Wednesday, September 19, 2012

မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

DSUSA1ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ စက်တင်ဘာလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရုံးတွင် တွေ့ဆုံနေစဉ် (Photo AFP)
မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများ အဆုံးသတ်ရန် အမေရိကန်နိုင်ငံ ၀ါရှင်တန်သို့ ရောက်ရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရပါသည်။


ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၈ ရက်နေ့က ၀ါရှင်တန်ရှိ U.S. Institute of Peace တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံပြီးနောက် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်ဟု Chicago Tribune သတင်းစာတွင် ဖော်ပြခဲ့ပါသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ကိုယ်ကြမ္မာကိုယ် ဖန်းတီးခွင့်နှင့် တာဝန်ယူမှု ရှိရတော့မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖြစ်ထွန်းရေး အရှိန်အဟုန်ကို ထိမ်းသိန်းနိုင်ရန်အတွက် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု အပေါ် မှီခိုရန် မပြုလုပ်သင့်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း Chicago Tribune သတင်းစာ၌ ရေးသားခဲ့သည်။

"ကျွန်မအနေနဲ့ စီးပွားရေး ပိတ်ဆို့မှုကို မလိုအပ်ဘဲ ဖက်တွယ်ထား သင့်တယ်လို့ မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ ပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ် ဖန်တီးဖို့၊ ကိုယ့်တာဝန် ကိုယ်ယူကြရမှာပါ။ ပြင်ပ အကူအညီတွေကို အများကြီး မှီခိုနေဖို့ မလိုအပ်ပါဘူး"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု AFP သတင်း၌ ဖော်ပြခဲ့ပါသည်။

"နောက်ဆုံးမှာတော့ ကျွန်မတို့အနေနဲ့ ဒီမိုကရေစီကို ကိုယ့်ဖာသာကိုယ် တည်ဆောက်ကြရမှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ပြည်ထောင်စုသို့ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီသို့ မရောက်ရှိမီ နာရီပိုင်းအလိုတွင် မြန်မာသမ္မတ ဦးသိန်းစိန်သည် အကျဉ်းသား ၅၁၄ ဦးအား စက်တင်ဘာလ ၁၇ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုခဲ့သည်။ ထိုအထဲတွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား အချို့လည်း ပါဝင်ခဲ့သည်။

နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ခရီးစဉ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့တွင် Asia Society Global Vision Award ဆုကို လက်ခံ ရယူခဲ့ကာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန် ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ် ဆုပေးပွဲ သို့ တက်ရောက်ကာ ဆုလက်ခံရ ယူမည်ဖြစ်သည်။ အဆိုပါဆုသည် အမေရိကန် ကွန်ဂရက်လွှတ်တော် က အရပ်သားများသို့ ပေးအပ်သည့် အမြင့်ဆုံး ဆုတံဆိပ်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ဦးမင်းကိုနိုင် (၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင်)၊ ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)၊ ဦးကျော်သူ (ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း- ရန်ကုန်)၊ ဒေါက်တာစင်သီယာမောင် (မယ်တော်ဆေးခန်း)၊ ဦးအောင်ဒင် (ညွှန်ကြားရေးမှုး၊ U.S. Campaign for Burma) တို့အား ၀ါရှင်တန်ဒီစီ အခြေစိုက် National Endowment for Democracy (NED) မှ ချီးမြင့် မည့် ဆုပေးပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၀ါရှင်တန်ဒီစီတွင် ရှိနေစဉ်အတွင်း အမေရိကန်ပြည်ထောင်စု သမ္မတ ဘားရတ်အိုဘားမားနှင့် တွေ့ဆုံသွားရန် ရှိကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း အမေရိကန် သမ္မတ၏ အိမ်ဖြူတော်က အဆိုပါကိစ္စနှင့် ပတ်သက်၍ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

နှစ်ပေါင်း ၂၀ ကျော်အတွင်း အမေရိကန်ပြည်ထောင်စုသို့ ပထမ ဆုံးရောက်ရှိလာသည့် ခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်အတွက် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ် မြောက်လာပြီးနောက်ပိုင်း တတိယ အကြိမ်မြောက် ပြည်ပခရီးစဉ်ဖြစ်သည်။ ပထမဆုံးပြည်ပခရီးစဉ် အဖြစ် ထိုင်းနိုင်ငံသို့ မေလက သွားရောက်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ပြည်ပခရီးစဉ်အဖြစ် ဥရောပနိုင်ငံများ ဖြစ်သည့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင် ယာလန်၊ ဗြိတိန်၊ ပြင်သစ်နိုင်ငံများသို့ ဇွန်လက သွားရောက်ခဲ့သည်။
From -ElevenMediaGroup

No comments:

Post a Comment