Wednesday, September 19, 2012

ယဉ်ကြောပိတ်ဆို့စေသော အကြောင်းရင်းများ

လူသားတွေအနေနဲ့ မိမိတို့၏ ဘဝ နေထိုင်ရေး၊ အသက်ရှင် ရပ်တည်ရေး အတွက် ရုန်းကန် လှုပ်ရှား နေကြရတာ လောက ရဲ့ နိယာမ တစ်ခုပါ။ ဒီလို ရုန်းကန်မှု တွေထဲကမှ နိစ္စဓူဝ အဓိက ရင်ဆိုင် နေရတဲ့ အခန်း ကဏ္ဍ တစ်ခုက စားဝတ်နေရေး အတွက် ရုန်းကန် လှုပ်ရှားကြရင်း သွားကြလာကြတဲ့ အခါမှာ ခရီးလမ်းတစ်လျှောက် မလိုအပ်ဘဲ အချိန်ကုန် လူပင်ပန်းဖြစ်နေရတာပါပဲ။ အဓိကအချက် တစ်ချက်က ကားလမ်းများ ပြည့်ကျပ်ညပ်နေပြီး မီးပွိုင့်များတွင် အချိန်
ကြာမြင့်စွာစောင့်ဆိုင်း နေရတဲ့ဒုက္ခပါပဲ။ တစ်ခါတလေမှာ လုပ်ငန်း ကိစ္စတွေက အခက်အခဲ မရှိပါဘူး။
တစ်နည်းအားဖြင့် သက်သောင့်သက်သာ လုပ်ကိုင် နိုင်ကြပေမယ့် လုပ်ငန်းခွင် အရောက် သွားရတဲ့ ခရီးလမ်းမှာတော့ သက်သောင့်သက်သာ အနေအထား မရှိကြပါဘူး။ နာရီဝက်မျှ သွားရမည့် ခရီးလမ်း တစ်ခုကို တစ်နာရီလောက် ကြိုတင် အချိန်ယူပြီး ခက်ခက်ခဲခဲ ပင်ပန်းစွာ သွားကြ ရတယ်။ တစ်နာရီမျှ သွားရမည့် ခရီးလမ်း ဆိုရင်တော့ ဆိုဖွယ်ရာ မရှိပြီ။
အထူးသဖြင့် အများပြည်သူ အလုပ်သွား၊ အလုပ်ပြန်တဲ့ အချိန်တွေမှာ တစ်မျှော်တစ်ခေါ်ကြီး ဖြစ်နေတဲ့ ကားတန်းကြီးတွေ ကြားမှာ ကိုယ်ပိုင် နားချိန်တွေကို အသုံးချ နေကြရတယ်။ ကျပ်ညှပ် လှောင်ပိတ်နေတဲ့ ဘတ်စ်ကား တွေပေါ်မှာ ဘဝအမောတွေကို ဖြေလျှော့ နေကြရတယ်။ ဒီလို ခက်ခဲ ပင်ပန်းတာတွေ များလာတော့ ဘာလို့များ ကားလမ်း တွေပေါ်မှာ မီးပွိုင့်တွေတိုင်းမှာ ကားတွေ ဥဒဟို ပြည့်ကျပ် ညပ်နေသလဲ ဆိုတာကို လေ့လာ ကြည့်မိပါတယ်။ မီးပွိုင့် တော်တော်များများမှာ အချိန်ကုန်ခံပြီး စောင့်ဆိုင်း နေကြ ရတဲ့ အကြောင်းရင်းတွေထဲက ဖြစ်နိုင်မယ် ထင်တဲ့ အချက်အလက်များ ကို ရှာဖွေ ကြည့်တဲ့အခါမှာ ဖြစ်နိုင်ခြေရှိတဲ့ အချက်လေးချက် တွေ့ရပါတယ်။
(၁) လမ်းများ
(၂) လက်ရှိ မောင်းနှင်နေသော မော်တော်ယာဉ်များ
(၃) ယာဉ်မောင်းများ
(၄) မီးပွိုင့်များ
ဒီ အခြေအနေများ ထဲက ဖြစ်နိုင်ခြေရှိတဲ့ အချက် အနည်းငယ်ကို ထုတ်နုတ် ပြပါဦးမည်။

