Thursday, October 18, 2012

စစ်ဘေးဒုက္ခသည်များအတွက် ဂျပန်က ဒေါ်လာ ၃ သန်း ကူညီမည်

ဂျပန်နိုင်ငံက မြန်မာနိုင်ငံကိုလူသားခြင်းစာနာ ထောက်ပံ့ကြေးအကူအညီ
အဖြစ် ဒေါ်လာ ၃ သန်း ပေးမည်ဖြစ်ကြောင်း ညီညွှတ်သောတိုင်းရင်းသား
လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ပြောသည်။

UNFC ခေါင်းဆောင် ၂၀ ဦးသည် ဂျပန်နိုင်ငံမှ Nippon Foundation နှင့်
တွေ့ဆုံရန် ပထမဦးဆုံး ခရီးစဉ်အဖြစ် အောက်တိုဘာလ(၁၇)ရက်နေ့ ညပိုင်းက ဘန်ကောက်မှ ထွက်ခွာခဲ့ပြီး တစ်ပါတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကူအညီပေးမည့် အထောက်အပံ့များအား UNFC အနေနှင့် နယ်စပ်ဒေသတစ်လျှောက်မှာရှိသည့်တိုင်းရင်းသားစစ်ဘေးဒုက္ခသည်
တွေကိုအဓိက ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ဦးခွန်ဥက္ကာကပြောကြား
ခဲ့ခြင်းဖြစ်သည်။

‘‘ငြိမ်းချမ်းရေး ရပြီလို့ ယူဆရတဲ့ နယ်မြေတွေမှာ ဒီဖွံ့ဖြိုးရေး လုပ်မယ်ပေါ့ဗျာ။
ဖွံ့ဖြိုးရေးကတော့ ကျွန်တော်တို့ စီးပွားရေးကို ပြောတာ အဟုတ်ပါဘူး။ အခြေခံ စိုက်ပျိုးရေးတို့ အခြေခံလုံခြုံရေးတို့ အဲ့တာတွေပါ။ ဆေးဝါးတို့ ဆန်ပေါ့။ အဲ့ဒါလေးတွေ လုပ်ဖို့ပါ။ Nippon Foundation က အတွင်းမှာ ဦးအောင်မင်းတို့ အီးဂရက်တို့နဲ့လုပ်တယ်။ အပြင်မှာ နယ်စပ်ဖြတ်ကျော်
ကတော့ ကျွန်တော်တို့ UNFC နဲ့ လုပ်တာ။” ဟု၎င်းက ပြောသည်။

ထို့အပြင် ဂျပန်နိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရ
တပ်တွေကြောင့် စစ်ဖြစ်ပွားခဲ့သည့် ဒုက္ခသည်များအတွက်လည်း Nippon Foundation မှ အစားအစာ ရိက္ခာ၊ ဆေးဝါးများကို ဒေါ်လာ တစ်သန်း ဖိုးပေးလှူမည်ဖြစ်သည်။

Nippon Foundation သည် ဂျပန်နိုင်ငံ တိုကျိုမြို့က လူမှုကယ်ဆယ်ရေး
အသင်းတစ်ခုဖြစ်ပြီး UNFC ခေါင်းဆောင်များနှင့် ပြည်တွင်းစစ်ဒဏ်ခံနေ
ရသော ထွက်ပြေးပုန်းရှောင်နေထိုင်ကြသည့် နယ်စပ်ဒေသ IDP ဒုက္ခသည်
များကို အကူအညီပေးရန် သွားရောက်တွေ့ဆုံခြင်းဖြစ်သည်ဟု သိရသည်။

‘ ဂျပန်မှာ အကြီးဆုံး ဖောင်းဒေးရှင်းကြီးပေါ့။ သူက ကျွန်တော်တို့ကို အသိအမှတ်ပြုတယ်။ ဖိတ်ခေါ်တယ်။ ပြီးတော့ သူက ကျွန်တော်တို့ရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ အဲ့တာပါပဲ။ ဒီလိုလုပ်ဖို့ကလည်း တစ်ဖက်က နေပြည်တော်နဲ့လည်း သူတို့ ခွင့်ပြုချက် ရယူပြီးသားပါ။ သူတို့ လုပ်ငန်းဆောင်တာတွေ၊ သူတို့ ပေါ်လစီတွေ နောက်ပြီးတော့ ဂျပန်
ပြည်သူတွေကို ရှင်းလင်းပြမှာပေါ့ဗျာ။’ ဟု ဦးခွန်ဥက္ကာက ဆက်ပြောသည်။

UNFC သည် ဂျပန်နိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်မည်ဖြစ်သည်။ ၎င်းအဖွဲ့သည် မွန်၊ ကရင်၊ ရှမ်း၊ လားဟူ၊ ကချင်၊ ပအို့၊ ချင်း စသည့် တိုင်းရင်းသားအဖွဲ့ ၁၁ ဖွဲ့ပါဝင်ဖွဲ့စည်းထားသည်။ ယခု ခရီးစဉ်တွင် ‘၀’ အမျိုးသားအဖွဲ့ချုပ်က ကိုယ်စားလှယ်များ လိုက်ပါနိုင်ခြင်းမရှိကြောင်း သိရသည်။

Shwe Myitmakha Media Group

No comments:

Post a Comment