Friday, September 5, 2014

ဒီလူ . . ဒီကား . . ဒီလမ်းများနှင့် ရှေ့မရောက်နိုင်သေးသည့် ရန်ကုန်

နိစ္စဓူဝ မြင်ကွင်း(၁)
ခေါက်ရိုးကျအောင် မီးပူတိုက် လာသော စတစ်ကော်လံအင်္ကျီဖြူ လည်း ကြေမွပိတ်လှောင်နေသည့် လူငွေ့များကြောင့် ချွေးများလည်း စိုလျက်။ လက်ပတ်နာရီကို ဘယ် နှကြိမ်မြောက် မှန်းမသိ ငုံ့ကြည့် ရင်း ကိုကျော်လတ် စိတ်တွင်းမှ ကျိန်ဆဲနေမိသည်ကအခါခါ။ ဒီ နေ့လည်း အလုပ်နောက်ကျဦးတော့ မည်။ နေ့စဉ် အလုပ်အသွား ဘတ်စ်ကားစီးရတိုင်း သူ့ကိုယ်မှာ ပြုတ်စော်နံနေရစမြဲ။ အင်းစိန်ပန်း ခြံမှတ်တိုင်မှာက နာရီဝက်နီးပါး။
အခုလည်း လှည်းတန်းမှတ်တိုင် သည် ကားစက်သတ်၍ စိတ်ဒုံး ဒုံးချ ရပ်ထားလိုသောကားတန်းရှည် ကြီးကြား ထုံးစံအတိုင်း အချိန်များ ကို အမှည့်ခြွေခြွေနေပြီဖြစ်သည်။တကယ်တော့ နံနက်ခင်းဟူ သည်နေ့ တစ်နေ့၏အစ လုပ်ငန်း ခွင်သို့ ပျော်ရွှင်တက်ကြွစွာ သွား ရမည့်အစား စိတ်ညစ်ညူးမှုဖြင့်၊ ပင်ပန်းနွမ်းနယ်မှုဖြင့်၊ ဒေါသဖြင့် စတင်နေရခြင်းက မင်္ဂလာမရှိ ခဲ့သော်လည်း ဝီရိယစိုက် မနက် ၇ နာရီကတည်းကမှတ်တိုင်တွင် နေရာအတင်းလုကာ ဝီရိယစိုက်ခဲ့ သော်လည်း အလုပ်ကို ရောက်သည် က အစောဆုံး ကိုးခွဲ။ ကားလမ်းတွေ ပိတ်နေလို့ပါဟူသော စကားသည် အမှန်တရား ဖြစ်သော်လည်း အမြဲ လိုဖြစ်နေ၍ အခုတော့ သူ့လက်ထဲ သတိပေးစာ လည်းရောက်နေပြီ။ ”မတတ်နိုင်ဘူးဗျာ။ Time Card မှာ သုံးကြိမ်နီပြီး ပြီဆိုတော့ သတိပေးစာထုတ်ခံရတယ်။ ဘတ်စ် ကားစီးရတယ်ဆိုတာ ကိုယ်ပိုင်ကား လိုမှ မဟုတ်တာဗျာ။ လမ်းတွေ က ဆိုးဆိုးဝါးဝါးကို ပိတ်ပြီး သွားလို့မှ မရတာ။ ကိုယ်မတတ်နိုင်တဲ့ ကိစ္စ ဆိုတော့ ခံပေါ့လေ နေ့တိုင်း”ဟု  ကုန်တိုက်တစ်ခုမှ စီမံဝန်ထမ်း တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ဝန်းကျင်ရှိ ကိုကျော်လတ်က ရင်ဖွင့်သည်။

    ဤသို့ဤနှယ် ရန်ကုန်ဇာတ်
ရန်ကုန်၏ နိစ္စဓူဝ နံနက်ခင်း သည် ထိုကဲ့သို့ သို့တည်းမဟုတ် ထို့ထက်ပိုသည့် အဖြစ်အပျက် အခြေအနေဆိုးများဖြင့် ရှင်သန်နေ ခြင်းဖြစ်ပါသည်။ ရန်ကုန်လူထုအ များစုအတွက် ဘတ်စ်ကားသည် မရှိမဖြစ်။ သို့သော် မဖြစ်လွန်း၍ စီးနေရခြင်းဆိုပါကပိုမှန်ပါမည်။ မထူးခြားသည့် အထူးကားများ၊ ရုပ်ပျက်ဆင်းပျက် ရိုးရိုးကားများ အား ခန္တီပါရမီဖြည့်ကျင့်စီးရင်း အ သက်ဆက်နေရသောပြည်သူခမျာ ပိုက်ဆံအပြင် လိုအပ်သည်ထက် အချိန်ကိုပါ အဆစ်ပေး၍ ရင်းနှီးနေ ရခြင်းသည် မတန်တဆ။
