Friday, September 21, 2012

အမေရိကန် မဟာဗျူဟာ လေ့လာရေးဌာန မြန်မာ့အရေး ဆွေးနွေးမည်

နယူးဒေလီ (မဇ္ဈိမ) ။          ။ အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးပေါ်လစီများကို အကြံပြု ပုံဖော်လေ့ရှိသော မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဌာန CSIS က မြန်မာနိုင်ငံ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး အဆင့်မြင့် ကွန်ဖရင့်တရပ် ခေါ်ဆို ဆွေးနွေးသွားမည်ဟု သိရသည်။


မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ အမေရိကန်နိုင်ငံတွင် ရောက်ရှိ
နေစဉ် စက်တင်ဘာလ ၂၅ ရက်နေ့တွင် ကျင်းပမည့် The Myanmar Conference @ CSIS သို့ မြန်မာ့ရေးရာ အဆင့်မြင့် ကျွမ်းကျင်သူများနှင့် အကြီးတန်း ပေါ်လစီချမှတ်သူများကိုသာ ရွေးချယ်ဖိတ်ကြားသွားမည်ဟု CSIS အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် စီးပွါးရေး ပြုပြင်ပြောင်းလဲမှုများ စတင် ပေါ်ပေါက်လာချိန်တွင် အမေရိကန် မူဝါဒ အပေါ် ဂယက်ရိုက်ခတ်မှုနှင့် နိုဝင်ဘာလတွင် ကျင်းပမည့် အမေရိကန် သမ္မတ နှင့် ကွန်ဂရက် လွှတ်တော်
ရွေးကောက်ပွဲ မတိုင်မီတွင် မကြာသေးခင်က ဖြေလျှော့ပေးလိုက်သည့် အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သတ်၍ စူးစမ်းရန် စိတ်ဝင်စားမှုများ ရှိနေသည်။

အဆိုပါ ထိပ်တန်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု အခြေအနေနှင့် နိုင်ငံတကာ အကူအညီကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ပြီး မြန်မာပြည်အပေါ် ချမှတ်သင့်သည့် အမေရိကန် မူဝါဒအပေါ် အကြံပြုချက်များဖြင့် နိဂုံးချုပ်မည်ဟု ဆိုသည်။

ထိုအကြောင်းအရာများကို မှတ်တမ်းတင် ဆွေးနွေးနိုင်ရန်အတွက် ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်သူ တစုကို ဖိတ်ခေါ် ထားသည်ဟုလည်း ဆိုသည်။

No comments:

Post a Comment