Monday, October 1, 2012

လေဘာတီသို့ ခြေတစ်လှမ်းနှင့် သန်း(၆၀)

မှူးဇော်

(The Voice Weekly, Vol. 8/ No. 39, Monday, October 1-7, 2012)
 
လေဘာတီသို့ ခြေတစ်လှမ်း
          နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်သည် မကြာခင်ရက်ပိုင်းအတွင်း ကုလသမဂ္ဂရုံးစိုက်ရာ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီသို့ သွားရောက်တော့မည် ဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး လစ်ဘာတီရုပ်တုကြီးတည်ရှိရာ နယူးယောက်မြို့တွင် နိုင်ငံ တကာ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများလည် ဆောင်ရွက်သွားမည် ဖြစ်သည်။ သမ္မတကြီးသည် နယူး ယောက်သို့ သွားရောက်သည်မှာ ယခုတစ်ကြိမ် ပထမဦးဆုံး မဟုတ်ပါ။ ယခင်အစိုးရလက်ထက်၌ နိုင်ငံတော်ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်ကာလ ၂၀၀၉ ခုနှစ်တွင် အထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ဘူးသည်။


          သို့သော် - အခြေအနေချင်းတော့ မတူပါလေ။ နိုင်ငံတကာပညာရှင်များက မြန်မာ့နွေဦး ဟူ၍  တင်စား ခေါ်ဝေါ်လျက် ရှိကြသော ဒီမိုကရေစီအပြောင်းအလဲများ၏ ပဲ့ကိုင်ရှင်သည် ယခုတစ်ကြိမ် အထွေ ထွေညီလာခံမိန့်ခွန်း၌ မည်သို့သော Message များ ပေးမည်နည်း၊ မည်သို့သော အထင်ကရ မှတ်တိုင်များ စိုက်ထူမည်နည်း ဟူသည်မှာလည်း မြန်မာ့အရေးစိတ်ဝင်စားသူများအတွက် မေးခွန်းတစ်ပုဒ် ဖြစ်နေပြန် သည်။ သမ္မတကြီး၏ လေဘာတီသို့ ခြေလှမ်းတွင် မဟာဗျူဟာ အရွေ့များ မည်သို့ ဖြစ်ပေါ်လာမည်ကို လည်း အလေးထားစောင့်ကြည့်နေကြကြောင်း တွေ့ရှိရသည်။

မြန်မာ့ ဇာတ်ကြောင်းပုံပြင် အသစ်
          ကမ္ဘာ့ဒီမိုကရေစီဖတ်စာ အတော်များများတွင် ဗဟိုဦးစီးထိန်းချုပ်ရေးစနစ်မှ လွတ်လပ်ပွင့်လင်းသည့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းကြရာ၌ နောက်ပြန်လန်ကျခြင်း၊ နောက်ကြောင်းပြန်လှည့်ခြင်း၊ အဆိုး ဝဲဂယက် သံသရာလည်နေခြင်း စသည့် မအောင်မြင်သော ဖြစ်စဉ်များ ရှိခဲ့သလို အောင်မြင်သော ဖြစ်စဉ်များ လည်း ရှိခဲ့သည်။ ပညာရှင်အတော်များများက မျဉ်းတန်းသဘော ဆွဲယူဆက်စပ်နေကြသော အင်ဒိုနီးရှား၊ တောင်ကိုရီးယား စသည့်နိုင်ငံများ၏ ဒီမိုကရေစီခရီးလမ်းကို ပြန်ပြောင်းလေ့လာကြည့်လျှင် နိုင်ငံတော် စီးပွားရေး၊ စီးပွားရေးဆိုင်ရာအင်စတီကျူး ရှင်း စသည်တို့ကို ထိုက်သင့်သည့် အနေအထားအထိ ဆွဲတင်ခဲ့ ပြီးမှ ဒီမိုကရေစီနိုင်ငံရေးစနစ်သို့ ကူးပြောင်းခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။ ယင်းနိုင်ငံများ ဒီမိုကရေစီ နိုင်ငံရေးစနစ်သို့ ကူးပြောင်းသည့်အချိန်တွင် ယင်းတို့ကို တုပ်နှောင်ထားသော ပိတ်ဆိုအရေးယူမှု နှောင် ကြိုးများ ရှိမနေကြပါ။ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ မည်သည်ကို အလေးပေးရမည် ဟူသည်မှာလည်း အထူးတလည် စဉ်းစားဆုံးဖြတ်ရန် မလိုအပ်ကြောင်း တွေ့ရှိရသည်။