ပျက်စီးနေသော လမ်းများ ၊ ရပ်ချင်သလိုရပ်၊သွားချင်သလို သွားနေသော ကားများ၊ လမ်းမပေါ် ရောက်နေသော ဈေးသည်များ၊ စည်းကမ်းမဲ့ လမ်းကူးသူတို့နှင့် စည်းကမ်းမဲ့ ယာဉ်မောင်းများ၊ ယာဉ်ကြောရှင်းလင်းရန်ထက် ယာဉ်ကြောပိုမိုရှုပ်ထွေးစေသောမီးပွိုင့်များ၊ ပျောက်ချီပေါ်ချီ ခရာသံ များနှင့် လိုအပ်သလို အသုံးချနေ   သော ဥပဒေများ။ အသစ်ဝင်လာ သော ကားများစွာနှင့် ဘတ်စ် ကားစီးဒုက္ခသည်များ။ထိုသို့ဖြင့် ရန်ကုန်သည် ယခင် နှစ်များနှင့်မတူ တာဝန်ရှိသူဟု မည်သူ့ကိုမျှ ကင်ပွန်းတပ်၍မရ၊ တာဝန်ရှိသည်ဟု မည်သူကမှလည်း မဆိုဘဲနှင့်သာလျှင် ယာဉ်ကြောပိတ် ဆို့ခြင်းဒဏ်ကို ခရီးသွားပြည်သူ တို့အား ‘နင်ချည်းပင်ခံစေတော့ဟု’ ဆိုနေသကဲ့သို့ ရှိနေသည်ကို မည် သူငြင်းပယ်မည်နည်း။ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော ရန်ကုန်တိုင်းဒေ သကြီး မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံ ထိန်း သိမ်းရေးကြီးကြပ် မှုဗဟိုကော်မတီ၏ စာရင်းအရ ရန်ကုန်မြို့တွင် မြို့တွင်းယာဉ် လိုင်းပေါင်း ၃၈၄ လိုင်းရှိပြီး စီးရေ ၆၁၅၂ စီးရှိသည်ဟု သိရသည်။ ယင်းဌာနအနေဖြင့် ယခုနှစ် စက်တင်ဘာလ ၅ ရက်တွင် မီဒီ ယာများနှင့် တွေ့ဆုံစဉ်က ရန်ကုန် မြို့တော်အတွင်း၌ ယာဉ်ကြောပိတ် ဆို့မှု ပိုမိုဖြစ်ပွားလာသည်ဟု ဆိုခဲ့ ပြီး၊ ထိုသို့ ဖြစ်ပွားေ နခြင်းမှာ ယာဉ် ရပ်တန့်ခြင်းမပြုရန် ကန့်သတ်ထား သောလမ်းမကြီးပေါ်တွင် ယာဉ် စည်းကမ်းလိုက်နာမှု အားနည်း သဖြင့် ယာဉ်များ ရပ်တန့်သော ကြောင့် ဖြစ်သည်ဟု တရားဝင် ထုတ်ပြန်ခဲ့သည်။အဆိုပါ ဌာနမှ ဒုတိယဌာနမှူး ဦးဝင်းဇော်ကလည်း” ယာဉ်ကြော  ကျပ်ခြင်းအတွက် လမ်းဘေးဈေး သည်များကို ဈေးရောင်းချခွင့်ရရှိရန်    နေရာစီစဉ်ချပေးရမည်ဖြစ်ကြောင်း လမ်းဘေးဈေးသည် ရှင်းသွားပါက ပလက်ဖောင်းများပေါ်မှသာ လူများသွားလာသည့်အတွက် မြို့ပြလှ သလို ယာဉ်ကြောပိတ်ဆို့ မှုစနစ် လည်း ရှင်းသွားမည်ဟု ဆိုသည်။ ပလက် ဖောင်းများကိုလည်း