Thursday, October 18, 2012

အိဒ်ပွဲတော်အတွက် ကျွဲနွားများ ဘင်္ဂလာသို့ တင်ပို့မူ ရခိုင်လယ်ယာ လုပ်ငန်း ထိခိုက်နိုင်



အိပွဲတော်ရက် နီးကပ်လာပြီ ဖြစ်သဖြင့် ဘင်္ဂလာဒေခ်ျ့တွင် ကျွဲနွားများ အထူး ဈေးကောင်းနေရာ ရခိုင်ပြည်နယ်မှ အနှံ့မှ ကျွဲနွားများကို အကြီးအကျယ် တင်ပို့နေကြသဖြင့် ရခိုင်ပြည်နယ်၏ လယ်ယာ လုပ်ငန်းကို ထိခိုက်နိုင်ကြောင်း ကျောက်ဖြူ ဒေသခံ လယ်သမားကြီး တစ်ဦး က ပြောသည်။
ယခု ကျွဲနွားများကို အဓိက တင်ပို့နေသော မြို့နယ်မှာ  ၆ ခု ဖြစ်ပြီး  တရားမ၀င် ပင်လယ် ရေလမ်းကြောင်းများမှ တဆင့် အာဏာပိုင်များကို ငွေပေးကာ ခိုးထုတ် တင်ပို့ နေကြသည်ဟု ဆိုသည်။
“ရပ်ရွာတွေမှာ ကျွဲ၊ နွားတွေ မရှိသလောက်ဖြစ် လာပါတယ်။ အဓိကတော့ လယ်သမားတွေရဲ့ သီးနှံစိုက်ပျိုးခင်း တွေမှာ ထွန်ယက်ဖို့ အခက်အခဲဖြစ်လာတယ်။ နွားကုန်သည်တွေ ဈေးကောင်းပေးပြီး ဘင်္ဂလားဒေ့ခ်ျ နိုင်ငံသို့ တင်ပို့နေတဲ့ အတွက် ဈေးတွေ မြင့်တက်လာပြီး နွားတွေ ရှားလာာတယ်။ သာမန်ရိုးရိုး လူတွေ မ၀ယ်နိုင်တော့ဘူး။ ရခိုင်လယ်သမားတွေက ကျွဲနဲ့ နွားကိုအဓိကအား ကိုးပြီး လုပ်စားနေရတာဖြစ်တယ်။ ကျွဲ၊ နွားမရှိရင် လုပ်ကိုင် စားသောက်ရတာ အခက်အခဲ ဖြစ်နိုင်ပါတယ်”ဟု ကျောက်ဖြူမြို့မှ လယ်သမားကြီးက  ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လ ၈ရက်နေ့က ဖြစ်ပွားခဲ့သော အရေးအခင်းနောက်ပိုင်းတွင်  ကျွဲ၊ နွားများ တင်ပို့မူ ခေတ္တ ရပ်ဆိုင်းသွားသော်လည်း ယခုအခါ အဆက်မပြတ် ၀င်နေကြောင်း  နယ်စပ်အခြေစိုက် တက်ကနက်မြို့မှ စီးပွားရေး လုပ်ငန်းရှင်တဦးကလည်း  နိရဉ္စရာသို့ ယခုလိုပြောသည်။
“ အခု ပုံမှန် ၀င်နေတယ်။ တရက်ကို ကျွဲနဲ့ နွားကောင်ရေ ၂၀၀ ကနေ ၂၂၀အထိဝင်ပါတယ်။ ရခိုင်ပြည်နယ် မြို့နယ် ၆ မြို့နယ်ကနေ ပုံမှန် ၀င်နေတာ ဖြစ်တယ်။ တစ်လကို ကျွဲနဲ့ နွားကောင်ရေ ထောင်ကဏန်းကျော် ၀င်ပါတယ်” ဟုပြောသည်။
ရခိုင်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ဖြစ်နေသော ကျွဲ၊ နွားဈေးနုန်းကိုလည်း ယခုလို သူက ပြောသည်။
“ရခိုင်ဘက်မှာ ကျွဲက ပထမတန်း တကောင်ကို ကျပ် ၆သိန်းကျော်၊ နွားက ပထမတန်းတကောင်ကို ၅သိန်း ကျော်ရှိပါတယ်။ ဘင်္ဂလာဘက်မှာတော့ ကျွဲတကောင်ကို ကျပ် ၇ သိန်း ၀န်းကျင်ရတယ်။ နွားတကောင်ကိုတော့ ကျပ် ၆ သိန်းကျော် ၀န်းကျင်မှာရတယ်။ တခေါက်မှာ ကျွဲနဲ့ နွားရာချီပြီး တင်ပို့နိုင်တော့ အမြတ်တွေရှိတာပေါ့” ဟုပြောသည်။
ရခိုင်မှ  ကျွဲ၊ နွားများကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တင်ပို့ရာတွင် ရေလမ်းကြောင်းတလျှောက်ရှိ လုံခြုံရေး ယူထားသော  အာဏာ ပိုင် အဆင့်ဆင့်ကို ငွေအများအပြား ပေးရသည်ဟု ဆိုသည်။
ကျွဲနှင့် နွားများကို ရခိုင်ပြည်နယ်အတွင်း ရမ်းဗြဲ၊ သံတွဲ၊ ဂွ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များမှ ဈေးကောင်းပေးကာ ၀ယ်ယူပြီး ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ တရားမ၀င်လမ်းမှ တဆင့်မှောင်ခို တင်ပို့နေကြသည်ဟု ပြောသည်။

မူရင်းသတင်း - narinjara.com

No comments:

Post a Comment