Saturday, October 27, 2012

စာအိတ်ထဲကျည်ဆန်ထည့် စိန်ခေါ်ခံ ရပေမယ့် ငြိမ်းချမ်းရေးအတွက် နောက်မတွန့်သူ

ကမ္ဘာပေါ်တွင် ပြည်တွင်း စစ်ဖြစ်ပွားမှု အရှည်ကြာဆုံး နိုင်ငံဟု မှတ်တမ်းဝင်နေသောမြန်မာနိုင်ငံ၌ တစ်နှစ်အတွင်း အစိုးရ ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ဦးဆောင် လုပ်ကိုင်ခြင်းဖြင့် အရေးပါသူတစ်ဦး ပေါ်ထွက်ခဲ့သည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏
တာဝန်ပေးမှုအရ ရထားပို့ဆောင်ရေး ၀န်ကြီးအဖြစ်မှ ငြိမ်းချမ်းရေး ဖော်ဆောင်သူဖြစ်လာသော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဦးအောင်မင်းက ၂၀၁၁ အောက်တိုဘာ ၁၉ တွင် အပစ်အခတ် ရပ်စဲရေးကို ပင် နှစ် ၆၀ ကျော်ကြာ သဘောတူညီချက် မရခဲ့ဖူးသော ကေအင်န်ယူ အဖွဲ့နှင့် ဆွေးနွေးပြီးစတင်ခဲ့သည်။

တစ်နှစ်တာ ကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးအတွက် ၄၅ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုအထဲတွင် ကေအိုင်အေ (ကချင်လွတ်မြောက်ရေး တပ်မတော်) မှအပ ကျန်တိုင်းရင်းသား အဖွဲ့များအားလုံးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ သည်။ ဦးသိန်းစိန် အစိုးရ၏ သက်တမ်း တစ်နှစ်ကျော်ကာလအတွင်း ကမ္ဘာ့နိုင်ငံများကပင် အံ့သြရလောက်အောင် နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများ၊ အပြောင်းအလဲများခဲ့သော မြန်မာနိုင်ငံတွင် ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော စစ်ပွဲများချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရရန်မှာ နိုင်ငံအတွက် အရေးကြီးဆုံး အကြောင်းအရာ များထဲက တစ်ခုဖြစ်သည်။ ကေအိုင်အို၊ ကေအိုင်အေ အဖွဲ့များနှင့် ငြိမ်းချမ်းရေးရရှိအောင် ဦးဆောင်ဆွေးနွေးနေသူ လည်းဖြစ်သော နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကို အောက်တိုဘာ ၂၁ ရက်၌ နေပြည်တော်တွင် တွေ့ဆုံမေးမြန်းထား သည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

အစိုးရသစ်လက်ထက်မှာ ရထားပို့ဆောင်ရေးဝန်ကြီးကနေ ငြိမ်းချမ်းရေးဖော်ဆောင်သူအဖြစ် ဦးဆောင်လုပ်ကိုင်တော့ နိုင်ငံရေးလေ့လာသူတွေ မျက်စိလည်သွားတယ်။ ဘာကြောင့် ရထားပို့ဆောင်ရေး ၀န်ကြီးကနေ ငြိမ်းချမ်းရေးဖော်ဆောင်သူ ဖြစ်လာရတာလဲ။