ပြုပြင် ပေးရန် လိုသည့်အပြင် လူကူးမျဉ်း ကျားများကို ဆေးအမှတ်အသား ကောင်း   ကောင်း လုပ်ပေးသင့် ကြောင်း သုံးသပ်ခဲ့သည်။ ၄င်းအပြင် ယာဉ်များရပ်နား ရန် ကားပါကင်လုပ်ပေးလိုက်ပါက လမ်းပေါ်ရပ်သည့်ယာဉ်များ ရှင်း သွားနိုင်ကြောင်း၊ လမ်းပေါ်သွား လာနေသည့် ယာဉ်များ၏ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းအတွက် သက်ဆိုင်ရာယာဉ်ထိန်းဌာနမှ ကြပ်မတ်ထိန်းသိမ်းရန်လိုကြောင်းနှင့် မီးပွိုင့်စနစ်မှန်ကန်ရန် လိုေ ကြာင်း ယင်းပုဂ္ဂိုလ်က ဆိုသည်။ ”ယာဉ်ကြောကျပ်တာ၊ ယာဉ် ကျပ်တာတွေ ဖြေရှင်းဖို့အတွက် ပြောင်းလဲခွင့်ရဖို့လိုတယ်။ အဓိက ပြောင်းလဲဖို့ အခွင့်အလမ်းလိုမယ် ၊ ပြောင်းလဲနိုင်မယ့် ရင်းနှီးမြှုပ်နှံမှု (လူ့စွမ်းအားအရင်းအမြစ်) တွေလို မယ်။ ရန်ကုန်မြို့ ခရီးသွား ပြည်သူ   တွေ တစ်နေရာနဲ့တစ်နေရာကို သတ်မှတ်ချိန်အတွင်း သွား လာ နိုင်ဖို့၊ သွားလာတဲ့နေရာမှာ ထိခိုက် မှု အန္တရာယ်ကအစ လုံခြုံစိတ်ချမှု အများကြီးလိုအပ်တယ်”ဟု ¤င်းက ထပ်လောင်းဆိုသည်။မထသ (ဗဟို) အတွင်းရေးမှူး ဦးဘမြင့်ကမူ ” ယာဉ်ကြောပိတ်ဆို့ မှုကို သာမန်ဖြေရှင်းရုံနဲ့မရဘူး၊ လမ်းနည်းတယ်။ ယာဉ်အရေအ တွက်များလာတယ်။ အဓိက ယာဉ်စည်းကမ်း မလိုက်နာကြတာ ပဲ။ ယာဉ်ပိတ်ဆို့မှုထဲမှာ မီးပွိုင့်စနစ် လည်းပါတယ်။မီးပွိုင့်မှန်ကန်မှုမရှိ တဲ့အတွက်လည်း ယာဉ်ကြောပိတ် တယ်။ နိုင်ငံတကာမှာ လူကူးမျဉ်း ကျားဆိုရင် မီးပွိုင့်တွေမှာပဲရှိ တာပါ”ဟု ဆိုသည်။

ကားဟောင်းအထွက် ကား သစ်အဝင် ကြားညပ်တဲ့ ရန်ကုန်
အစိုးရသစ်လက်ထက် ၂ဝ၁၁ ခုနှစ် စက်တင်ဘာ ၁၉ ရက်မှစ ကာ ပြည်တွင်းရှိ သက်တမ်းကြာ မြင့်မော်တော်ယာဉ်များ ပယ်ဖျက် အပ်နှံအစားထိုးလဲလှယ်ရေးစီမံ ကိန်းကို ဆောင်ရွက်ခဲ့ရာတွင် ၂ဝ၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့အထိ တင်သွင်းခွင့် ပါမစ်ထုတ်ပေးခဲ့မှုအရ ယာဉ်အိုယာဉ် ဟောင်း အပ်နှံတင်သွင်းမှုအရ စီး ရေ ၅ဝ၄၇၇ စီးကို ခွင့်ပြုအမျိုးအစား အလိုက် မော်တော်ယာဉ်တင်သွင်း မှုအရ စီးရေ ၂၄၁ဝ၅ စီး ခွင့်ပြု ပေးခဲ့ပြီး     စုစုပေါင်း စီးရေ ၇၄၅၈၂ စီးရှိပြီဖြစ်ကာ လက်ရှိတွင် ကား သစ်စီးရေ ၉ဝဝဝခန့်ရောက်ရှိပြီဟု မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင် ရာ ကြီးကြပ်ရေးကော်မတီထံမှ သိရသည်။ ယင်းကဲ့သို့ အသစ်ဝင်လာ သောကားများနှင့် လက်ရှိသုံးစွဲနေ ဆဲ ကားများ၏ အခြေအနေကြောင့် ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ရန် လူသွားလူလာနှင့် ကားအစီးရေ များပြားသည့်မြို့တွင်းလမ်းမများ တွင် ကားတစ်စီးစီ တန်းစီမောင်း နှင်စနစ်ကို ကျင့်သုံးနေသော်လည်း လမ်းပျက်စီးမှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွား နေခြင်းဖြစ်သည်ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ နယ်မြေမှူး တစ်ဦးက ပြောသည်။”စည်ပင်က လမ်းမပြင်လို့ လမ်းတွေပျက်လို့ ကားတွေက ဘေးကပ်သွားလို့မရဘဲ ပိတ်ဆို့မှု တွေ ဖြစ်တာကျတော့ ဘယ်သူမှ မပြောကြဘူး”ဟု ၄င်းက ဝေဖန် သည်။ ထို့အပြင် ယာဉ်ကြောပိတ်ဆို့ ခြင်းမှာ ယာဉ် အသွားအလာများ ပြား၍ ကျဉ်းမြောင်းသည့် လမ်း များရှိ လူကူးမျဉ်းကျားများတွင် လူကူး မီးပွိုင့်တပ် ဆင်ခြင်းသည် ယာဉ် ကြောပိတ်ဆို့မှုအကြောင်း တစ်ရပ် ဖြစ်သည်ဟု ၄င်းက ဆို သည်။ မော်တော်ယာဉ်များသည် တစ်နာရီလျှင် ငါးမိုင်နှုန်းဖြင့် ပုံမှန်အတိုင်း မောင်းနှင် ပါက အ နော်ရထာလမ်းကဲ့သို့ ယာဉ်အစီး ရေများပြားသည့် လမ်းတွင် တစ် စက္ကန့်လျှင် ကား ၇ စီး ဖြတ်သန်း သွားရာ ယင်းကဲ့သို့ လမ်းများရှိ လူ ကူးမျဉ်းကျားများ၌ လူဖြတ်ကူးရန် စက္ကန့် ၂ဝ နှင့် ယာဉ်သွားရန် ၁၅ စက္ကန့် အချက်ပြ လူကူးမီးပွိုင့်များ တပ်ဆင်ခြင်းမှာ ယာဉ်ကြော ပိတ် ဆို့မှု ဖြစ်ပွားနိုင်သည်ဟု ၄င်းက ပြောသည်။
”မနှစ်က ယာဉ်ကြောကျပ် တာ အချိန်ရှိတယ်။ ရုံးချိန်၊ ကျောင်းချိန်ဖြစ်တာက ရန်ကုန်ရဲ့ ထုံးစံကရုံးတက်၊ ရုံးဆင်း၊ ကျောင်း တက်၊ ကျောင်းဆင်းနဲ့ ဈေးပိတ်ချိန် တွေက တစ်ချိန်တည်း ဖြစ်နေတယ်။ ဒီနှစ်ကျတော့ ကားကျပ်တာ အချိန် ပြည့်ဖြစ်လာတယ်။အဲဒါက ယာဉ် အိုယာဉ်ဟောင်းတွေ အစားထိုး တင်သွင်းခွင့်ပေးတယ်။ ယာဉ်သစ်   တွေ အဆမတန်ဝင်လာ တယ်။ ပြန်ပြီး ဆန်းစစ်ကြည့်မယ်ဆိုရင် တော့ ရုပ်သိမ်းသွားတဲ့ အက္ခရာ အလိုက်၊ ကားစီးရေ ထပ်တိုးလာတဲ့ အက္ခရာ အလိုက် ကားစီးရေကို ကြည့်ရင် အဖြေပေါ်လာမှာပဲ”ဟု မထသ (ဗဟို) မှ ဒုတိယဌာနမှူး ဦးဝင်းဇော်က ဆိုသည်။

