Tuesday, September 18, 2012

နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၃      ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည် မဟုတ်ကြောင်း ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

GSP ကင်းလွတ်ခွင့် ရရှိသော်လည်း လုပ်သားအင်အား တစ်သိန်းခန့်ကို အ
လုပ်အကိုင် အခွင့်အလမ်းပေး ထားနိုင်သော အထည်ချုပ် လုပ်ငန်းအတွက်အကျိုးမထူးကြောင်း၊ ယင်းနိုင်ငံတွင် အထည်ချုပ် လုပ်ငန်းရှင်များ အတွက် ဈေးကွက် မရှိသောကြောင့် အလုပ်အကိုင် အခွင့်အလမ်းများ လည်း ရရှိမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းဥက္ကဌ ဦးစိုးမြင့်က သုံးသပ်သည်။

နော်ဝေ အခွန် ကင်းလွတ်ခွင့် နည်းတူ ဥရောပ နိုင်ငံများ၏ ပို့ကုန် အခွန် ကင်းလွတ်ခွင့်ကို ပိုမို မျှော်လင့်ကြောင်း၊ ယခုအခါ ဥရောပသို့ တင်ပို့ခွင့် အနည်းငယ် ရှိသော်လည်း ၇ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်း အထိ အခွန်ဆောင် နေရသောကြောင့် ဥရောပ၏ အခွန် ကင်းလွတ်ခွင့် ရရှိပါက ထုတ်လုပ်မှု စရိတ် လျော့ကျကာ လုပ်ငန်းရှင်နှင့် အလုပ်သမားပါ အကျိုးရှိမည် ဖြစ်ကြောင်း လက်ဝါး အထည်ချုပ် လုပ်ငန်း ပိုင်ရှင် ဦးခင်မောင်အေးက ဆိုသည်။

"နော်ဝေက လူဦးရေလည်း နည်းတယ်။ ဝေးလည်း ဝေးတယ်။ ဈေးကွက်လည်း မရှိဘူး။ဒါကြောင့် GSP ရလည်း မထူးဘူး" ဟု ၄င်းက ဆိုသည်။

ရေငန်ငါးများ ထုတ်လုပ်နေသည့် နော်ဝေ၏ GSP အခွန် ကင်းလွတ်ခွင့်သည် မြန်မာ့ ရေထွက်ကုန် ပစ္စည်း တင်ပို့ ရောင်းချသူများအတွက်မူ မထူးခြားကြောင်း၊ ရေထွက် ပစ္စည်းများကို နော်ဝေ မှတဆင့် EU နိုင်ငံများ သို့ တင်ပို့ခွင့် ရမည် ဆိုပါက အဆင်ပြေမည် ဖြစ်ကြောင်း၊ EU နိုင်ငံများ ဖြစ်သည့် အီတလီ၊ ဂျာမနီ၊ ပြင်သစ်၊ စပိန် တို့ကို လက်ရှိ တင်ပို့လျက် ရှိသော်လည်း အနည်းငယ်သာ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ ဦးတင်လှက ပြောကြားသည်။

မြန်မာနိုင်ငံတွင် EU အသိအမှတ်ပြု စက်ရုံ ၁၃ ရုံသာ ရှိသော်လည်း ပြည်တွင်း လုပ်ငန်းရှင်များက EU အသိအမှတ်ပြု လက်မှတ် ရရန် ကြိုးစားလျက် ရှိပြီး ဥရောပ နိုင်ငံများသို့ တင်ပို့ခွင့် ရရန်သာ မျှော်လင့်လျက် ရှိကြောင်း ၄င်းကဆိုသည်။

ယခုကဲ့သို့ နော်ဝေနိုင်ငံက မြန်မာနိုင်ငံကို အခွန် ကင်းလွတ်ခွင့် Generalized Systemof Preferences (GSP) ပေးအပ်ရခြင်းသည် နော်ဝေ နိုင်ငံအတွင်း မြန်မာ့ထုတ်ကုန်များ ဈေးကွက် ချဲ့ထွင်ရန်နှင့် အမျိုးသမီးများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ဖန်တီးနိုင်ရန်ဖြစ်ကြောင်း ဘန်ကောက် အခြေစိုက် နော်ဝေနိုင်ငံ သံရုံးမှ စစ်သံမှူး Mr. ErikSVEDAHL က ပြောကြား ခဲ့သည်ဟု စီးပွားကူးသန်း ဝန်ကြီး ဌာန၏ Website တွင် ဖော်ပြပါရှိသည်။

မြန်မာလုပ်ငန်းရှင် အများစုသည် နော်ဝေနိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် ထက်ကျန် EU ၃၅နိုင်ငံ၏ အခွန် ကင်းလွတ်ခွင့်ကို ရရှိလိုကြပြီး အီတလီ၊ ဂျာမနီ၊ ပြင်သစ် နိုင်ငံတို့သို့ ကုန်ပစ္စည်းများ တင်ပို့ ရန် မျော်လင့်လျက် ရှိကြောင်း ပြည်တွင်း လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။

ဖွံဖြိုးပြီး နိုင်ငံများက ဖွံဖြိုးဆဲ နိုင်ငံများသို့ တစ်ဖက်သက် အခွန်ကင်းလွတ်ခွင့် ပြုသည့် GSP စနစ်ကို ကမ္ဘာတွင် ၃၇ နိုင်ငံ ကျင့်သုံးပြီး ဥရောပ ၃၆ နိုင်ငံနှင့် အာရှမှ ဂျပန်နိုင်ငံတို့ဖြစ်သည်။
From -TheVoiceWeekly

No comments:

Post a Comment