လူတစ်ယောက်ရာထူးရတယ်။ အာဏာ၊ လုပ်ပိုင်ခွင့်ရတယ်ဆိုတာ ခေါင်းဆောင်လုပ်တဲ့သူအပေါ်မှာ မူတည်တယ်။ ခေါင်းဆောင်ဆိုတာ အခု လောလောဆယ် ဦးသိန်းစိန်ပေါ့။ ဗိုလ်ချုပ်မှူးကြီးတို့လက်ထက်ကလည်း ဒီလိုပဲ။ ကျွန်တော်တို့ကြိုးစားပြီး လုပ်ခဲ့တာပဲ။ သူတို့က ကျွန်တော်တို့ရဲ့ လုပ်ရည်ကိုင်ရည်ကို မသိတော့ ကျွန်တော်တို့ကိုမခိုင်းဘူး။ ဘာလို့ မခိုင်းလဲဆိုတော့ အဲဒီမှာ ဘာသာရပ် Attachment ဆိုတာရှိတယ်။ သူက အရင်တုန်းက တွဲလုပ်ခဲ့ဖူးတဲ့သူတွေ၊ သူနဲ့ ခင်တဲ့သူတွေ၊ ဒီ Attachment ဖြစ်တဲ့သူတွေကို ပဲခိုင်းတာ။ အခုသမ္မတကြီး၊ သမ္မတဖြစ်လာတော့ သူက ကျွန်တော်တို့ကို ခိုင်းတယ်။ သမ္မတကြီးနဲ့ ကျွန်တော်တို့ ပြောကြကြေးဆို ငယ်ငယ်လေးကတည်းက အတူနေခဲ့ဖူးတယ်။ နေခဲ့ဖူးတော့ ကျွန်တော်တို့ အကြောင်း ကောင်းကောင်းသိတယ်။ ကျွန်တော်တို့ကို ခိုင်းရင်ရမယ်ဆိုတာသိလို့ ကျွန်တော်တို့ကို ခိုင်းတာပဲ။ ဒါကြောင့် Attachment က စကားပြောတယ်။ အခုက သမ္မတကြီးကနေ တိုက်ရိုက်ခိုင်းလို့ ဟိုမှာသွားပြောတယ်။ သမ္မတကြီးကိုယ်စား ကျွန်တော်က လိုအပ်တာတွေ ဆုံးဖြတ်ချက်တွေ ရဲရဲတင်းတင်း ဆုံးဖြတ်တယ်။ ဒီကိုပြန်လာတော့လည်း သမ္မတကြီးက ကျွန်တော် ဆုံးဖြတ်တာတွေကို တာဝန်ယူတယ်။ သမ္မတကြီးက ဘာလို့ခိုင်းလဲဆိုတော့ ယုံလို့ခိုင်းတာ။
ကျွန်တော့်ရဲ့အားသာချက်တွေက ဘာလဲဆိုတော့ မြန်မာပြည်တစ်ပြည်လုံး မြေပုံမလို၊ စကားပြန်မလိုဘဲ လမ်းပြမလိုဘဲနဲ့ သွားလို့ရတယ်။ ဘာလို့သွားလို့ရလဲဆိုတော့ ၁၉၆၈ တပ်ထဲဝင်တယ်။ ၁၉၇၁ မှာ ဗိုလ်ဖြစ်တယ်။ အဲဒီအချိန် ကစပြီး မြန်မာပြည်တစ်ပြည်လုံးကို မရောက်တဲ့နေရာ တစ်ခုမှမရှိဘူး။ မဆက်ဆံဖူးတဲ့ တိုင်းရင်းသား တစ်ယောက်မှ မရှိဘူး။ တိုင်းရင်းသားတွေနဲ့ တွေ့ရင် သူတို့ရဲ့ စိတ်ထဲမှာ ဘာတွေခံစားနေရသလဲ၊ သူတို့အတွက် ဘာတွေလိုလဲဆိုတာ အမြဲစဉ်းစားတယ်။ ကိုယ်ချင်းစာတရား ထားတယ်။ ကိုယ်မလုပ်နိုင်တာ တိုင်းရင်းသားကို မခိုင်းဘူး။ ကျွန်တော်စစ်တပ်ထဲမှာ လုပ်ခဲ့ပေမယ့် နာမည်ပျက်တစ်ခုမှ မရှိဘူး။ ရောက်တဲ့နေရာတိုင်း တိုင်းရင်းသားတွေက ချစ်တယ်။ ဒါတွေကို သမ္မတကြီးက သိတယ်။ ကျွန်တော်ကိုယ်တိုင်က ငြိမ်းချမ်းရေးကို လိုလားတယ်။ ကျွန်တော်ငယ်တုန်းက ထောက်လှမ်းရေးမှာကျတယ်။ ထောက်လှမ်းရေးမှာ များသောအားဖြင့် သူများတွေထောင်ကျမှ ရာထူးတက်တယ်။ သူများတွေ အပြစ်များများ ပေးနိုင်တဲ့အခါမှ ရာထူးတက်တာ၊ ကိုယ့်ထောက်လှမ်းရေး သမိုင်းမှာ တစ်ဦးတစ်ယောက်ကိုမှ ထောင်မချခဲ့ဘူး။ လူတစ်ဦးတစ်ယောက်ကိုမှ ဒုက္ခရောက်အောင် မလုပ်ခဲ့ဘူး။ ဒုက္ခရောက်တဲ့သူတွေကို လိုက်ကယ်တာပဲ ရှိတယ်။ ခင်ဗျားတို့ ဒီလူကို အပြစ်ချတာ မှားတယ်။ ဒီလူမှာ အပြစ်မရှိ ဘူး။ ခင်ဗျားတို့ ဒီလောက်အပြစ်ကြီးချလို့ မရဘူးလို့ ရှေ့နေလိုက်တော့ ကျွန်တော့်ကို ဘယ်လောက်ထိ အပြောခံရဖူးလဲ ဆိုတော့ ဗိုလ်ချုပ်တင်ဦး (မျက်မှန်ဦးတင်ဦး) က မင်းပွဲခ ဘယ်လောက်ရလို့ ရှေ့နေလိုက်တာလဲလို့ မေးဖူးတယ်။ ကျွန်တော်ပွဲခ ရလို့လိုက်တာ မဟုတ်ဘူး။ တကယ်နစ်နာတဲ့ သူတွေရှိလို့ သူတို့ဘက်က ရပ်တည်ပြီး ပြောပေးတာလို့ ပြန်ပြောလိုက်တယ်။

ကျွန်တော်ရဲ့စိတ်ဓာတ်က ငြိမ်းချမ်းရေး လိုလားတယ်။ နယ်မြေ လည်းကျွမ်းတယ်။ တိုင်းရင်းသားတွေရဲ့ နစ်နာချက်တွေ ခံစားချက်တွေကိုလည်း သိတယ်။ အဲလိုလူမျိုးမှမခိုင်းရင် ဘယ်လိုလူခိုင်းမလဲ။ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ တွေ့ဆုံဆွေးနွေးမှုတွေ အများကြီး လုပ်ရတယ်။ အလုပ်သဘော ဆွေးနွေးမှုတွေ အများကြီးလုပ်ရတယ်။ ငြိမ်းချမ်းရေးလုပ်တဲ့အခါ သူတို့နယ်မြေကို သွားရတယ်။ စခန်းထဲ သွားတဲ့အခါ ကိုယ်ပေါ်မှာ လက်နက်ပါ၊ မပါ၊ Body Search လုပ်တယ်။ ၀န်ကြီးတစ်ဦးအနေနဲ့ Body Search လုပ်တာခံရတယ်။ ကျွန်တော်စိတ်မဆိုးဘူး။ ကျွန်တော်က သူတို့စားစေချင် လို့ မုန့်ဝယ်သွားတယ်။ မစားဘူး။ အဆိတ်ခတ်မှာကြောက်လို့။ ပေးတဲ့ဖောင်တိန်တွေ၊ နာရီတွေ သူတို့မယူဘူး။ ဒီထဲမှာ ချိန်ကိုက်ဗုံးတွေ၊ ဘာတွေ သူတို့ကို ဒုက္ခပေးမှာကြောက်လို့ မယူဘူး။ အဲလိုကနေယုံကြည်မှု စတည်ဆောက်ရတာ။ ငြိမ်းချမ်းရေး လက်မှတ်ထိုးတာ ကျွန်တော်ကို ယုံတာ လည်း တစ်ပိုင်းပါတယ်။ သမ္မတကြီးပေါ်မှာ ယုံတာလည်း တစ်ပိုင်းပါ တယ်။ လူတွေမြင်တာက အခုချက်ချင်းသွား၊ အခုလက်မှတ်ထိုးတယ်လို့ ထင်နေတာ။ အဲဒီမတိုင်ခင် မှာလုပ်တဲ့ အလွတ်သဘောဆွေးနွေးပွဲတွေမှာ အများကြီး ညှိခဲ့ပြီးခါမှ အဲဒီလို လက်မှတ်ထိုးနိုင်တာ။ ဆွေးနွေးမှုတွေ သွားတဲ့အခါ အောင်မြင်ချင် မှအောင်မြင်တာ။ စကားလေးနည်းနည်း မှားသွားတာနဲ့ နောက်ပြန်ဆုတ်သွားမယ်။

