Tuesday, September 25, 2012

ပါတီသြဇာလွှမ်းမိုးစေရန်ပြုလုပ်ခဲ့သည့် ဦးဋ္ဌေးဦးအား ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ကန့်ကွက်

 တိုင်းလွှတ်တော်ဥက္ကဌအား အသိမပေးဘဲ ဧရာဝတီတိုင်းရှိ ပါတီမှလွှတ်တော်ကိုယ်စားလှယ်များကို သီးသန့် တွေ့ဆုံခဲ့သော   ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဌေးဦးအား ကန့်ကွက်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်အား စက်တင်ဘာ(၂၄)ရက်နေ့က တိုင်းလွှတ်တော်အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့သည်။
 

စက်တင်ဘာလ (၉)ရက်နေ့က ညောင်တုန်းရိပ်သာတွင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဦးဋ္ဌေးဦးသည် လွှတ်တော်ကို အသိမပေးဘဲ ပါတီဝင်ကိုယ်စားလှယ်များကို သီးသန့်အစည်းအဝေးခေါ်ယူကာ လွှတ်တော်အား ဖိအားပေးပြောဆိုစွပ်စွဲမှုများအတွက် အံ့သြစိတ်မကောင်းဖြစ်ရကြောင်း ပါတီခေါင်းဆောင် ပြည့်သူ့လွှတ်တော် ဥက္ကဌ ဦးဆန်းဆင့်မှ အဖွင့်စကားဖြင့် စခဲ့သည်။

ယခုရှင်းလင်းပွဲမှာ ဧရာဝတီတိုင်း လွှတ်တော်အနေနှင့် လွှတ်တော်လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ဖိအားပေးသြဇာ လွှမ်းမိုးကာ ခြိမ်းခြောက်ဟန့်တားမှုများ ရှိနေခြင်းကိုချပြ ရှင်းလင်းသော လွှတ်တော် သတင်းစာရှင်းလင်းပွဲဟု ပြောဆိုနိုင်ကြောင်း၊ ထိုကိစ္စများကို အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ပြည်ခိုင်ဖြိုး ပါတီတို့က လုပ်ဆောင်နေကြောင်း လွှတ်တော်ဥက္ကဌက ဆက်လက်ပြောဆိုသည်။

ဆက်လက်ပြီး လွှတ်တော်ဥက္ကဌက မိမိတို့ လွှတ်တော်လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့မှ လွှတ်တော်မေးခွန်း များ မေးမြန်းခြင်း၊ ကွင်းဆင်းလေ့လာဖော်ထုတ် ရာတွင် အစိုးရအဖွဲ့ကို အကျပ်အတည်း ဖြစ်အောင် လုပ်သည်ဟုဆိုကာ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်မှု လွန်စွာ အားနည်းခြင်း၊ ဌာနဆိုင်ရာများကလည်း လွှတ်တော်ဝင်မေးမြန်းလေ့လာမှုများကို အစိုးရအဖွဲ့သို့ ပွင့်ပွင့်လင်းလင်းဖော်ပြခြင်းမရှိပဲ ထိန်ချန်ကွယ်ဝှက် အလေးမထားခြင်း၊ ပြည်ခိုင်ဖြိုး ပါတီကလည်း လွှတ်တော်ကို သြဇာသုံးလွှမ်းမိုးကာ ဗဟိုချုပ်ကိုင်မှုများ ဖိအားပေးကာ အဆိုမေးခွန်းများ ကန့်သတ်လာကြောင်း ၄င်းဆက်လက်ရှင်းပြသည်။

ထို့နောက် လွှတ်တော်ဥက္ကဌဦးဆန်းဆင့်မှ ဦးဌေးဦး၏ ပုဂ္ဂိုလ်ရေးဘက်ဆွဲယူကာ လွှတ်တော်၏ လုပ်ငန်းတာဝန်ထမ်းဆောင်မှုများကို စွပ်စွဲ ပြောဆိုခဲ့သော ပြောကြားချက်(၁၄) ခုကို ပြန်လည် ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပြီးနောက် သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာသော မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည် ဖြေဆိုပေးခဲ့သည်။
 
 “လတ်တလော ကျွန်တော်တို့တိုင်းဒေသကြီးရဲ့ လွှတ်တော်မှာ ပါတီရဲ့ အရိပ်လွှမ်းမိုးမှုတွေ ရှိနေတယ်၊ လွှတ်တော်နဲ့ပါတီ မကွဲပြားဘူး၊ လွှတ်တော်ရဲ့ဂုဏ်သိက္ခာ တဖြည်းဖြည်း ကျဆင်းလာလို့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဂုဏ်သိက္ခာ၊ လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကြောင့် သတင်းစာရှင်းလင်းပွဲ လုပ်ရတာပါဟု ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။
 
တိုင်းလွှတ်တော်အစည်းအဝေးခန်းမတွင် ယနေ့ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲသို့ ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌ၊ ဒုဥက္ကဌနှင့် လွှတ်တော်ကောင်မတီများ၏ ဥက္ကဌ(၁၁)ဦး၊ သတင်းမီဒီယာအစုံမှ သတင်းထောက် (၂၇)ဦးနှင့် ထွေ/ အုပ် ၀န်ထမ်းများ တက်ရောက်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲကို နေ့လည်(၁၁) နာရီမှ စတင်ကာ နေ့လည်(၂) နာရီတွင် ပြီးဆုံးခဲ့သည်။
From -မြစ်မခ

No comments:

Post a Comment