(၁) လမ်းများ


မော်တော်ယာဉ် မောင်းနှင်သော လမ်းများ၏ အခြေအနေကို ပြောရမည် ဆိုလျှင်တော့ များသောအားဖြင့် လမ်းအတော်များများ ပျက်စီး ယိုယွင်းနေတာကို ဦးစွာ တင်ပြရမှာ ဖြစ်ပါတယ်။ တချို့နေရာတွေမှာ အတော် ဆိုးဆိုးရွားရွားကို ပျက်စီးနေပြီး မြို့တွင်း တစ်နာရီမိုင် ၃၀ သတ်မှတ် ထားပေမယ့် တစ်နာရီ ၁၀ မိုင် သာသာလောက်သာ မောင်းနှင် နိုင်တဲ့ အခြေအနေကို တွေ့ရပါတယ်။ မိုးလေးများ တဖွဲဖွဲ ရွာလာပြီ ဆိုရင်တော့ လမ်းပေါ်မှာ ရေက တစ်တောင်လောက် ရောက်လာ ပါပြီ။ ရေပြန်မကျ သွားမချင်းတော့ ကားတွေ လမ်းပေါ်မှာ သောင်တင်ပြီး ဟိုလမ်းသွားလည်း ရေ၊ ဒီဘက်လမ်းက သွားလည်း လမ်းပေါ်က ရေနဲ့ မလွတ်ပါဘူး။ မိုးရွာလို့၊ ရေလျှံလို့ ကားတွေများတာ မထူးဆန်း ပေမယ့် ရေကျ သွားပြန်တော့ ယခင်မိုးမရွာခင်က ပျက်စီးနေပြီးသား လမ်းက မိုးနဲ့ရေ၏ တိုက်စားမှုနဲ့ ယခင်ထက်ပိုပြီး ပျက်စီးနေတာကို တွေ့ရပြီး မော်တော်ယာဉ် တွေအနေနဲ့ သတ်မှတ်မိုင်နှုန်း မောင်းနှင်နိုင်ဖို့ မလွယ်ကူပါဘူး။ ဆိုတော့ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့ နေတာ မဆန်းပါဘူးလို့သာ ဆိုလိုက်ချင် ပါတော့တယ်။ ခုတော့ နေရာ အတော်များများမှာ လမ်းများကို ပြင်ဆင် ဆောင်ရွက်နေကြတာကို တွေ့မြင်နေရ ပါတယ်။ အလွန် ဝမ်းမြောက်ဖွယ် ကောင်းလှပါတယ်။