 နိစ္စဓူဝ မြင်ကွင်း(၂)
ရွှေရန်ကုန်က အဆင်မပြေမှု များနှင့် အသားကျနေပြီးသား။ မှတ်တိုင်မရောက်ခင် ဘတ်စ်ကားက ရပ်သည်။ တစ်ဖန် မှတ်တိုင်တွင် လည်း တစ်ကြိမ်ရပ်သည်။ နောက် တစ်စီးက အတင်းမောင်းလာကာ ထိုကားရှေ့ပိတ်ရပ်၍ လူခေါ်သည်။ ဒီကြားထဲလက်လှမ်းပြ၍ တက္ကစီကို တားသူကတား၊ တက္ကစီ သမားက လည်း အားရဝမ်းသာ ဖြတ် ဝင် သည်။ ဒီတင်ပဲလားဆိုတော့ မက၊မျဉ်းကျားမဟုတ်ဘဲ လမ်းကူးသူ များကလည်း ပွတ်ကာသီကာ အ သည်းတယားယားနှင့် လိုရာအ ရပ်သို့ သွားကြသည်။ အားလုံး   အေးဆေး။လူကူးမီးပွိုင့်ရှားရှားပါး ပါးရှိ သော မဟာဗန္ဓုလပန်းခြံလမ်း ထောင့်မှ နေ့စဉ်မြင်ကွင်းကလည်း တစ်မျိုးတစ်ဖုံ။ မီးပွိုင့်နီနေချိန်တွင် လူများက ကူးသည်။ ထိုအချိန် ကားများအတွက်က အစိမ်း၊ ထို့ ကြောင့် သူတို့ကလည်း မလျှော့။တစ်ခါလူကူးမီးစိမ်းနေချိန်တွင် လည်း ကားများက ဖြတ်သည်။ လူများက ကူးသည်။ ထိုသို့ဖြင့် ဂျမ်းဖြစ်သွားသောနေရာမှ ရှေ့မ လှမ်းမကမ်း ပန်းဆိုးတန်း မီးပွိုင့် တွင် ထပ်၍ မီးကနီသည်။ ကား တန်းကြီး။ အဆိုးဆုံးမှာ ပန်းဆိုး တန်း မှတ်တိုင်တွင် တစ်ဖက်ခြမ်း လမ်း၌တက္ကစီတွေ ထိုးထား သည်။မှတ်တိုင်တွင်တော့ ဘတ်စ် ကားအကြီးတွေ၊ အသေးတွေ၊ ကျောက်ချကားများနှင့် ပိတ်လေဦး တော့ လမ်း။”ဘယ်အချက်က အဓိက   ပြဿနာ ဆိုတာကတော့ တာဝန်ရှိ သူတွေသိအောင် လုပ်ကြပါ။ စည်း ကမ်းမရှိတာကတော့ ကျွန်တော်တို့ ပြည်သူအပါအဝင် အားလုံးပဲတာ ဝန်ရှိပါတယ်။ ဒါလုပ်လို့ ဖြစ်တဲ့ ကိစ္စပါ။ တကယ်ဖြစ်ချင်ရင်ပေါ့ လေ”ဟု အသက် ၃ဝ ဝန်းကျင်ရှိ အင်ဂျင်နီယာတစ်ဦးကပြောသည်။ယာဉ်ကြောပိတ်ဆို့မှုတွင် အ ချက်တစ်ခုအဖြစ် သုံးသပ်ကြေ သာ လမ်းစည်းကမ်းကိုင်တွယ်မှုနှင့် ပတ်သက်၍ မထသ (ဗဟို) မှ ဒုတိယဌာနမှူး ဦးဝင်းဇော်က သုံး သပ်ရာတွင်” ရန်ကုန်မြို့မှာရှိနေ တဲ့ ယာဉ်ထိန်းရဲတွေဟာ ယာဉ် စည်း ကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေ တာလား၊ ယာဉ်ဖမ်းဆီးရေးစနစ်ကို ဆောင်ရွက်နေတာလားဆိုတာ သုံး သပ်ဖို့လိုတယ်။ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးစနစ် ကို ဆောင်ရွက် နေတယ်ဆိုရင် ဥပမာ-ယာဉ် အန္တရာယ် အဖြစ်များတဲ့ နေရာ၊ ယာဉ်အသွားအလာများတဲ့နေရာ၊ ဈေး၊ ကျောင်းတွေရှိတဲ့ နေရာတွေ မှာ ယာဉ်တွေကို စနစ်တကျ ထိန်းသိမ်းကြပ်မတ်ပေးနိုင်မယ်ဆို ရင်တော့ ယာဉ်အန္တရာယ်ဖြစ်လာမှု ကတော့ လျော့နည်းသွားမှာပဲ”ဟု ဆိုသည်။၎င်းအပြင် ရန်ကုန်မြို့ရှိ လူကူးမျဉ်းကျား များသည် တာဝန် ကျေအောင် လုပ်ပေးထားရုံသာရှိပြီ စနစ်တကျ ကူးချင်လာအောင် အဓိက ဖန်တီးပေးရန်လိုကြောင်း၊ ယင်းအတွက် စည်းကမ်းမလိုက်နာ ဟု စွပ်စွဲမှု များသာရှိပြီး စည်းကမ်း လိုက်နာအောင် ဖန်တီးပေးနိုင်သည့် အနေအထားမရှိကြောင်း ၄င်းက ဆိုသည်။”စနစ်တကျနဲ့ ဖန်တီးပေးနိုင် တဲ့ ဘက်ပေါင်းစုံကနေ သက်ဆိုင် ရာဌာပေါင်းစုံကနေ ဝိုင်းဝန်းပြီးတော့ ကိုယ့်ရဲ့ တာဝန်ယူရတဲ့ အပိုင်းကို စေတနာထက်သန်စွာ ဆောင်ရွက် သွားမယ်ဆိုရင် ရန်ကုန်မြို့ဟာ အနာဂတ်မှာ ခေတ်မီမယ်။ အဲဒါ တွေကို လုပ်ပေးမှု မရှိဘူးဆိုရင် ရန်ကုန်မြို့က နောက်ထပ် ကားသစ် တွေဝင်လာပြီးတော့ ယာဉ်ကြော ကျပ်တဲ့ကိစ္စ၊ သွားလာနေတဲ့ အနေ အထားမှာရော၊ လုပ် ငန်းခွင်ကို သွားလာနေတဲ့ သူတွေမှာရော အချိန်ကြန့်ကြာ မှုရှိတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးမှုဖြစ် မယ်။ လုပ်ငန်းခွင်တွေလည်း ထိခိုက်နစ်နာမယ်။ အဲဒါဆိုရ င် နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ နှေးကွေးနေမှာပဲ”ဟု ၄င်းက ထပ် လောင်းဝေဖန်သည်။

ကိုယ့်တာဝန်ကိုယ်ကျေ အဖြေ ကတော့ ဝေလေလေ
မည်သို့ပင်ဆိုစေကာမူ သက် ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းတာ ဝန်များဆောင်ရွက်မှုရှိကြသည်ကို တော့ ငြင်းမရ။ လူကူးမျဉ်းကျားမှ မကူးသူများအား ယခုနှစ် ဇန်န ဝါရီ ၁ ရက်မှစ၍ ဖမ်းဆီးဒဏ်ရိုက်ခြင်း ဖြင့် အရေးယူလျက်ရှိရာ ဇူလိုင်လ ကုန်အထိစည်းကမ်းဖောက်ဖျက်သူ ၁၉၄၉၂ ဦးရှိခဲ့ပြီး ဒဏ်ကြေးငွေ စုစုပေါင်း ၄၂၉ သိန်းရရှိ ခဲ့သည်က သက်သေဖြစ်သည်။ သို့ရာတွင် ဤအချက်သည်လည်း လက်ပူတိုက် ဆေးမြီးတိုတစ်ခုသာဖြစ်ပြီး ရန်ကုန် မြို့၏ လမ်းများပျက်ဆဲ၊ ပိတ်ဆဲ၊ ကားများလည်း ကျပ်ဆဲနှင့် လမ်း ဘေးဈေးသည်မှအစ ခရီးသွား အ များစုလည်း စည်းကမ်းကို ညီညီ ညာညာဖောက်ဖျက်ဆဲ ဖြစ်နေပါ သေးသည်။ထို့ပြင် မြို့တွင်းပလက် ဖောင်း   ဈေးသည်များသည်လည်း ရန်ကုန် တွင် စုစုပေါင်း ၅၅ဝဝ ကျော်ခန့်ရှိ နေရာ ၂ဝ၁၁ ခုနှစ် ဇွန်လဆန်းပိုင်း မှစ၍ ယာဉ်အန္တရာယ်ကင်းရှင်း ရေးအတွက် မြို့တွင်းပလက်ေ ဖာင်း ပေါ် ဈေးရောင်းချခြင်းကို ညနေ ၃ နာရီမှ ည ၈နာရီထိ ကန့်သတ် ရောင်းချခွင့်ပြုခဲ့စဉ်က နည်းတူ ယာဉ်ကြော ပိတ်ခြင်းတွင် သူတို့ ကိုလည်း တရားခံများကဲ့သို့ မနှိပ် ကွပ်စေလိုပါ။လက်ရှိတွင် ရန်ကုန်ရှိ ယာဉ် ကြောပိတ်ဆို့မှုအများဆုံးဖြစ်သည့် နေရာများက ပေါက်တောဝ မှတ်တိုင်(အင်းစိန်-လှိုင်သာယာ လမ်းမ)၊ဘုရင့်နောင် မီးပွိုင့်၊ လမ်းဆုံမြောက်ဥက္ကလာ မဟာနွယ် မှတ်တိုင်၊မြေနီကုန်းလမ်းဆုံ၊လှည်းတန်းလမ်းဆုံ၊အင်းစိန်ပန်းခြံမှတ်တိုင်၊ မဟာဗန္ဓုလလမ်း (၃၈) မှတ်တိုင်၊ရွှေဂုံတိုင်လမ်း ဆုံ၊ တာမွေ ဈေးမှတ်တိုင်၊ ယုဇနပလာဇာမှတ် တိုင်၊ မဟာဗန္ဓုလပန်းခြံမှတ်တိုင်၊အနော်ရထာလမ်း (၄ဝ)မှတ်တိုင်၊သိမ်ဖြူမီးပွိုင့် (၅)လမ်းဆုံ၊ မြောက် ဥက္ကလာ (၆)ကွေ့ မှတ်တိုင် ၁၄ နေရာ၊ ခုံးကျော် တံတား ၃ ခုကလည်း တည်ဆောက် ဆဲ၊ ကားသစ်များကလည်း ဝင် လာမစဲ။ ဘတ်စ်ကားများပေါ်တွင် ခရီးသွားများလည်း အချိန်ကုန် လူပန်းဆဲ ဖြစ်ပါသည်။ယခုနှစ်အတွင်း မြန်မာနိုင်ငံ သို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ပူးပေါင်း၍ ကားတင်သွင်းမည့် ဂျပန်ကားကုမ္ပဏီမှ ဒါရိုက်တာ ဖြစ်သူက မီဒီယာသို့   ပြောခဲ့ဖူးသည် မှာ ကားသစ်တင်သွင်းလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်စေ ရန် နိုင်ငံတကာကျင့်သုံးသည့် နည်းတူ မြို့ပြင်သွားကားများနှင့် မြို့တွင်းသွား ကားများခွဲ၍ ပြေးဆွဲ ခြင်းကို ဆောင်ရွက်ရန် စီစဉ်သွား မည်ဟု ဖြစ်သည်။ ယင်းကဲ့သို့ ပြုလုပ်ရန်မှာ မထသ၊ ဦးပိုင်နှင့် ၄င်းတို့ကုမ္ပဏီမှ ပူးပေါင်းဆောင် ရွက်မှသာ အဆင်ပြေမည်ဟုလည်း ၄င်းကဆိုခဲ့သေးသည်။အစိုးရအပြောင်းအလဲတွင် အားလုံးအကောင်းချည်းဖြစ်စေလို သည်ဆိုသော်ငြား မှန်ကန်သော စနစ်ဖြင့် တိုင်းပြည်၏ အခြေအနေ နှင့် ကိုက်ညီမည့် အပြောင်းအလဲ ကို လုပ်ဆောင်ရန်အတွက်မူ ပြဿနာ၏ ဇစ်မြစ်ကို အဂတိ ကင်းကင်းဖြင့်သုံးသပ်နိုင်ပြီး မှန် ကန်စွာချပြနိုင်မည့်   ခေါင်းဆောင် ကောင်းများနှင့် ပညာရှင်များ ယခု ထက်လိုအပ်ပါမည်။ ထိုသို့ မ ဟုတ်ပါမူ ….
