Sunday, September 23, 2012

ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းလူ့အဖွဲ့အစည်းဆီသို့

ဘုန်းသက်ပိုင်
စက်တင်ဘာ ၁၉ရက်ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ(၄)အမှတ်(၃၆)တွင်ပါရှိသည့် ဆောင်းပါးကိုထုတ်ယူတင်ပြချက်။
ကျွန်တော်တို့မှာ ကမ္ဘာလုံးဆိုင်ရာ အသိုက်အ၀န်း မရှိဘူးဆိုရင် ကမ္ဘာလုံးစီးပွားရေး မရှိနိုင်ဘူးလို့ ကျွန်တော် စောဒက တက်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာလုံးဆိုင်ရာ အသိုက်အ၀န်းတစ်ရပ် အယူအဆကို နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာပိုင်မှုနဲ့ ဘယ်လိုညှိနှိုင်းရယူနိုင်မလဲ။ နိုင်ငံတွေမှာ အကျိုးစီးပွား တွေ ရှိကြပါတယ်။ ဒါပေမဲ့ အခြေခံမူတွေတော့ မရှိကြပါဘူး။ ကမ္ဘာလုံး ဘုံအကျိုးစီးပွားကို သူတို့တွေရဲ့စောင့်ရှောက်မှု လက်ထဲမှာ ဘယ်လို ထားခဲ့နိုင်မလဲ။ ဒီမိုကရေစီ နိုင်ငံတွေရဲ့ နိုင်ငံသားတွေဟာ
အစိုးရတွေအပေါ် သြဇာလွှမ်းမိုးမှုကို အသုံးပြုပြီး ကမ္ဘာလုံး လူ့အဖွဲ့အစည်းတစ်ရပ်ရဲ့ လိုအပ်ချက်တွေကို သူတို့ကို တုံ့ပြန်လုပ်ဆောင်စေမှသာ ဖြစ်ပေါ်လာမှာပါ။
ကမ္ဘာ့ဒီမိုကရက်တစ်နိုင်ငံတွေဟာ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းလူ့အ ဖွဲ့အစည်းတစ်ရပ် ဖန်တီးရေးရည်ရွယ်ချက်နဲ့ မဟာမိတ်ဖွဲ့မှု တစ်ရပ်ကို ဖွဲ့စည်းသင့်တယ်လို့ ကျွန်တော်အ ဆိုပြုပါတယ်။ အဲဒီမှာ သီးခြားကွဲနေပေမယ့် ဆက်နွှယ်မှုရှိတဲ့ လုပ်ငန်းတာဝန်နှစ်ရပ် ပါဝင်မှာဖြစ်ပါတယ်။
အဲဒါတွေကတော့ ကမ္ဘာတစ်လွှားလုံးမှာ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးပေါ်ထွန်းအောင် တွန်းအားပေးတာနဲ့ နိုင်ငံတွေကို သူတို့ရဲ့ နိုင်ငံသား တွေနဲ့ တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးအပြုအမူကို ထိန်းကျောင်းပေးမှာဖြစ်တဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ အဖွဲ့အစည်းတွေ တည်ထောင်ရေးတို့ပဲ ဖြစ်ပါတယ်။ ဒါဟာ အတော့်ကို ခမ်းနားကြီးကျယ်တဲ့ ပရောဂျက်တစ်ခုဖြစ်ပြီး စိတ်ကူးယဉ် အတွေးအခေါ်တစ်ရပ်အဖြစ် ပယ်ချတာကို ခံရနိုင်ပါတယ်။ ဒါပေမဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ ပကတိအခြေအနေကို ပြဋ္ဌာန်းပေးထားတဲ့ အကန့်အသတ်တွေကို အသိအမှတ်ပြုပါတယ်။ ပြီးပြည့်စုံတဲ့ အဖြေတွေ မရှိနိုင် ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ဒုတိယ အကောင်းဆုံးနဲ့ပဲ ကိုယ့်ဘာသာကိုယ် ကျေနပ်ရမှာပါ။ အဲဒါကတော့ စမ်းသပ် လုပ်ကိုင်ရင်း အမှားပြင်တဲ့ နည်းလမ်းနဲ့ တိုးတက်မှု ရရှိနိုင်တဲ့ ခြွင်းချက်ရှိတဲ့ အစီအစဉ်တွေပဲ ဖြစ်ပါတယ်။ ခြုံကြည့်မယ်ဆိုရင် ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်ဆောင်တဲ့ အလုပ်တွေမှာ မရည်ရွယ်တဲ့ဆိုးကျိုးတွေ ဖြစ်ပေါ်လေ့ရှိတာကို ကျွန်တော်တို့သတိရနေကြရပါမယ်။ ဒါဟာ ပြင်ပကိုကျူးကျော်စွက်ဖက်မှု ဖြစ်တာ အသေအချာပါပဲ။