          သို့သော် သမ္မတကြီးအတွက်မှာမူ မတူညီသော အခင်းအကျင်း၊ အနေအထားတို့ကို မတူညီသော ပုံစံများဖြင့် ကိုင်တွယ်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ ထောင်ချေက်အတွင်း ပိတ်မိနေခဲ့သော နိုင်ငံရေးစာမျက်နှာကို အားလုံးပါဝင်စေရန် ရဲရဲရင့်ရင့် သတ္တိရှိရှိ၊ အမြော်အမြင်ကြီးမားစွာဖြင့် အလှည့် အပြောင်းတစ်ရပ် ဖန်တီးခဲ့ရခြင်း ဖြစ်သည်။ နိုင်ငံတကာနှင့်ဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံ့ဂုဏ်သိက္ခာမြှင့် တင်မည်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံနိုင်သေးသော ပြည်တွင်း၊ ပြည်ပ အင်အားစုများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည် စသည်ဖြင့် ထုတ်ဖော်ပြောကြားခဲ့သော နိုင်ငံတော်သမ္မတကြီး၏ ပထမဆုံး သော မိန့်ခွန်းကို ကြားခဲ့ရသူအပေါင်းက ဟုတ်ပါ့မလား ဟူသော သံသယစိတ်များဖြင့် မဲ့ပြုံး ပြုံးခဲ့ကြသည် များကိုလည်း ပြန်ပြောင်း သတိရမိသည်။ လက်ရှိအချိန်အခါတွင် နိုင်ငံတော်သမ္မတကြီး ဆောင်ကြဉ်းပေးခဲ့ သော အကျိုးတရားများ တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာနေသည်ကို တွေ့ရှိနိုင်သည်။

          သမ္မတကြီးသည် လေဘာတီသို့ ယခုခြေလှမ်း လှမ်းနိုင်ရန်အတွက် ခြေလှမ်းပေါင်းများစွာ လှမ်းခဲ့ ရသလို လျှောက်လှမ်းခဲ့သော ယင်းခြေလှမ်းများကြောင့် ဖြစ်ပေါ်လာခဲ့သော အရွေ့များသည် အဓိပ္ပါယ် ပြည့် ဝသော သတင်းစကားများ ပြောကြားနေပြီ ဖြစ်သည်။ လက်ရှိ အပြောင်းအလဲများသည် လူနည်းစုထံမှ ထွက်ပေါ်လာခြင်း ဖြစ်၍ ခိုင်မာမှု လိုအပ်နေသေးသည်ဟူသော ယူဆချက်များသည်လည်း “လူ” က အစပြု သော ပြုပြင်ပြောင်းလဲမှုများမှသည် “မူ”ဖြင့် တည်ဆောက်ထားသော ပြုပြင်ပြောင်းလဲမှုများ ဖြစ်လာသော အချိန်၌ အလိုအလျောက် မှေးမှိန်ပျောက်ကွယ်သွားမည်ဟု ထင်မြင်မိသည်။ မူဖြင့် တည်ဆောက်ထားသော အပြောင်းအလဲများဖြစ်စေမည့် နိုင်ငံရေးစနစ် အသက်ဝင် ရှင်သန်လာသည့်နောက် အဆိုပါအနေအထားသို့ ရောက်ရှိစေရန်လည်း မခဲယဉ်းနိုင်တော့ချေ။ တစ်ချို့ကလည်း ဘာမှမပြောင်းလဲသေး ဟူသော သဘောဖြင့် အားမလိုအားမရ တုံ့ပြန်ကြည်သည်လည်း ရှိသည်။ သို့သော်လည်း နိုင်ငံတော်သမ္မတကြီး ဖော်ဆောင်ခဲ့ သော ဖွံ့ဖြိုးရေးဂိမ်းသည် Zero Sum Game တော့ မဟုတ်နိုင်ကြောင်း သတိပြုစေလိုသည်။ မပြောင်းလဲ သေးသော အညွှန်းကိန်းများဟူ၍ ဝေဖန်ပြောကြားလျက်ရှိသော ထောက်ကွက်များကိုလည်း အောက်ပါ အတိုင်း တွေ့ရှိနိုင်သည်-

(၁)     LDC စာရင်းဝင် နိုင်ငံတစ်နိုင်ငံ၊
(၂)     US, EU စသည်တို့၏ Sanction မပျောက်သေး၊
(၃)     ပြည်တွင်းစီးပွားရေးကို မီးထိုးပေးနိုင်မည့် FDI များ လောက်လောက်လားလား မရသေး၊
(၄)     ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည် မပေါ်သေး၊
(၅)     ဆင်းရဲနွမ်းပါးမှု နှုန်းထား လျော့ကျသွားခြင်း မရှိသေး၊
(၆)     ပြည်သူ့ရေးရာဝန်ဆောင်မှုများ သိသိသာသာ မြင့်တက်မလာသေး၊
(၇)     အခြေခံအဆောက်အအုံများ ပြည့်စုံလုံလောက်မှု မရှိသေး။