  

 နိစ္စဓူဝမြင်ကွင်း (၃)
ရန်ကုန် နံနက်ခင်းမိုးက အ ရှိန်အဟုန်ဖြင့်ရွာနေသည်။ ဘတ်စ် ကားက အရင်လို အတင်း ကာရော မဖြဲနိုင်၊ တလှိမ့်ချင်း၊ တအိအိ ရွေ့ နေရသည်။ ကားလမ်းပေါ် တွင် ရေ က ကားဘီးတစ်ဝက်။ ရှေ့တွင် မီးပွိုင့် မိနေသော ကားတန်းကြီးက တစ်မျှော်တစ်ခေါ်။တက္ကစီများက တော့ ရေမှာနစ်နေတုန်း၊ လမ်းဘေး သို့ မှန်း၍ ကပ်ရပ် လိုက်သော ကား လေးတစ်စီးမှာ ရုတ်တရက် ဘေး သို့ တစ်ခြမ်းစောင်းကျ သွားသည်။ ချိုင့်ခွက်များက ရေပြည့်နေ၍ မမြင်ရ။ ဟွန်းသံများ တတီတီထွက် လာသည်။ ကားပေါ် မှခရီးသည်များ ၏ မျက်နှာမှာ ဖြစ်ချင်တာသာဖြစ် တော့ဟုစိတ် ပျက်လက်ပျက်လျှော့ ချထားရသည့် အသွင်။ ကုမ္ပဏီယူနီ ဖောင်းဝတ် ထားသော မိန်းမပျို သုံးဦးကတော့ မျက်နှာများ ရှုံ့မဲ့ကာ လက်ကိုင်ဖုန်းများဖြင့် အလုပ်ရှုပ် နေကြသည်။ တကယ်တော့ ရန်ကုန်နေ ပြည်သူများ စိတ်ရှည်ပါသည်။ သည်းခံကြပါသည်။ ဖြစ်လာ သည့် အခြေအနေတွင် အသားကျအောင် နေနိုင်ကြပါသည်။ တစ်နေ့တော့ ဖြစ်လာမှာပါဟု အားလုံးမျှော်နေ သော်လည်း ခရီးတစ်ခုအတွက် ထိုက်သင့်သော ငွေကြေး သာမက ဘဝများထဲမှ ရွှေအချိန်များကိုပါ အပိုဆောင်းဖဲ့ပေးနေရသော ဒဏ်ရာဒဏ်ချက်များ၏ ကာလကို တော့ ဖြစ်နိုင်မည်ဆိုပါက အတို တောင်းဆုံးဖြစ်ပါစေဟု ဆုတောင်း ရုံမှတစ်ပါး အခြားမရှိ။

 အောင်ခွန်းဆက်
သတင်းအချက်အလက်- မင်းသုအောင်၊ သုရထွန်း၊ ထက်ထက်မိုးမြင့်၊ ဝေမာထွန်း၊

From -ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment