Tuesday, September 11, 2012

တိုင်းရင်းသားအဖွဲ့များ ဇင်းမယ်မှာ ၃ ရက် ညီလာခံလုပ်မယ်


KKO အဖွဲ့ ဥက္ကဋ္ဌ မန်းရောဘတ်ဇန် (ကျွဲချိုလွယ်ထားသူ)၊ အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင် တို့ကို သူတို့ရဲ့ စစ်ရေးအဖွဲ့ ဖြစ်တဲ့ ကလို့ထူးဘော DKBA အရာရှိ ၂ဦးနဲ့ အမှတ်တရ ရိုက်ကူးထားပုံပါ။ ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူးတို့က လာမယ့် သောကြာနေ့ ညီလာခံကို တက်ရောက်ကြမှာပါ။ (ဓာတ်ပုံ - ဧရာဝတီ)
ပြည်တွင်းပြည်ပမှာရှိတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍတွေကို တွေ့ဆုံ ဆွေးနွေးနိုင်မယ့် တိုင်းရင်းသားလူမျိုးများ ညီလာခံတရပ်ကို ဒီလ ၁၄ ရက်ကနေ ၁၆ ရက်နေ့အထိ ထိုင်းနိုင်ငံ ဇင်းမယ်မြို့(ချင်းမိုင်မြို့)မှာ ကျင်းပမှာဖြစ်ပါတယ်။
ကိုယ်စားလှယ် ၁၀၀ နီးပါး တက်ရောက်ကြမယ်လို့ ဆိုပါတယ်။

ဒီညီလာခံရဲ့ထူးခြားချက်က မြန်မာအစိုးရ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ရဲ့ ဒုဥက္ကဋ္ဌ ၀န်ကြီး ဦးအောင်မင်း မကြာခင်က ပြောဆိုခဲ့တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက် ပင်လုံ ညီလာခံထက် ကြီးမယ့် ညီလာခံတရပ် မကြာခင်မှာ ကျင်းပပေးဖို့ရှိတယ် ဆိုတဲ့ အစိုးရရဲ့ အစီအစဉ် မတိုင်မီမှာ ပြည်တွင်းပြည်ပမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေက လက်ဦးမှုယူပြီး ကျင်းပမယ့် အချက်ပါပဲ။

နိုင်ငံရေး လေ့လာသူအချို့ရဲ့ အဆိုအရ ပြည်ပမှာရှိတဲ့ အတိုက်အခံ အင်အားစုတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ လုပ်ငန်းစဉ် မဟာဗျုဟာ ချမှတ်မှုတွေဟာ မြန်မာအစိုးရ အဆက်ဆက်နဲ့ ယှဉ်လိုက်ရင် အမြဲတမ်း နောက်ကောက်ကျခဲ့ပေမဲ့ ဒီတခါတော့ သာသွားပြီ လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

ဒါတောင်မှ ဒီညီလာခံဖြစ်မြောက်ရေး တိုင်းရင်းသားခေါင်းဆောင်တဦး ပြောတာက ဒီညီလာခံဟာ မြန်မာအစိုးရဘက်က မကြာခင်မှာပြုလုပ်မဲ့ ပင်လုံထက်ကြီးတဲ့ညီလာခံကို ဆန့်ကျင်တာ မဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ အဆင့်တခုလို့သာ ထိန်းထိန်းသိမ်းသိမ်းနဲ့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ညီလာခံကို အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အပစ်မရပ်ရသေးတဲ့အဖွဲ့တွေ၊ ပြည်နယ် ၇ ခု ကို ကိုယ်စားပြုမယ့် Civil Society အဖွဲ့ဝင်တွေ တက်ရောက်ကြမှာဖြစ်ပြီး အချိုးကျစနစ်အရ
ကချင်ပြည်နယ်( ၄) ဦး၊
ကရင်ပြည်နယ်( ၇) ဦး၊
ကရင်နီပြည်နယ်( ၄) ဦး၊
ချင်းပြည်နယ်( ၄) ဦး၊
မွန်ပြည်နယ်( ၄) ဦး၊
ရခိုင်ပြည်နယ်( ၄) ဦးနဲ့
ရှမ်းပြည်နယ်က( ၉) ဦး တက်ရောက်ကြမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့
Arakan Liberation Party ( ALP)
Chin National Front( CNF)
Kachin Independence Organization( KIO)
Karen National Union( KNU)
Shan State Progress Party( SSPP)
Restortion Council of Shan State( RCSS)
Karenni National Progress Party( KNPP)
NewMonStateParty( NMSP) အဖွဲ့တွေက ကိုယ်စားလှယ်တွေ အချိုးကျ တက်ရောက်ခွင့်ရကြမှာပါ။

