နောက်စဉ်းစားစရာကောင်းသော အချက်မှာ ပြည်သူ့ဝန်ထမ်းကိစ်္စဖြစ်ပါ သည်။ ၎င်းပြည်သူ့ ၀န်ထမ်းဆိုသူများကို  အလကားခန့်အပ်ထားခြင်းမဟုတ်ပါ။ မိမိ လုပ်ပိုင်ခွင့်ရသောအခမ်းကဏ္ဍအတွင်းမှ ဥပဒေ၊ နည်းဥပဒေများနှင့် အညီတိုင်း ပြည်တာဝန်ကိုထမ်းရွက်ရန်ခန့်အပ်ထား  ခြင်းဖြစ်ပါသည်။ ထို့အတွက် ထိုက်သင့် သည် တိုင်းပြည်ဘဏ္ဍာများကို လစာငွေ  အဖြစ်ပေးအပ်ထားပါသည်။ တိုင်းပြည်  ဘဏ္ဍာဟူသည်မှာလဲ သူ့အလိုလိုမိုးပေါ် မှကျလာသည့် မိုးကျရွှေကိုယ်တော်များ မဟုတ်ပါ။ တိုင်းသူပြည်သားတို့ထံမှ ကောက်ခံထားသောအခွန်ငွေများဖြစ်ပါ သည်။ ထိုကြောင့် ပြည်သူ့ဝန်ထမ်းများ အနေဖြင့် ပြည်သူလူထုနှင့် ပတ်သက်လာ  လျှင် ငါတို့မှာ တာဝန်ရှိပါကလားဟူသော  အသိရှိရန်လိုအပ်ပါသည်။ ထိုအသိအား ကောင်းသန်မာလာသည်နှင့်အမျှ ကျွန်ုပ်  တို့အားလုံးအာသာငမ်းငမ်းအလိုရှိနေသော လူမှုဘ၀ဖွံ့ဖြိုးတိုတက်မှုများ အားကောင်း လာပြီဟုမှတ်ထင်အပ်ပါသည်။
ဤနေရာ၌ ဂျာနယ်လစ်တစ်ယောက် ၏အမေးကို မဖြေရုံ/အမရာလုပ်ရုံမျှဖြင့် တိုင်းပြည်တာဝန်မကျေပွန်ဘူးဟုပြောရ လောက်အောင်ကိစ္စက ကြီးမားပါသလား   ဟုမေးစရာတော့ရှိပါသည်။ ဟုတ်ကဲ့ ကြီးမားပါသည်။ ဂျာနယ်တစ်စောင်ဖြစ် ပါစေ၊ ဂျာနယ်လစ်တစ်ယောက်ဖြစ်ပါစေ အစိတ်အစိတ်သဘောကိုဆောင်ပါသည်။  ဂျာနယ်များ၊ ဂျာနယ်လစ်များကို ပေါင်းစု  လိုက်ပါက မီဒီယာဟူသောအပေါင်းတစ် ခုရပါသည်။ မီဒီယာဟူသည် စတုတ္ထမဏ္ဍိုင် ဟု အသိအမှတ်ပြုခံရလောက်အောင် တိုင်းပြည်အတွက်အရေးကြီးပါသည်။ ထိုပြင်စတုတ္ထမဏ္ဍိုင်မီဒီယာဟူသည် အုပ်ချုပ်ရေးမဏ္ဍိုင်၊ တားရားစီရင်ရေး မဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်ဟူသောမဏ္ဍိင် ကြီးသုံးရပ်နှင့် ပြည်သူလူထုတို့ကြားက ပြတင်းတံခါးဖြစ်ပါသည်။ ထိုပြတင်းတံခါး မှတစ်ဆင့်အစိုးရက ပြည်သူကိုမြင်ရပါ သည်။ ပြည်သူက အစိုးရကိုမြင်ရပါသည်။