(၂) လက်ရှိ မောင်းနှင်နေသော မော်တော်ယာဉ်များ


ပြောင်းလဲ တိုးတက်လာတဲ့ နိုင်ငံတော် တစ်ရပ်နဲ့ အညီ နည်းစနစ် အဟောင်း၊ အတွေးအခေါ် အဟောင်း၊ အပြုအမူ အဟောင်းတွေကို ခေတ်စနစ်နဲ့ အညီ လိုက်ပြီး ပြောင်းလဲ တိုးတက်လာရတာလည်း သဘာဝ ကျတဲ့ ပြောင်းလဲမှုများ ဖြစ်ပါတယ်။ ဒီထဲမှာမှ ကားဟောင်းများကို ကားသစ်နဲ့ အစားထိုး တင်သွင်းခွင့် ပေးထားတဲ့ လက်ရှိ နိုင်ငံတော် အစိုးရ၏ စေတနာ အပြောင်းအလဲ ကလည်း အသိအမှတ်ပြု လေးစားသမှု ပြုရမှာပါ။ သို့သော်လည်း အဟောင်းမှ အသစ်သို့ ပြောင်းလဲပေးရန် ကားများစွာပင် ကျန်ရှိ နေပါ သေးတယ်။
အထူးသဖြင့် အခြေခံ လူတန်းစားများနဲ့ လူလတ်တန်းစားများ နေ့စဉ် နေ့တိုင်း အားကိုးအားထားပြု နေကြရတဲ့ ခရီးသည် ပို့ဆောင်ရေး ဘတ်စ်ကားများနဲ့ ခရီးသည်တင် တက္ကစီယာဉ်များပဲဖြစ်ပါတယ်။
ကားဟောင်းတွေ အနေနဲ့ ခြောက်သွေ့ရာသီ ဥတုများတွင် မသိသာပေမယ့် မိုးရာသီများတွင် မိုးတစ်ဖြိုက် နှစ်ဖြိုက်လောက် ကျပြီဆိုလျှင် ကားတာယာများ၏ အားနည်းမှုကြောင့် လမ်းချော်မည် ကို စိုးရိမ်ရသည်က တစ်ကြောင်း၊ မိမိ၏ ကားဘရိတ်ကို စိတ်မချသည် က တစ်ဖုံ (တချို့ကားများ ဆိုပါလျှင် ဘရိတ် ၃ ချက်လောက် မြန်မြန် သွက်သွက် နင်းလိုက်မှ သာသာလေး မိပါတယ်)၊ ဝိုက်ဘာ မပါသည်က တစ်သွယ် (ပါသည့်တိုင် မော်တာကပျက်၊ ဝိုက်ဘာရွက်က မကောင်းမို့ ရှေ့မြင်ကွင်း တစ်လံလောက်ပင် ကောင်းကောင်း မမြင်ရတာ သေချာပါတယ်)၊ လောင်စာဆီကို ဂရုတစိုက် ထိန်းထိန်းသိမ်းသိမ်း မောင်းရသည် ဖြစ်တာမို့ မိုးရွာပြီဆို အဲကွန်းက မဖွင့်နိုင် (လောင်စာ ဆီပေါလည်း အဲကွန်းများ မကောင်းပါ) လို့ ကားထဲက လူငွေ့နဲ့ ကားလေကာမှန်မှာ ရေငွေ့များ ထုကြီးထည်ကြီး တည်ရှိနေလို့ ကောင်းကောင်း မမောင်းရဲ၊ နောက်ကြည့်မှန် က ရေငွေ့တွေ တစ်လှေကြီးနဲ့ နောက်ကိုလည်း မမြင်ရ၊ ကားမောင်းသော ဆရာကြီး များမှာ ကားမောင်းရတာ ကတစ်ဖက်၊ ကားလေကာမှန်ကို သတင်းစာ စက္ကူနှင့် တိုက်ရတာက တစ်ဖက်၊ ရှေ့တစ်လံလောက် လေး မြင်ရတာကို အတင်းပြူးပြဲ ကြည့်မောင်းရတာကတစ်ဖက်၊ နောက်ကို မမြင်ရလို့ မမြင်မစမ်း မှန်းပြီး ကျော်တက်၊ နောက်က တငြူစူစူ၊ နင်ပဲငဆ အပြောခံပြီး အလွန်ဗျာများစွာ မောင်းနေကြရတာ ဖြစ်ပါတယ်။