ကျောင်းသားလူငယ်နဲ့ အမျိုးသမီးအဖွဲ့တွေ အပါအအ၀င် လက်နက်မကိုင်ကြတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာက တိုင်းရင်းသား အဖွဲ့တွေလည်း တက်ရောက်ကြမှာ ဖြစ်တဲ့အကြောင်းကို ညီလာခံ ဖြစ်မြောက်ရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီပွဲတက်ရောက်ဘို့ ဖိတ်ကြားခံရတဲ့အထဲမှာ ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်တဲ့ ကလို့ထူးဘော DKBA အဖွဲ့လည်း အပါအ၀င်ဖြစ်ပါတယ်၊ အဖွဲ့ရဲ့ထောက်လှမ်းရေးမှူးဖြစ်တဲ့ ဗိုလ်မှူးဆန်းအောင်ကတော့ “ဒီကိစ္စကို ကြားတော့ကြားတယ်။ ကျွန်တော်က ခရီးဝေးကိုရောက်နေတော့ ဂဃနဏ မသိသေးဘူး” လို့ ဆိုပါတယ်။

ကလို့ထူးဘော DKBA အဖွဲ့ဟာ မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့အဖွဲ့ ဖြစ်ပြီး အခုလုပ်မယ့် ညီလာခံ တက်ရောက်ရေးနဲ့ ပတ်သက်ပြီး ၀ိဝါဒတွေ ကွဲပြားနေကြတယ်လို့ အချို့က ပြောဆိုနေကြတာပါ။ ဒါပေမဲ့ အဖွဲ့က တာဝန်ရှိသူတဦးပြောတာကတော့ “ကျနော်တို့ အဖွဲ့ကို သူတို့ ဖိတ်ထားတယ်။ ဒီညီလာခံကို အဖွဲ့ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်တဲ့ ကလို့ထူးဘောကရင်အစည်းအရုံး KKO က ဥက္ကဌနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်တို့ ဦးဆောင် တက်ရောက်မယ်လို့ သိရတယ်” ဆိုပြီး ဧရာဝတီသတင်း ဌာနကို ပြောပါတယ်။

KKO ဥက္ကဌက မန်းရောဘတ်ဇန်ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ စောဂုဏ်အောင် ပါ။ ကလို့ထူးဘော DKBA အဖွဲ့မှာ စစ်ဖက်နဲ့ နိုင်ငံရေးအဖွဲ့ကို ထားရှိပြီး စစ်ဦးစီးချုပ်ကတော့ ဗိုလ်ချုပ်စေလားပွယ် ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နိုင်ဟံသာက ညီလာခံကျင်းပရေးဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်မှာပါ။

ညီလာခံ ၃ ရက်တာ အတွင်းမှာ “တိုင်းရင်းသားလူမျိုးပေါင်းစုံ လိုလားသော စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုစနစ်၏ လမ်းညွန်အခြေခံမူများ” စာတမ်းကို အဓိက ဆွေးနွေးပြီး အတည်ပြုသွားမယ်။ အဲဒီစာ တမ်းကို မကြာခင်မှာ မြန်မာအစိုးရပြုလုပ်မယ့် ပင်လုံထက်ကြီးမယ့် ညီလာခံမှာ တိုင်းရင်းသားတွေဘက်က ဆွေးနွေး တင်ပြသွားနိုင်ဖို့အတွက်ဖြစ်တယ် လို့ ညီလာခံကျင်းပရေး ကော်မတီ အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီညီလာခံကို တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ Working Group for Ethnic Co-ordinating (WGEC) က မကထပြုမှာပါ။

(WGEC) အဖွဲ့ရဲ့ ညီလာခံဦးတည်ချက်ကတော့ မိမိတို့ လိုလားသော ဒီမိုကရေစီရေးနှင့် အမျိုးသား တန်းတူရေး ကို အာမခံချက်ပေးနိုင်မည့် ပြည်ထောင်စုကြီး ပြန်လည် တည်ဆောက်ရေးအတွက် နည်းလမ်းရှာဖွေရန် ကနဦးအဆင့်အဖြစ် “တိုင်းရင်းသားလူမျိုးများညီလာခံ” ကို ခေါ်ယူကျင်းပရခြင်းဖြစ် တယ်လို့ ဆိုပါတယ်။
From-ဧရာဝတီ

No comments:

Post a Comment