မြန်မာနိုင်ငံရေး ဓလေ့ ပြောင်းလဲရေး
          နိုင်ငံတော်သမ္မတကြီးသည် နိုင်ငံရေးစနစ်အပြောင်းအလဲ၊ လူမှု-စီးပွား အပြောင်းအလဲ စသည်တို့ သာမက မြန်မာ့လူ့အဖွဲ့အစည်း၏ ဓလေ့ကိုပါ အပြောင်းအလဲ ပြုလုပ်နေရခြင်း ဖြစ်ရာ အရပ်ရပ်နယ်ပယ်စုံ Capacity Building မည်မျှအတိုင်းအတာအထိ လိုအပ်သည်ကို မှန်းဆကြည့်နိုင်ပေလိမ့်မည်။ အထူးသဖြင့် မြန်မာ့ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးသို့ ချီရာလမ်းတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် မီးရှူးတန်ဆောင် ဟု ဆို နိုင်သော Civil Society များ အပြိုင်းအရိုင်း အားကောင်း ခိုင်မာခြင်း မရှိသေးသည်မှာလည်း စိန်ခေါ်မှုတစ် ရပ် ဖြစ်နေသည်။ ပြည်သူလူထု၏ “ပိုင်ခွင့်” များကို ဆွဲတင်ပေးမည့် (ဖူကူးယားမား၏အဆိုအရ)ဘာကလေ မားဖီယားများ များစွာ လိုအပ်သလို နိုင်ငံတည်ဆောက်ရေးဆုံချက်တွင် ဆုံဆည်းကြမည့် သန္နိဌာန်များ ခိုင်မာအားကောင်းရန် များစွာ လိုအပ်သည်။

