Friday, September 14, 2012

ITD နောက်အဆုတ်တွင် ထိုင်းအစိုးရ ထားဝယ်စီမံကိန်း ဦးဆောင်သူနေရာယူ

ရန်ကုန်၊ စက်တင်ဘာ ၁၄ ဒေါ်လာဘီလီယျံထောင်ပေါင်းများစွာ ကုန်ကျမည့် ထားဝယ်စီမံကိန်းတွင် အီတလျံ-ထိုင်းကုမ္ပဏီ (ITD) ၏ ရှယ်ယာပါဝင်မှုကို ၂၅ ရာခိုင်နှုန်းအထိ လျော့ချလိုက်ပြီးနောက် ထိုင်းအစိုးရက ယင်းစီမံကိန်း ဦးဆောင်သူ နေရာယူလိုက် ပြီဖြစ်ကြောင်း ထိုင်းဘက်မှလာသော သတင်းများတွင် ဖော်ပြထားသည်။


ထိုင်းနိုင်ငံ အမျိုးသား စီးပွားရေးနှင့် လူမှုရေးဖွ
ံ့ဖြိုးမှု ဘုတ်အဖွဲ့ (NESDB) ၏ ထားဝယ်စီမံကိန်းဆိုင်ရာ အကြံပြုချက်များအပြီး ယင်းသို့ အခြေအနေဖြစ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာအစိုးရ၏ တရားဝင်လုပ်ပိုင်ခွင့်ရရှိထားသော ITD အနေနှင့် ၄င်း၏ ရှယ်ယာပါမှုကို ၅၁ မှ ၂၅ ရာခိုင်နှုန်းအထိ လျော့ချလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက အတည်ပြုပြောကြားသည်။

“ဒါပေမယ့် (ထိုင်း) အစိုးရက ITD ကို ရှယ်ယာ ၂၅ ရာခိုင်နှုန်းထက် ပိုယူဖို့အဆိုပြုလာရင်လည်း လက်ခံဖို့ ဆန္ဒရှိပါတယ်”ဟု ထားဝယ် ဖွံ့ဖြိုးရေး ကုမ္ပဏီ (DDC) မှ စီမံကိန်း ညှိနှိုင်းရေးမှူး Ms. Tadchan Tattiyakul ကပြောကြားသည်။

ထားဝယ်စီမံကိန်း၏ လေးပုံတစ်ပုံပမာဏကိုသာ ရှယ်ယာပါဝင်မည်ဆိုသော်လည်း ITD သည် အဓိကကျသည့် ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုအနေနှင့် ရှိနေဦးမည်ဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် ထားဝယ်စီမံကိန်း သုတေသီ ဦးဇော်အောင်က သုံးသပ်သည်။

သို့သော် ITD သည် တည်ဆောက်သူ အနေအထားမှ ရင်းနှီးမြှပ်နှံသူ အနေအထားသို့ ပြောင်းလဲသွားမည်ဖြစ်သည်။

“ထားဝယ် Project ကတော့ အစိုးရချင်းဦးဆောင်တဲ့ project အဖြစ်ပြောင်းသွားတယ်။ ITD က
ဒီ စီမံချက်တခုလုံးအပေါ် Decision Making Power မရှိတော့ဘူး”ဟု ဦးဇော်အောင်က ဆိုသည်။

ထားဝယ် စီမံကိန်းတွင် ရင်းနှီးမြှပ်နှံမည့် ပုံစံကိစ္စကို ဆွေးနွေးရန်ရှိသော ထိုင်း ၀န်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်၏ စက်တင်ဘာ ၁၉ မှ ၂၁ ရက်နေ့အထိ မြန်မာခရီးစဉ်တွင် စီမံကိန်းကို ထောက်ပံ့ရန် ထိုင်း-မြန်မာနှင့် ဂျပန်နိုင်ငံတို့ သုံးပွင့်ဆိုင် အဖွဲ့ ဖွဲ့စည်းရန် အဆိုပြုဖွယ်ရှိနေသည်။

သို့သော် ထိုင်းဝန်ကြီးချုပ်၏ ခရီးစဉ်အတွက် နေပြည်တော်၏ မီစိမ်းစောင့်နေရဆဲဖြစ်သည်။

စီမံကိန်း၏ အဓိက ပြည်တွင်း မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Max Myanmar ကုမ္ပဏီသည် စီမံကိန်းမှ နုတ်ထွက်ရန် အတည်ပြုပြီးနောက် ဘဏ္ဍာရေးနှင့် အခြားမိတ်ဖက်အဖွဲ့အစည်းများ ရရှိရန် ITD က ရုန်းကန်နေရသည်။

ယင်းနောက် သမ္မတ ဦးသိန်းစိန်၏ ဇူလိုင်လအတွင်းက ထိုင်းနိုင်ငံ ခရီးစဉ်တွင် ထားဝယ် စီမံကိန်း အစိုးရခြင်း ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည်။

Dawei Watch
From -TheStreetView

No comments:

Post a Comment