ဒီလို အခြေအနေနဲ့တော့ ဘယ်လိုမှ သတ်မှတ် မိုင်နှုန်းကို အပြည့် မမောင်းနိုင်ကြပါဘူး၊ လမ်းတွေပေါ် မှာ မော်တော်ယာဉ်များ အဆင်ပြေပြေ ချောချောမွေ့မွေ့ မသွားလာနိုင်ကြပါဘူး။ ဆိုတော့ ခင်ဗျာ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းပါဘူးလို့ သာ ဆိုလိုက်ချင် ပါတော့တယ်။
နောက်တစ်ချက်က မော်တော်ကားလမ်းမတွေ ပေါ်မှာ ကျကျနန ရပ်ထားကြတဲ့ ဘေးတစ်ဖက်တစ်ချက်က ကားတွေကလည်း လမ်းပိတ်ဆို့မှုမှာ တစ်စိတ်တစ်ပိုင်း ပါဝင် ပတ်သက်နေကြပါတယ်။ ဖြူနီကျား မဟုတ်လို့ ရပ်လို့ ရတယ်ဆိုပေမယ့် အဓိက လမ်းမကြီးတွေ ပေါ်မှာ တစ်နေကုန် ရပ်ထားကြတဲ့ အတွက် လမ်းပေါ်မှာ ပြေးလွှား မောင်းနှင်နေတဲ့ မော်တော်ယာဉ်များ၏ မောင်းနှင်ခွင့် ရရှိထားသော ယာဉ်လမ်းကြောတစ်လမ်းကို အပြီးအပိုင် သိမ်းပိုက် ထားတာပါပဲ ခင်ဗျာ။ အချိန်ကြာမြင့်စွာ ရပ်ထားတဲ့ ယင်းကားများကြောင့် ခဏ တစ်ဖြုတ် ရပ်တန့်လိုသော မော်တော်ယာဉ်တွေ အနေနဲ့ ရပ်ဖို့ နေရာမရှိ တော့ ယာဉ်နှစ်ထပ်တွေ ရပ်ကြရပြန်ပါတယ်။ ယာဉ်နှစ်ထပ် ရပ်လိုက် ရတော့ လမ်းပေါ် ပြေးလွှားနေတဲ့ မော်တော်ယာဉ်တွေ အနေနဲ့ မောင်းခွင့်ရထားတဲ့ ယာဉ်လမ်းကြော နှစ်လမ်း ဆုံးရှုံး သွားပါတော့တယ်။
ဒီနေရာမှာ တစ်ခုလောက်တော့ ထပ်ပြီး တင်ပြချင်ပါတယ်။ ပလက်ဖောင်းတွေ ပေါ်မှာ ရေးဆွဲထားတဲ့ ဖြူနီကျား တွေအားလုံး လတ်တလော အခြေအနေမှာ ပလက်ဖောင်း တော်တော်များများမှာ မရှိတော့တာကို လေ့လာ တွေ့ရှိရပါတယ်။ ဒီလိုဆိုတော့ စည်းကမ်းနဲ့ အညီ ရပ်ချင်တဲ့ ကားတွေမှာ ဖြူမှန်းမသိ၊ နီမှန်းမသိ၊ ဖြူနီကျားမှန်း မသိဖြစ်နေတော့ ဘာအရောင်မှ ရေးခြယ် မထားရင် ရပ်လို့ရတယ်ဟု ယူဆရင်း ခပ်တည်တည် ရပ်ကြရင်းမှ ယာဉ်ပြေးလမ်း ပိတ်ဆို့ကုန် တော့တာပါပဲ။ ဆိုတော့ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းပါဘူးခင်ဗျာ။