ထိုပြတင်းတံခါးကို အတင်းအဓမ္မ ပိတ်ထားခဲ့သော နှစ်ငါးဆယ်ခရီးကြမ်းက  အခက်အခဲအကျပ်အတည်းများကိုလဲ ကျွန်ုပ်တို့ အလူးအလဲခံစားခဲ့ရပြီးလေပြီ။ ပြည်သူလူထုက အစိုးရကိုမမြင်ရသည့် အတွက် ဖြစ်ပေါ်လာသည့် ဖွံ့ဖြိုးမှုကို တားဆီးပိတ်ပင်ထားသည်အရာများ (ဥပမာ လာဘ်ပေးလာဘ်ယူမှု အဆမတန် ကြီးထွားလာမှုမျိုး) အစိုးရကပြည်သူကို မမြင်ရသည့်အတွက် ဖြစ်ပေါ်လာသည် ဖွံ့ဖြိုးမှုကိုတားဆီပိတ်ပင်ထားသည်အရာ များ (ဥပမာ ပြည်သူလူထုမှာ တစ်နေ့ ထက်တစ်နေ့ တစ်လထက်တစ်လ တစ်နှစ်  ထက် တစ်နှစ်ဆင်းရဲမှုနှုန်းထားမြင့်မားနေ သည့်တိုင် မြန်မာပြည်က ဖွံ့ဖြိုးတိုးတက် နေပါပြီဟု အစိုးရတို့အနေဖြင့် ပြောဆို  မှုမျိုး၊ အလုပ်လက်မဲ့နှုန်းထားမြင့်မားနေ သည်တိုင် ကျွန်တော်တို့နိုင်ငံမှာ အလုပ် အကိုင်တွေအများကြီးပါဟု ဆင်သားရေ ကို ဆိပ်သားရေဖြင့်ဖုံးသလိုပြောဆိုမှုမျိုး များ)ကြောင့် ပြည်သူကအစိုးရကို မကြည်ဖြူ၊ အစိုးရက ပြည်သူကိုမကြည်ဖြူ ဖြစ်ခဲ့ကြပါသည်။ ထိုသို့အစိုးရနှင့် ပြည်သူ တို့ အချင်းချင်းမကြည်ဖြူခြင်းဖြင့် နေထိုင် ခဲ့သော ခရီးကြမ်းကြီးကို ခက်ခက်ခဲခဲပင် ပင်ပန်းပန်းကျော်ဖြတ်ခဲ့ရဘူးပေပြီ။
မဏ္ဍိုင်ကြီးလေးရပ်/ငါးရပ် တက်ညီ လက်ညီချီတက်ရမည်ဖြစ်သော ယခုလို အချိန်မှာတော့ စတုတ္ထမဏ္ဍိုင်မီဒီယာပြတင်း တံခါးကိုပိတ်မထားစေခြင်တော့ပါ။ ထိုတံခါးကို ပိတ်ထားသည့်အတွက် သူ့ (အစိုးရ) အကြောင်းလဲကိုယ် (ပြည်သူလူ ထု) မသိရ၊ ကိုယ့်အကြောင်းလဲသူမသိရ သည့်အလုံပိတ်လူ့အဖွဲ့အစည်းကြီးတစ်ခု ဖြစ်မနေစေခြင်တော့ပါ။ သူ့အကြောင်း  ကိုယ်သိ၊ ကိုယ့်အကြောင်းသူသိသောပွင့် လင်းလူ့အဖွဲ့အစည်းတစ်ခုသာဖြစ်စေခြင် ပါသည်။ ထိုပွင့်လင်းလူအဖွဲ့အစည်းသည်  သာ ဒီမိုကရေစီစနစ်ကိုဖော်ဆောင်နိုင်မည် ဟုလဲ ဧကန်မုချယုံကြည်အပ်ပါသည်။ ထိုအားလျော်စွာ စတုတ္ထမဏ္ဍိုင်မီဒီယာ ဟူသည်ပွင့်လင်းလူ့အဖွဲ့ အစည်းတစ်ခု  တည်ဆောက်ရာ၌ အလွန်ရေးကြီးသော   အခန်းကဏ္ဍတစ်ခုမှ ပါဝင်နေပါကြောင်း  မီးမောင်းထိုးပြသည့်အနေဖြင့် ဤဆောင်း ပါးကိုရေးသားလိုက်ပါသည်။

နန္ဒ (လေးမျက်နှာ)
 
From -HotNewsJournal

No comments:

Post a Comment