Monday, October 1, 2012

ဒေါ်အောင်ဆန်းစုကြည် နှင့် ဆန်ဖရန်စ္စကို မြန်မာ မိသားစုများ တွေ့ဆုံပွဲ

ဆန်ဖရန်စ္စကို၊ စက်တင်ဘာ၂၉   " ကျွန်မတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေဟာ မညံ့ပါဘူး။ အခွင့်အရေးတွေသာ ညံ့ခဲ့တာပါ " ဟုမြန်မာ မိသားစုများနှင့် ဆန်ဖရန်စ္စကိုမြို့တွင် တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။

ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံ ဆန်ဖရန်စ္စကို မြို့တွင် ရောက်ရှိ နေထိုင်နေကြသော မြန်မာမိသားစုများ တွေ့ဆုံပွဲကို University Of SAN FRANCISCO ရှိ War Memorial Gym ခန်းမတွင် ယနေ့ စက်တင်ဘာလ ၂၉ရက် စနေနေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် စတင်ကာ ၁၁နာရီတွင် အောင်မြင်စွာ ကျင်းပ ပြီးစီး ခဲ့ကြောင်း အဆိုပါ တွေ့ဆုံပွဲ ကျင်းပရေး ကော်မတီ ထံမှ သိရှိရသည်။

အခမ်းအနားကို တိုင်းရင်းသား လူငယ် မောင်မယ်များမှ ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြု ပန်းစည်းများ ပေးအပ်ကာ စတင် ဖွင့်လှစ်ခဲ့သည်။
ပထမဦးစွာ ဆန်ဖရန်စ္စကို မြို့တော်ဝန် Mr. Edwin M. Lee မှ ဂုဏ်ပြု အမှာ စကား ပြောကြားကာ ဆန်ဖရန်စ္စကို မြို့သူ၊ မြို့သားများ၏ ထာဝရ နွေးထွေးစွာ ကြိုဆိုမှု အထိမ်းအမှတ် အဖြစ် ရွှေသော့ လက်ဆောင် ပေးအပ်ခဲ့သည်။

ထို့နောက် ကွန်ဂရက် လွှတ်တော် သဘာပတိဖြစ်သူ Mrs. Nancy Pelosi မှဂုဏ်ပြု အမှာစကား ပြောကြားပြီး University Of SAN FRANCISCO မှချီးမြှင့်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ အား ကျောင်း ဥက္ကဌ ဖြစ်သူ Rev. Stephen A. Privett မှ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်မှ တက်ရောက်လာကြသော မြန်မာမိသားစုများနှင့် ဧည့်ပရိတ်သတ် များအား အင်္ဂလိပ်ဘာသာ စကားဖြင့် မိနစ်အနည်းငယ် အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာဘာသာဖြင့်ပင် ဆက်လက် ပြောကြားကာ စာရေးသာ မေးမြန်းကြသည်များကို ပရိတ်သတ်သို့ ဖြေကြား သွားခဲ့သည်။

လူဦးရေ ၅၀၀၀ နီးပါးခန့် ဝင်ဆန့်သော War Memorial Gym ခန်းမအတွင်း ပြည့်လုနီးပါး တက်ရောက်လာခဲ့ကြသော မြန်မာတိုင်းရင်းသာ မိသားစုများအား Mrs. Nancy Pelosi မှ အမေရိကနိုင်ငံ တစ်ဝှမ်းတွင် အမြောက်များဆုံး မြန်မာ မိသားစု အသိုင်းအဝိုင်း တစ်ခုအဖြစ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။

ရဟန်းသံဃာတော်များ၊ လူကြီး၊ လူငယ် ကျား၊ မ တိုင်းရင်းသား အသက်အရွယ်စုံ စိတ်အားထက်သန်စွာ တက်ရောက် လာခဲ့ကြသော အဆိုပါ တွေ့ဆုံပွဲကို အမေရိကန်နိုင်ငံ အခြေစိုက် မြန်မာသတင်းနှင့် မီဒီယာများ၊ ဌာနေ ရုပ်သံနှင့် သတင်းမီဒီယာ များစွာမှ တက်ရောက် မှတ်တမ်းတင် သတင်းရယူခဲ့ပြီး လုံခြုံရေး အထူးဂရုပြု ကြပ်မတ် ဆောင်ရွက်ခဲ့သည်ဟု တွေ့ဆုံပွဲကျင်းပရေး ကော်မတီမှ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက်၍ လော့(စ)အိန်ဂျယ်လိစ်မြို့သို့ ထွက်ခွာကာ ဒေသခံ မြန်မာ မိသားစုများနှင့် အောက်တိုဘာလ ၂ရက်နေ့တွင် တွေ့ဆုံမည် ဖြစ်သည်။
From-TheVoiceWeekly

No comments:

Post a Comment