Monday, September 24, 2012

ကမ္ဘာကျော် Orient Express ကုမ္ပဏီ ချင်းတွင်းမြစ် အပျော်စီး သင်္ဘောပြေးဆွဲမည်

ရန်ကုန်၊ စက်တင်ဘာ ၁၃

နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ အပန်းဖြေ လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်လျက် ရှိသော နာမည်ကျော် ဗြိတိန် နိုင်ငံ အခြေစိုက် Orient Express ကုမ္ပဏီက ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် အတွင်း အပျော်စီး သင်္ဘော ပြေးဆွဲမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ Ground Operations Manager ဖြစ်သူ Nina Sophie Tomaschko က The Voice Weekly သို့ ပြောကြား သည်။


ယခင် ပြေးဆွဲလျက် ရှိသော Road to Mandalay အပျော်စီး သင်္ဘော အပြင် ယခု ချင်းတွင်းမြစ် အတွင်းတွင် Orcaella အမည်ရှိ သင်္ဘောသစ်ဖြင့် ခုနစ်ညအိပ် ခရီးစဉ်နှင့် ၁၁ ညအိပ်ခရီး စဉ်များကို ပြေးဆွဲ သွားမည် ဖြစ်ကြောင်း၊ ၁၁ ည အိပ် ခရီး စဉ်တွင် မန္တလေးမှ ချင်းတွင်း မြစ်ကြောင်း တစ်လျှောက် ဖြတ်သန်းမည် ဖြစ်ပြီး ပုဂံတွင် ခရီးစဉ် အဆုံးသတ်မည် ဖြစ်ကြောင်း၊ ခုနစ်ညအိပ် ခရီးစဉ်တွင် ရန်ကုန်မှ ပုဂံသို့ ပြေးဆွဲမည်ဖြစ်ကြောင်း၊ ယင်းအပျော်စီး သင်္ဘောဖြင့် ခရီးစဉ် တစ်လျှောက် ကျသင့်ငွေမှာ အနည်းဆုံး အမေရိကန် ဒေါ်လာ ငါးထောင် ကုန်ကျမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။


"ချင်းတွင်းမြစ်က သွားလာရတဲ့ အနေအထားက ခက်ခဲပါတယ်။ ဒါကြောင့် ရေတက်တဲ့ ကာလမှာပဲ သွားဖို့ စီစဉ် ထားပါတယ်။ ဒါပေမဲ့ လမ်းခရီး တစ်လျှောက်လုံးက အပန်းဖြေ လို့ ကောင်းအောင် စိတ်ဝင်စား စရာတွေ များလို့ ဒီချင်းတွင်းမြစ်ကို ရွေးချယ်တာ ပါ" ဟု ၎င်းက မြစ်ကြောင်း သွားလာရေး ခက်ခဲမှု အခြေအနေကို ပြောကြား သည်။


လက်ရှိတွင် အဆိုပါ သင်္ဘောကို Orient Express က ပညာရှင်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက်နေဆဲ ဖြစ် ခြင်းကြောင့် မြစ် အတွင်း အပျော်စီး သင်္ဘော ပြေးဆွဲခြင်းကို ၂၀၁၃ ခုနှစ် ဇူလိုင်လမှသာ စတင်နိုင်မည် ဖြစ် ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။


အဆိုပါ Orcaella အမည်ရှိသော အပျော်စီး သင်္ဘောတွင် ခရီးသည်ဦးရေ ၅၀ ခန့် နေထိုင် စီးနင်းနိုင်မည်ဖြစ်ကာ အပန်းဖြေ နားနေ စားသောက်ခန်းများ၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ရေကူး ကန်များ၊ ကျန်းမာရေး စောင့်ရှောက်ခန်း များ စသည့် ဝန်ဆောင်မှု ဧရိယာများ ပါဝင်အောင် ဒီဇိုင်း ရေးဆွဲ တည်ဆောက် ထားကြောင်း ယင်းကုမ္ပဏီထံမှ သိရှိ ရသည်။


Orient Express ကုမ္ပဏီသည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံတွင် နာမည်ကျော် ဟိုတယ်များကို ဖွင့်လှစ်ထားပြီး မီးရထားလိုင်းများ ပြေးဆွဲခြင်း၊ အပျော်စီး သင်္ဘောများ ပြေးဆွဲခြင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်လျက် ရှိသည်။
 
From -TheVoiceWeekly

No comments:

Post a Comment