(၃) ယာဉ်မောင်းသူများ


ခရီးသည်တင် မော်တော်ယာဉ်မောင်းကြီးများ အချိန်နဲ့ တစ်ပြေးညီ ရှာဖွေနေရတာက တစ်ကြောင်း၊ အုံနာခ ရအောင်၊ မိသားစု စားဝတ်နေရေး အတွက် ကျန်အောင် အားကြိုးမာန်တက် လှုပ်ရှားနေရ တာက တစ်ကြောင်း၊ သူ့ထက်ငါ အကျော် မခံရအောင် အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်နဲ့ အပြိုင်အဆိုင် မောင်းနေရတာက တစ်ကြောင်းနဲ့ နောက်ကား လည်းမကျော်နိုင်အောင်၊ ခရီးသည်လည်း တင်နိုင်ချ နိုင်အောင်၊ ရှေ့မှ မိမိထက် ဦးစွာ မှတ်တိုင်ရောက်ပြီးသား ကားရဲ့ ပိတ်ဆို့ထားခြင်းက အလွယ်တကူ ထွက်နိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ များသော အားဖြင့် မှတ်တိုင်တိုင်းမှာ လမ်းအလယ်တည့်တည့် ကားရပ်ပြီး လူအတင်အချ လုပ်နေကြတော့ နောက်က တန်းစီလိုက်လာတဲ့ ကားတွေ ကို ရှေ့က ပိတ်ဆို့ ထားလိုက် မိတာပေါ့။ တချို့ဘတ်စ်ကား ကြီးများဆို လမ်းဆုံလမ်းခွ မီးပွိုင့်အနီးက ကြက်လျှာစွန်းမှာ လူအတင်အချလုပ်၊ ခရီးသည် စောင့်ဆိုင်းနေကြ တာကို အံ့ဘနန်းတွေ့ကြရသေးတယ်။ တချို့သော ယာဉ်မောင်း သူများကတော့ မီးပွိုင့်ဧရိယာ ရောက်မှ ခရီးသည် အတင်အချလုပ် တတ်ကြပါတယ်။ ဘေးတစ်ဖက် တစ်ချက် မှာကလည်း လမ်းဘေး ဈေးသည်များက ယာဉ်လမ်းကြော တစ်လမ်းကို စိမ်ပြေနပြေ ဈေးထိုင် ရောင်းနေ ကြလေတော့ မီးပွိုင့်ဧရိယာထဲ လူတင်ချတဲ့ ဘတ်စ်ကားနဲ့ မီးပွိုင့် ဧရိယာထဲ ဈေးထိုင်ရောင်း နေကြတဲ့ ဈေးသည်များက မော်တော်ယာဉ် လမ်းကြော တစ်လမ်းစီ အပိုင်စီး ထားပြန်လေတော့ နောက်က တန်းစီပါ လာကြသော မော်တော်ယာဉ်တွေနဲ့ မီးပွိုင့် ဧရိယာထဲမှာ အုတ်အော် သောင်းတင်းပါပဲဗျာ။ တစ်စီးတည်းဆို အကြောင်း မဟုတ်ပေမယ့် လူတိုင်း ဒီလိုစနစ်ကို ကျင့်သုံးလာကြတော့ဗျာ ကားတွေလမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းပါဘူး။
နောက်အကြောင်းအရင်း တစ်ခုက လမ်းမများပေါ်မှာ ယာဉ်မောင်း သူများအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာမှု အားနည်းခြင်းကလည်း လမ်းပိတ်ဆို့မှုများ၏ အကြောင်း အချက် တစ်ခုပါ။ ဖြတ်မျဉ်း မရှိသော နေရာမှာ စည်းကမ်းဖောက်ပြီး (ဂ) ကွေ့ဖို့အတွက် စောင့်ဆိုင်းနေတော့ နောက်ကလာတဲ့ ယာဉ်တွေ အတွက် ပြေးလမ်းပိတ်တာတွေ၊ မီးပွိုင့်မှာ ကိုယ်သွားရမယ့် ယာဉ်ကြော မဟုတ်တဲ့ တစ်ဖက်ယာဉ်ကြောကနေ တစ်ရှိန်ထိုးဝင်လာပြီး မီးပွိုင့်နီး လာမှ ကိုယ်သွားရမယ့်ယာဉ်ကြောကို ပြန်ပြောင်းဖို့ တစ်ဖက် ယာဉ်ကြောပေါ် ထိုင်စောင့်နေတော့ အခြားသူတွေအနေနဲ့ သူတို့ ယာဉ်ကြောပိတ်နေ တော့တာပေါ့။ ကိုယ့်ယာဉ်ကြောပေါ်မှာ ထိုင်စောင့် နေတဲ့ အဲဒီစည်းကမ်းဖောက်ယာဉ်ကို မီးပွိုင့်မှာ မီးစိမ်းနေတာတောင်မှ မတတ်နိုင်၊ လက်မှိုင်ချလို့ စောင့်နေရတာတွေ၊ မစောင့်နိုင်တော့ အခြား တစ်ဖက်က အခြားယာဉ်ကြောပေါ် ပြောင်းဖို့ မျဉ်းသေကြီး မြင်တာတောင် ကားခေါင်းကို တစ်ဖက်ယာဉ်ကြောပေါ်ထိုးထည့်လိုက်တော့ အခြား လမ်းက ယာဉ်မောင်းက ရပ်ပေးရပြန်ရော။ ဒီတော့ ကိုယ့်ကြောင့် အခြား ယာဉ်မောင်းများ လွတ်လွတ်ကင်းကင်း မောင်းရမယ့်ပြေးလမ်းနှစ်လမ်း ပိတ်သွားမှတော့ ဒီလိုယာဉ်မောင်းများဖြင့် ကားလမ်းတွေကို ဧရာမကြီး တွေချဲ့၊ တံတားကြီးတွေ မိုးပျံနေအောင်ထိုးလည်း ကားတွေလမ်းပေါ် ပြည့်ကျပ်နေမှာပါပဲ။ နောက်ထပ်တင်ပြချင်တာက ကားလမ်းတွေပေါ်မှာ ရေးသား ထားတဲ့ မော်တော်ယာဉ်လမ်းညွှန်မျဉ်းတွေ၊ မျဉ်းသေ၊ မျဉ်းဖြတ်၊ (ဂ) ကွေ့မျဉ်းတွေ စတဲ့ လမ်းညွှန်မျဉ်းတွေဟာ စည်းကမ်းရှိစွာ မောင်းနှင်လိုတဲ့ ယာဉ်မောင်းသူများအတွက် အမှတ်အသားများဖြစ် ပါတယ်။ သို့သော် ယင်းလမ်းညွှန်မျဉ်းများဟာလည်း များသော အားဖြင့် တချို့သောနေရာတွေမှာ ပျက်နေခြင်း၊ အရောင်ကောင်းစွာ မရှိတော့ခြင်း၊ မှိန်ဖျော့နေခြင်းများ ရှိနေလေတော့ စည်းကမ်းရှိစွာ မောင်းနှင်လိုသူများလည်း အများမိုးခါးရေသောက်သလို လိုက်သောက် ကြရတော့တာပါပဲ။ ဒီလို ဆိုတော့ဗျာ ကားတွေ လမ်းပေါ် ပြည့်ကျပ်ပြီး ပိတ်ဆို့နေတာ မဆန်းလောက်ပါဘူး။