          သမ္မတကြီး ခင်းထားသော လမ်းကြောင်းကို လေ့လာကြည့်လျှင် အားလုံး ပါဝင်သော နိုင်ငံတည် ဆောက်ရေးကို ပုံဖော်နေခြင်း ဖြစ်ကြောင်း တွေ့ရှိရသည့်အပြင် အရပ်ရပ် နယ်ပယ်စုံ စွမ်းရည်တည်ဆောက် ရေးကိုလည်း ဦးတည်နေကြောင်း တွေ့ရှိရသည်။ ဆိုလိုသည့်သဘောမှာ မည်သည့်ပါတီက အစိုးရအဖြစ် တက်လာစေကာမူ အင်စတီကျူးရှင်းများ၏ ခိုင်မာမှု၊ စွမ်းရည်ပြည့်ဝမှုတို့ဖြင့် ဒီမိုကရေစီကျင့်စဉ်များ အစဉ် သဖြင့် တည်ငြိမ်စွာ လည်ပတ်နေစေရေးကို ဖော်ဆောင်နေခြင်း ဖြစ်သည်။ ယင်းအတွက်ကြောင့်လည်း အားလုံးပါဝင်သော နိုင်ငံရေးလမ်းကြောင်းဖြင့် အရင်းအမြစ်မှန်သမျှ ဆွဲဆောင်နိုင်ရန် ကြိုးပမ်းအားထုတ်နေ ခြင်း ဖြစ်သည်။   ဂလိုဘယ်လိုက်ဇေးရှင်း ကျမ်းရှင် ဂျိုးဇက်စတစ်ဂလစ်၊ ဘော့တွန်ဘီလီယံ ကျမ်းရှင် ပေါလ် ကော်လီယာ၊ သမိုင်းနိဂုံးကျမ်းရှင် မူကူယားမား အစရှိသည့် ကမ္ဘာကျော် ပညာရှင်များ မြန်မာနိုင်ငံသို့ တဖွဲဖွဲ ရောက်ရှိလာခဲ့ခြင်းသည် မတူညီ ခြားနားသော ပညာရှင်ရှုထောင့်များ ထွက်ပေါ်လာစေခဲ့သည်။ အရာရာ ထပ်တူချ၍ မရနိုင်သည့် မျက်မှောက်ခေတ် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေး၏ နိုင်ငံရေး သိပ္ပံနယ်ပယ်၌ Stakeholder တို့၏ အမြော်အမြင်၊ ဆင်ခြင်တုံတရားတို့က အဓိကကျလာနေကြောင်း တွေ့ရှိရသလို မြန်မာ့ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးသည် အထိခိုက် အဆုံးရှုံး မခံနိုင်သော အခြေအနေကောင်း တစ်ရပ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ များစွာ သေချာသော အချက်မှာ မြန်မာ့ဒီမိုကရေစီနှင့် မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး ဇာတ်ကြောင်းပုံပြင်သည် မည်သည့်နိုင်ငံနှင့်မျှ မတူညီသော ဇာတ်ကြောင်းပုံပြင် အဖြစ် တွင်ရစ်တော့မည် ဖြစ်သည်။
သူစိမ်းပြင်ပြင် အိုင်ဒီယော်လိုဂျီအကွဲအပြဲများ ကင်းဝေးလျက် ရှိသည့် လက်ရှိမြန်မာ့နိုင်ငံရေးတွင် သူဖြူ-ကိုယ်မည်း “ဘက်” အစွဲများ ကင်းဝေးလျက် ရှိသည်မှာ အားတက်ဖွယ်ရာ အင်္ဂါရပ်ဟု ဆိုလျှင် မှားမည် မထင်ပေ။ နိုင်ငံတော်နှင့် နိုင်ငံသားများ  ရောက်ရှိရမည့် ပန်းတိုင်မှာ ကွဲပြားခြားနားခြင်း အလျဉ်း မရှိ တူညီနေသော အနေအထားကို တွေ့မြင်နေရခြင်းကြောင့်  ရည်ရွယ်ချက် ပန်းတိုင် တူသူအချင်းချင်း နည်းလမ်းများနှင့် စပ်လျဉ်း၍ မတူတာခွဲလုပ်၊ တူတာတွဲလုပ်ကြရာ၌ နိုင်ငံတည်ဆောက်ရေးဆုံချက်အပေါ် မျက်မှောက်ပြုနိုင်ကြမည် ဆိုလျှင် မြန်မာနိုင်ငံရေးဓလေ့ အပြောင်းအလဲ ဖြစ်လာပါလိမ့်မည်။ မူလက လူပြောင်း-မူ, မပြောင်း ဟု သတ်မှတ်ထားကြသူများအနေဖြင့် ယခုအခါ လူပြောင်း-မူပြောင်း အနေအထား ကို တွေ့မြင်နေရပြီ ဖြစ်ရာ ဆက်လက်၍ လူပြောင်း-မူပြောင်း-ဓလေ့ပြောင်း သို့ ရောက်ရှိရန် မကြာတေ့ဟု ဆိုနိုင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်က နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် လေဘာတီသို့ သွားရောက်ခဲ့သော ခြေလှမ်းနှင့် ယခုအခါ နိုင်ငံတော်သမ္မတအနေဖြင့် လေဘာတီသို့ သွားရောက်မည့် ခြေလှမ်းတို့ မတူညီပါ ဟူ၍ ခံစား သိမြင်နိုင်မည် ဆိုလျှင် လေဘာတီသို့ ခြေတစ်လှမ်း၏ အနက်အဓိပ္ပါယ်ကို မြင်ယောင်ခံစားနိုင်ကြမည်ဟု မျှော်လင့်မိသည်။ တစ်ဖန် နိုင်ငံတော်သမ္မတကြီး၏ လေဘာတီသို့ ခြေတစ်လှမ်းသည် ပြည်သူ သန်း(၆၀)၏ မနက်ဖြန်လည်း ဖြစ်နေလေရာ မြန်မာ့နွေဦး အနာဂတ်သည် ဤခြေတစ်လှမ်းမှ ဆောင်ကြဉ်းပေးသော လက်ဆောင်မွန်တစ်ရပ် ဖြစ်လာနိုင်သည်။  

အချုပ်ဆိုရလျှင် Stakeholder အားလုံး လျှောက်လှမ်းနေကြသော ခြေလှမ်းတို့ ဆုံစည်းစုဝေးရာ ဆုံချက်သည် သန်း(၆၀)အတွက်အကျိုးစီးပွားဟူ၍ အစ်အမှန် ခိုင်ခိုင်မာမာ ပေါ်ထွန်းလာပြီ ဆိုလျှင် အားလုံး ပါဝင်သောနိုင်ငံတည်ဆောက်ရေး ဟူသည့် Common Ground ဖြစ်ပေါ်လာပြီး အားလုံးပါဝင်သော နိုင်ငံ တည်ဆောက်ရေး ဖြစ်ပေါ်လာပြီ ဆိုလျှင် အားလုံးမျှော်လင့်တောင့်တနေကြသော ဒီမိုကရေနှင့် ဖွံ့ဖြိုးရေး သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပေသည်။

No comments:

Post a Comment