လူသားတွေဟာ တခြားသူတွေအပေါ် အဆုံးစွန်ဆုံး အမှန်တရားဖြစ်တဲ့ သူတို့ရဲ့အမြင်တွေကို သွတ်သွင်းဖို့ ကြိုး စားတဲ့အခါမှာ ဘာသာရေး၊ အတွေးအခေါ် ဒါမှမဟုတ် လူမျိုးအုပ်စုတွေဆိုင်ရာ စစ်ပြုမှုဆီဦးတည် သွားတတ်ပြီး အဆုံးမရှိတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။ နှစ် ၃၀ စစ်ပွဲအတွင်းမှာ ဒါဟာဖြစ်ပါတယ်။
ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အခြေခံမူတွေအပေါ်ကနိုင်ငံတကာ နိုင်ငံရေးအဆောက်အအုံကို အခြေပြုခြင်းအားဖြင့် ဒီအန္တရာယ်ကို ရှောင်လွှဲ နိုင်ပါတယ်။ ပွင့်လင်းလူ့အဖွဲ့အစည်းဟာ အကြွင်းမဲ့ အမှန်တရားကို ကျွန်တော်တို့လက်လှမ်းမမီဘူး ဆိုတာကို အသိအမှတ်ပြုခြင်းအပေါ် မှီတည်ထား ပါတယ်။ လူသားတွေမှာ မတူကွဲပြားတဲ့အမြင်တွေ၊ အကျိုးစီးပွားတွေ ရှိကြတယ်ဆိုတာကို ကျွန်တော် လက်ခံရပါမယ်။ ပြီးတော့ အဲဒါတွေ (အဲဒီကွဲပြားမှု  တွေ)ကို ငြိမ်းချမ်းစွာ အတူတည်ရှိခွင့် ပေးဖို့နည်းလမ်းကို ရှာဖွေကြရပါမယ်။
ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းလူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးရာမှာပြည်တွင်းရေးရာတွေထဲ ပြင်ပရဲ့ စွက်ဖက်မှုက မလွှဲမရှောင်သာ ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့သဘာဝနဲ့(ဒီနေ့ရဲ့အရှိတရားဖြစ်တဲ့) အချုပ်အခြာအာဏာ အခြေခံသဘောတရားတို့ နှစ်ခုစလုံးကို လက်ခံပါတယ်။ အကြီးမားဆုံး အတိုင်းအတာ ဖြစ်ပေါ်လာနိုင်ဖို့ ဝင်ရောက်စွက်ဖက်မှုဟာ အတင်းအကျပ်၊ အနိုင်အထက် လုပ်ဆောင်ခြင်းထက် အများသဘောတူပြီး အပြုသဘော ဆောင်သင့်ပါတယ်။ ဒဏ်ခတ်တဲ့ ဝင်ရောက်စွက်ဖက်ခြင်းထက် အကျပ်အတည်းကို တားဆီးရေးအပေါ် အလေးထားသင့်ပါတယ်။ ကာကွယ်  တားဆီးခြင်းကို အဆောတလျင် စတင်နိုင်လောက်စရာ မရှိနိုင်ပါဘူး။ ဒါပေမဲ့ အစောပိုင်း အဆင့်တစ်ဆင့်မှာ ဖြစ်လာနိုင်ဖွယ်ရှိပြီး ဆိုးရွားတဲ့အချက်တွေကို ခွဲထုတ်ပြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကျပ်အတည်း ကာကွယ်တားဆီးဖို့ အကောင်းဆုံးနည်းလမ်းက ကမ္ဘာတစ်လွှားလုံးမှာ ပွင့်လင်းလူ့အဖွဲ့အစည်းတွေ ဖွံ့ဖြိုးပေါ်ထွန်းလာစေဖို့ တွန်းအား ပေးတာပဲ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်မှုဆိုတာ စီးပွားရေးရော နိုင်ငံရေးပါဖြစ်ရပါမယ်။ ဒီအချက်ကို အမာထရာဆင်းက နိုင်ငံရေး လွတ် လပ်မှု အဖြစ် ဖွံ့ဖြိုးတိုးတက်မှုကို ဖွင့်ဆိုပြလိုက်စဉ်တုန်းက  (Amartya Sen,Development as Freedom( New York;Alfred A.Knopf.1999)  ဖော်ထုတ် ပြခဲ့ပါတယ်။  ပွင့်လင်း လူ့အဖွဲ့အစည်းအယူအဆဟာ နိုင်ငံတကာဆက်ဆံရေးတွေကို ထိန်းကျောင်းပေးဖို့ လမ်းညွှန်မှုတချို့ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ ကျွန်တော်ယုံကြည် ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဆောင်နိုင်စွမ်းရှိဖို့ စိတ်ကူးယဉ် အယူအ တစ်ရပ်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်တဲ့ အယူအဆအဖြစ် အသွင်ပြောင်း ပေးရပါမယ်။ ကမ္ဘာလုံးဆိုင်ရာ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် အသေးစိတ်အစီအစဉ်ကို ပြင်ဆင်ရာမှာ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ အခြေခံမူတွေနဲ့ ဆန့်ကျင်ဘက်ကိုရောက်သွားတာဟာ အချည်းနှီးဆောင်ရွက်မှုတစ်ရပ် ဖြစ်သွားမှာပါ။
ပွင့်လင်း လူ့အဖွဲ့အစည်းကို အဲဒီလူ့အဖွဲ့အစည်းထဲမှာ နေထိုင်သူတွေက ဖန်တီးတည်ဆောက်ရမယ်ဆိုတဲ့ ပထမအခြေခံမူတွေနဲ့ ဒီဇိုင်းမဆင် နိုင်ပါဘူး။ လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်နိုင်တဲ့ အယူအဆတစ်ရပ်အနေနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းကို လူ့အဖွဲ့အစည်းတိုင်း၊ မျိုးဆက်တိုင်း ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာလုံးပွင့်လင်းလူ့အဖွဲ့အစည်းကို ကမ္ဘာတစ်လွှား အတူလက်တွဲ လုပ်ဆောင်နေကြတဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း တွေက ဖန်တီးတည်ဆောက်ပေးရပါမယ်။ ဒါဟာ ကျွန်တော်အဆိုပြုတဲ့အရာ အတိအကျပါပဲ။
ကားလ်ပေါ့ပါး အကြံပြုခဲ့တဲ့လုပ်ငန်းစဉ်က အစိတ်အပိုင်းအလိုက် လူမှုပြုပြင်ရေးကို လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဝေါဟာရနဲ့ ပတ်သက်ပြီး လုံးဝကျေနပ်နပ် အားရမှုမရှိပါဘူး။ အကြောင်းကတော့ တော်လှန်ရေးကျကျ အစိုးရပြောင်းလဲသွားစေတဲ့ အချိန်တွေမှာ ကျွန်တော်တို့ကို ဟိုတစ်စဒီတစ်စ လုပ်ဆောင်ချက်တွေနဲ့ ယစ်မူးနေဖို့ အရှိန်အဟုန်က အရမ်းမြန်ဆန်လွန်းလှပါတယ်။ ဒါကြောင့် အဖြစ်အပျက်တွေက ထိန်းချုပ်လို့ မရအောင် ချာချာလည်နေလို့ပါပဲ။ ဆိုဗီယက်စနစ်ပြိုကွဲမှုက သမိုင်းမှာ အဲဒီလိုအခိုက်အတန့် အချိန်မျိုး ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် အခိုက်အတန့်ဟာ ကျော်လွန်သွားခဲ့ပြီး ကျွန်တော်တို့ သမိုင်းဝင် အခွင့်အလမ်းကြီးတစ်ရပ်နဲ့ လွဲချော်ခဲ့ပါတယ်။ အခုတော့ နိုင်ငံတကာ နိုင်ငံရေးမြင်ကွင်းဟာ ဆူပွက်ဖို့ ဖြည်းဖြည်းချင်း ချဉ်းကပ်နေတဲ့ သီးခြားပြဿနာရပ်တွေနဲ့အတူ  အများကြီး ပိုတည်ငြိမ်နေပါတယ်။ ဒါကြောင့် အစိတ်အပိုင်းအလိုက် ချဉ်းကပ် လုပ်ဆောင် မှုဟာ သင့်တော်မှု ရှိနေပါတယ်။

No comments:

Post a Comment