Monday, September 24, 2012

လွှတ်တော်စည်းဝေးများ အောက်တိုဘာ ၁၈ တွင် ပြန်စဖွယ်ရှိ

ရန်ကုန်၊ စက်တင်ဘာ- ၂၄
ပထမအကြိမ် လွှတ်တော်များ၏ ပဉ္စမပုံမှန်အစည်းအဝေးများကို လာမည့် အောက်တိုဘာလ ၁၈ ရက်တွင် ပြန်လည်စတင်ဖွယ်ရှိကြောင်း နေပြည်တော်မှ စုံစမ်းသိရသည်။
လွှတ်တော်အစည်းအဝေးများကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်စတင်ရန် ရှိသည်ဟု စတုတ္ထပုံမှန် အစည်းအဝေးမပြီးဆုံးမီကပင် ခန့်မှန်းသတင်းများပေါ်ထွက်ခဲ့သည်ဟုလည်း သီပေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းကပြောသည်။



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက လွှတ်တော်ပြန်လည်စတင်မည့်ရက်နှင့် ပတ်သက်၍ တရားဝင် အကြောင်းကြားစာ မရရှိသေးသော်လည်း အဆိုပါရက်တွင် ပြန်လည်စတင်မည် ဆိုသည်မှာ ဖြစ်နိုင်ဖွယ်ရှိကြောင်း 7Day News သို့ပြောသည်။


ယခုပြန်လည်စတင်မည့် လွှတ်တော်တွင် နောက်ဘက်ဂျက်နှစ်အတွက် ဘက်ဂျက်စာရင်းများ ညှိနှိုင်းခြင်း၊ အတည်မပြုရသေးသည့် ရင်းနှီးမြှုပ်နှီးမှု ဥပဒေကြမ်း အတည်ပြုခြင်းနှင့် အခြေခံဥပဒေ ခုံရုံးအဖွဲ့ဝင်များကို အသစ်ပြန်လည်ခန့်အပ် အတည်ပြုခြင်းတို့ကို လုပ်ဆောင်ရန် ရှိသည်ဟု ဦးရဲထွန်းက ပြောကြားသည်။


အထွေထွေရွေးကောက်ပွဲပြီးဆုံးပြီးနောက် လွှတ်တော်စတင်ခေါ်ယူချိန်မှ ယခုအချိန်ထိ ကျင်းပပြီးစီးခဲ့သော လွှတ်တော်အစည်းအဝေးလေးကြိမ်တွင် နိုင်ငံတော်သမ္မတများ ရွေးချယ်ခန့်အပ်ခြင်း၊ အစိုးရအဖွဲ့အတည်ပြုခန့်အပ်ခြင်းများအပါအ၀င်၊ ဥပဒေသစ်များ ပြဋ္ဌာန်းခြင်း၊ အဆိုများ ဆွေးနွေး ခြင်းနှင့် အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို စွပ်စွဲပြစ်တင်ခြင်း စသည်တို့ကို လွှတ်တော်ကိုယ်စားလှယ်များက လုပ်ဆောင်ခဲ့ကြသည်။
From -7dayNewsJournal

No comments:

Post a Comment