(၄) မီးပွိုင့်များ


တချို့မီးပွိုင့်များအနီး ကားမှတ်တိုင်များ အလွန်နီးကပ်စွာရှိနေ ခြင်းကလည်း ယာဉ်ကြောပိတ်ဆို့စေတဲ့အကြောင်းရင်းတစ်ရပ်လို့ ယုံကြည်ပါတယ်။ အမှန်တကယ် မှတ်တိုင် သတ်မှတ်ချက်များသည် မီးပွိုင့်ဧရိယာနှင့် ဝေးကွာစွာ ထားရှိထားသော်လည်း ယာဉ်မောင်းတွေ ကလည်း သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ ခရီးသည်က မရှိလို့၊ ခရီးသည် ကလည်း ယာဉ်မောင်းတွေ သတ်မှတ်ထားတဲ့ မှတ်တိုင်မှာ မရပ်လို့ စသည်ဖြင့် သူ့ကြောင့် ကိုယ့်ကြောင့်၊ ကိုယ့်ကြောင့် သူ့ကြောင့်နဲ့ပဲ ရပ်တဲ့နေရာ လိုက်စီး၊ စီးတဲ့နေရာ လိုက်ရပ် ရတော့မှတ်တိုင်များဟာ သတ်မှတ်ထားသော နေရာမှ ကင်းလွတ်ပြီး မသတ်မှတ်ထားသော မီးပွိုင့်တွေအနီး ရောက်ကုန်ကြ တော့တာပါပဲ။ ဒါလည်းအကြောင်းရင်း တစ်ရပ်ပါ။
တချို့တချို့သော မီးပွိုင့်တွေ ကျပြန်တော့လည်း မီးနီနေတဲ့ ယာဉ်ကြောမှာ ကားများက ဥဒဟို ကျပ်နေပြီး မီးစိမ်းနေတဲ့ ယာဉ်ကြောမှာ ကားဖြတ်သန်းမှု အနည်းငယ်သာရှိပါတယ် (တစ်ခါတလေ ရှိကိုမရှိပါဘူး)။ ဒါပေမဲ့ သတ်မှတ်ထားတဲ့ မီးပွိုင့်ရဲ့စက္ကန့်၊ မိနစ်တွေ မကုန်မချင်း စိမ်းနေ တာကို တွေ့ရပြန်ပါတယ်။ ဒီလိုဆိုတော့ မီးနီဘက် ယာဉ်ကြောက ကားပေါင်းများစွာက မလိုအပ်ဘဲ ငုတ်တုတ် ထိုင်စောင့်နေရပြန်တာပါပဲ။
တချို့ရှုပ်ထွေးသော လမ်းဆုံချက် ကျရာ နေရာများမှာ ကျတော့ လည်း မီးပွိုင့်များ မရှိသလို မော်တော်ယာဉ်များကို စည်းကမ်း ကျနစွာ ထိန်းကျောင်း ညွှန်ကြားနေတဲ့ ဝန်ထမ်းများကိုလည်း ရှိတဲ့ ဝန်ထမ်းနဲ့ မလုံလောက်လို့ ထင်ပါတယ် သိပ်မတွေ့ကြရပါဘူး။ စာကလည်းအတော်ရှည်သွားပြီဆိုတော့ နောက်ဆုံးတင်ပြချင် တာက မော်တော်ယာဉ်များ ကားလမ်းတွေပေါ်မှာ ကျပ်လာရခြင်းက ကင်းဝေးအောင် ကိုယ်စီကိုယ်ငှ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းများ ထိန်းသိမ်း လိုက်နာကြပြီး ကိုယ်ချင်းစာတရားများထားရှိကြကာ မိမိ၏တာဝန်များကို ကိုယ်စီကျေပွန်စွာထမ်းဆောင်ကြမည်ဆိုပါလျှင် နောင်အနာဂတ်မှာ ခေတ်မီတိုးတက်လာသော ဒီမိုကရေစီ နိုင်ငံတော် သစ်နှင့်အညီ သာယာလှပသော၊ စည်းကမ်း ပြည့်ဝသော နိုင်ငံတော် တစ်ခုဖြစ်လာမှာ မလွဲ ဧကန်ဖြစ်ပါတယ်။
From-Thevoiceweekly

No comments:

Post a Comment