Tuesday, September 4, 2012

လယ်မြေများ ရေလွှမ်းခံရသော်လည်း ဆန်ဈေးနှုန်းမတက်

သြဂုတ်လအတွင်းက မြစ်ရေကြီးခြင်းကြောင့် လယ်ယာမြေ များ ရေလွှမ်း ခံရပြီး လယ်မြေများ ပျက်စီးသော်လည်း ဆန်စပါးဈေးနှုန်း မတက်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်း တာဝန်ရှိသူက အာမခံ ပြောကြားလိုက်သည်။
“ဆန်ဈေးနှုန်း မတက်အောင်လို့ အရန်ဆန်အိတ် ၁၀,၀၀၀ စတင်ပြီးတော့ ရောင်းချတယ်။ မနေ့က အိတ် ၂,၆၀၀ ရောင်းရ တယ်။ ဒီလို ရောင်းချလို့မှ ဆန်ဈေးနှုန်းက တက်မယ်ဆိုရင် ကျနော်တို့ တိုးပြီးရောင်းချပေးသွားမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်း အဖွဲ့ဝင် ဦးခင်မောင်ချိုက ပြောသည်။ ယခုကဲ့ သို့ ဆန်ရောင်းချပေး မှုကြောင့် ဆန်ဈေးနှုန်းတည်ငြိမ်မှုနှင့် တက်သွားသည့် ဈေးနှုန်းများ ပြန်လည် ကျဆင်းစေရန် ရည်ရွယ်ကြောင်း ယင်းကဆိုသည်။
ရှစ်နှစ်အတွင်း အဆိုးရွားဆုံးဖြစ်သော ရေကြီးမှုကြောင့် ဧရာဝတီတိုင်းတခုတည်းတွင်ပင် လယ်မြေဧက ၂၇၀,၀၀၀ကျော်၊ ပဲခူတိုင်းတွင် ၁၇၀,၀၀၀ တို့ရေလွှမ်းခံရပြီး စုစုပေါင်းလယ်မြေဧက ၆၀၀,၀၀၀ ကျော် ပျက်စီးခဲ့သည်ဟု ဆန်စပါး အသင်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သြဂုတ်လ နောက်ဆုံးပတ်အတွင် ဆန်ကြမ်း (ရွှေသွယ်ဟောင်း ) ၁၈,၀၀၀ ကျပ်မှ ၁၉,၅၀၀ ကျပ် တစ်အိတ်လျှင် (ဧည့်မထ ) ၁၅,၀၀၀ ကျပ် မှ ၁၆,၅၀၀ သို့ တက်သွားကြောင်း ပုသိမ်မြို့ရှိ လပြည့် ဆန်ရောင်းဝယ်ရေးဆိုင်မှ ကိုနန္ဒက ပြောသည်။ယခုကဲ့ သို့ဆန်တစ်အိတ်လျှင် ၁,၅၀၀ ကျပ်ခန့် တက်သွားသော်လည်းယခုအချိန်အထိ အဆိုပါ ဈေးနှုန်းတွင် တန့်နေဆဲ ဖြစ်သည်။
“ဆန်ဈေးနှုန်းက သိသိသာသာတော့ မပြောင်းပါဘူး။ တစ်အိတ်ကို ၁,၅၀၀ ဝန်းကျင်လောက်ပဲ တက်တာ ပြီးခဲ့တဲ့ အပတ် တည်းကပါ။ သိသာတဲ့ ပြောင်းလဲမှုလို့တော့ ပြောလို့မရဘူး” ဟု ကိုနန္ဒက ပြောသည်။
ဧရာဝတီတိုင်းသာမက ပဲခူးတိုင်း၊ ရန်ကုန်တိုင်းတို့လည်း ဆိုးရွားသော ရေကြီးမှုဖြစ်ပေါ်ခဲ့သော်လည်း ဧရာဝတီမှအပါ ကျန်ဒေသများအတွက် ပျက်စီးဆုံရှုံးမှုကို မသိရသေးပေ။ရေလွှမ်းခံရသည့် ဒေသများတွင် ယခုအခါ ရေပြန်ကျသွား သည့် အတွက် စိုက်ပျိုးတောင်သူများ အနေဖြင့်လည်းပြန်လည်စိုက်ပျိုးမှုများ ဆောင်ရွက်နေကြောင်း ကိုနန္ဒက ပြောသည်။

No comments:

Post a Comment