Thursday, September 20, 2012

ပါတီများ ဆင်းရဲလျက်ရှိကြောင်း NNDP ပြည်တော်ပြန်များဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၁၇
နိုင်ငံရေးပါတီ ဆောင်ရွက်လှုပ်ရှားနေသူများနှင့် တွေ့ဆုံခဲ့သော အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံရေးပါတီများသည် အလွန်ဆင်းရဲလျက်ရှိသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ အစိုးရ၏ ပံ့ပိုးပေးမှုများစွာ လိုအပ်လျက်ရှိပါကြောင်းတို့ကို စက်တင်ဘာ ၁၅ ရက်နေ့က အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် တွေ့ဆုံပွဲတွင် ကိုမိုးသီးဇွန်က ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ ပါတီသစ် အပါအ၀င် ပါတီများအားလုံးအတွင်း လက်ရှိဖြစ်ပေါ်လျက်ရှိသော အခက်အခဲ များ၊ ဆောင်ရွက်ချက်နည်းလမ်းများ၊ နိုင်ငံရေးဆိုင်ရာ သဘောထားအမြင်များကို အပြန်အလှန်ဆွေးနွေး ခဲ့ကြသည်။
၎င်းဆွေးနွေးပွဲတွင် ကိုမိုးသီးဇွန်က ““ကျွန်တော်တို့ ၂၄ နှစ်လုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူတွေပါ။ ပြစ်ဒဏ်မျိုးစုံလည်းရခဲ့တာပါ။ ကျွန်တော် ဒီနိုင်ငံစရောက်တော့ ပါတီထောင်ဖို့ နိုင်ငံရေးလုပ်ဖို့ တော်တော်လေးကို စိတ်ဓာတ်ကျ မိပါတယ်””ဟူ၍ ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာသို့ ရောက်ရှိနေသော မြန်မာများအားလုံး မြန်မာပြည်သို့ ပြန်လာစေချင်ကြောင်း၊ မြန်မာသံရုံးများ တွင် ဗီဇာပုံစံနှင့် စပ်လျဉ်းသည့်ကိစ္စများ၊ နိုင်ငံသား စိစစ်ရေးကတ်များကို အီလက်ထရောနစ်ကုတ်များဖြင့် စနစ်တကျ ထုတ်ပြီး ကိုးကွယ်သည့်ဘာသာ အားထည့်ရေးရန် မလိုအပ်တော့ကြောင်း၊ ၎င်းကိစ္စများကို လွှတ် တော်အတွင်း ဆွေးနွေးပေးရန် ၎င်းမှ ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။
ကိုမိုးသီးဇွန်သည် ပါတီအသီးသီးမှ နိုင်ငံရေးသမားပုဂ္ဂိုလ်များ၏ အကြံပြုပြောကြားမှုနှင့် စပ်လျဉ်း၍ လုပ်ဖော် ကိုင်ဖက်များ၏ လိုလားချက်၊ ပြည်သူများ၏ တောင်းဆိုချက်များအပေါ် မူတည်၍ နိုင်ငံရေး ဆက်လုပ်ရန် ဆုံးဖြတ်သွားမည်ဖြစ်ပြီး ၎င်းသည် ယခင်က သေဒဏ်ပေးခံခဲ့ရသူတစ်ဦးဖြစ်သည့်အတွက် မြန်မာပြည် ပြန်လာ ချိန်တွင် တချို့ပုဂ္ဂိုလ်အဖွဲ့အစည်းများ၏ စိုးရိမ်မှုအသံများ၊ နိုင်ငံရေးအခင်းအကျင်းပျက်ပြားစေရန် ရောက်ရှိလာခြင်းစသည့် ကြိုဆိုမှု မပြုသော ပတ်ဝန်းကျင်များ၊ တစ်ဖက်စောင်းနင်း ဝေဖန်မှုများ ရှိသည့် အတွက် နိုင်ငံရေးလုပ်ဆောင်ရန် စိတ်ဓာတ်ကျမိကြောင်းကိုလည်း ပြောကြားခဲ့သည်။
““ကျွန်တော်က မိုးသီးဇွန်ကို နိုင်ငံရေးမလုပ်ဘူး။ ပါတီမထောင်ဘူးဆိုပြီး အပြီးအပြတ်မပြောစေချင်ပါဘူး။ နိုင်ငံရေးအရ မတူတာတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဝေဖန်စရာရှိတာ ဝေဖန်သွားမှာပါ”” ဟူ၍ အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က သုံးသပ်ပြောကြားခဲ့ပါသည်။  

From -သံတော်ဆင့်

No comments:

Post a Comment