ဥပမာ မွန်ပြည်သစ်ပါတီနဲ့ ဘုရားသုံးဆူမှာ စကားသွားပြောတဲ့အခါ အထွေထွေအတွင်းရေးမှူး ဦးနိုင်ဟန်သာက ကျွန်တော့်ကို ဘယ်လောက်ထိ ပြောလဲဆို တစ်နာရီခွဲကြာတယ်။ နှစ်ပေါင်း ၆၀ လုံးမှာ အစိုးရအပေါ် မကျေနပ်တာပုံပြီး ပြောတယ်။ ကျွန်တော်ပြုံးပြီး နားထောင်တယ်။ အဲဒီမှာ ငြိမ်းချမ်းရေး အကျိုးဆောင်တစ်ဦးဆို ဒီလောက်အကြာကြီးပြောလို့ စိတ်တွေတိုနေတယ်။ သူ့ကို ခင်ဗျားစိတ်တိုရင် အစည်းအဝေးခန်းထဲက ထွက်သွား။ ဘာမှဝင်မပြောနဲ့။ ခင်ဗျားပြောရင် ပျက်သွားလိမ့်မယ်။ တစ်နာရီခွဲကြာ သူပြောပြီး ပြောစရာမရှိတော့မှ ကျွန်တော်ပြောတာ။ တိုင်းရင်းသား တွေတောင်းတဲ့ အဓိကအချက်က တန်းတူညီတူမှု၊ ကြီးကြီးကျယ်ကျယ်ပြောရင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ နိုင်ငံရေး အသုံးအနှုန်းနဲ့ပြောရင် Power Sharing (အာဏာခွဲဝေအသုံးပြုမှု) ပေါ့။ နောက်တစ်ခု သူတို့ဘာတောင်းဆိုလဲဆိုရင် စီးပွားရေးနဲ့ ပတ်သက်ပြီး ဘာလဲဆိုတော့ Resource Sharing ။
ဥပမာ ကချင်ပြည်နယ်မှာဆိုရင် ကျောက်စိမ်းထွက်တယ်။ ကျောက်စိမ်းကထွက်တဲ့ ရာခိုင်နှုန်းအမြတ်ကို သူတို့လိုချင်တယ်။ သူတို့ပြည်နယ်တွေ ကထွက်တဲ့ သတ္တုတွေရဲ့ ရာခိုင်နှုန်းကို သူတို့လိုချင်တယ်။ Power Sharing နဲ့ ပတ်သက်လို့ ကျွန်တော်ရဲ့ခံယူချက်ကတော့ ကရင်ပြည်နယ်ကို ကရင်တွေ အုပ်ချုပ်ရမယ်။ ရှမ်းပြည်နယ်ကို ရှမ်းတွေအုပ်ချုပ်ရမယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ အုပ်ချုပ်ရမယ်။ Resource Sharing လွှတ်တော်က ဆွေးနွေးတော့မယ်။ ကျောက်စိမ်းဆိုရင် ဘယ်လောက်ပေးခဲ့ပါ။ ရေနံဆိုရင် ဘယ်လောက်ပေးခဲ့ပါ။ ပေးပုံပေးနည်း ရာခိုင်နှုန်း တူချင်မှ တူမယ်။ ပေးတဲ့ပိုက်ဆံကိုလည်း တိုင်းနဲ့ပြည်နယ်အစိုးရကိုပဲ ပေးမှာပေါ့။ အစိုးရကလည်း သူ့တိုင်းနဲ့ပြည်နယ်ထဲမှာ လိုတဲ့လမ်းတွေ၊ တံတားတွေ၊ ဆေးရုံတွေ၊ ကျောင်းတွေ စတာတွေ လုပ်မှာပေါ့။ ကျွန်တော်တို့က ကြိုစဉ်းစားထားပါတယ်။

အရင်းအမြစ် ခွဲဝေသုံးစွဲမှု (Resource Sharing) နဲ့ ပတ်သက်ပြီး ဘယ်လွှတ်တော်မှာ ဆွေးနွေးမှာပါလဲ။
အခုကျင်းပနေတဲ့ လွှတ်တော်မှာ ဆွေးနွေးတော့မှာ။

ဝန်ကြီး ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးမှု ကေအင်ယူနဲ့လုပ်ဖို့ မဲဆောက်ကို မြ၀တီကနေ ကိုယ်တိုင်ကားမောင်းပြီး သွားခဲ့တာ သိရပါတယ်။ ဒီလိုပဲ ဆွေးနွေးမှုတွေလုပ်တဲ့အခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရဲ့ နယ်မြေထဲကို အကြိမ်ပေါင်းများစွာ သွားခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်တာမျိုးဖြစ်ဖူးလား။
ငယ်ငယ်တုန်းက စစ်သားလုပ်တဲ့အခါမှာ စိတ်တစ်ခုပဲထားတယ်။ အဲဒီစိတ်က ဘာလဲဆိုတော့ သေရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ ဆိုတော့ ဘာမှ မကြောက်တော့ဘူး။ အခု အစိုးရ၀န်ကြီး ဖြစ်လာတော့ ပြုတ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ ကျွန်တော်လည်း အာဂတိ လိုက်စားတာလည်း မရှိဘူး။ ကျွန်တော့်ကို ဘာလို့ထောင်ချမှာလဲ။ မှားခြင်းမှားရင် လုပ်ရင်ကိုင်ရင်း မှားတဲ့အမှားပဲ ရှိမယ်။ ကျွန်တော့်ကို ဖြုတ်ရုံကလွဲလို့ ဘာမှမဖြစ်ဘူး။ သေရုံကလွဲလို့လည်း ဘာမှမဖြစ်ဘူး။ ပြုတ်ရုံကလွဲလို့လည်း ဘာမှမဖြစ်ဘူးဆိုတဲ့ လူတစ်ယောက်က ဘာမှမကြောက်တော့ဘူး။ ဒီလိုပဲသွားရတာ။ ချင်းမိုင်ကို ကျွန်တော်သွားတဲ့အခါ ကျွန်တော့်ကို မကျေနပ်တဲ့ အဖွဲ့အစည်းတစ်ခုက စာအိတ်ထဲမှာ ပစ္စည်းတစ်ခုထည့်ပြီး ပေးလိုက်တယ်။ တိုင်းရင်းသားတွေမှာ အစဉ်အလာတစ်ခုရှိတယ်။ အဲဒါဘာလဲဆိုရင် လူတစ်ယောက်ကို စိန်ခေါ်တဲ့အခါမှာ အဲဒီပစ္စည်းတစ်ခုကို ထည့်ပေးတယ်။ အဲဒီစာအိတ်က ဘာလဲဆိုရင် ကျည်ဆန်တောင့် ထည့်ပေးထားတယ်။ ဒါ ကျွန်တော်ကို စိန်ခေါ်တာ။ ဒီကိစ္စကို မရှုပ်ပါနဲ့ဆိုတဲ့ သဘောပေါ့။ ဒီလို စိန်ခေါ်ခံရတာ။ နောက် သူတို့ဘာပြောလဲဆိုတော့
ဥပမာ အဆင့်အမြင့်ဆုံး အိုဘားမားတောင် သတ်ဖို့လူငှားရင် ဘတ် ၄၂၀၀၀ ပဲပေးရတယ်။ ဘတ် ၄၂၀၀၀ ပေးရင် သတ်ရဲတဲ့သူတွေ ရှိတယ်လို့ ပြောတယ်။ ကျွန်တော်က ပြန်ပြောလိုက်တယ်။ ဦးအောင်မင်းဆိုရင်တော့ ဘတ် ၁၀၀၀၀ တော့ တန်ကြေးရှိမယ်လို့ ထင်တယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှ မစိုးရိမ်ဘူး။ ပထမဆုံး ကေအင်ယူနဲ့တွေ့တဲ့အခါ ဘန်ကောက်ကနေ မဲဆောက်ကို ၆ နာရီပဲ ကားမောင်းရတဲ့ခရီးက ရေကြီးနေလို့ ရေလွတ်တဲ့ တောင်ပေါ်လမ်းတွေက မောင်းရင်းနဲ့ ၁၃ နာရီ မောင်းရတယ်။ ကချင်ဘက်ကို သွားတော့လည်း ပထမလွယ်ဂျယ်မှာ တွေ့မယ် ဆိုပေမယ့် မိုင်းဂျာရန် အထိခေါ်တယ်။ လိုက်သွားတယ်။ ဒီလိုပဲ စွန့်စွန့်စားစားသွားရတာပဲ။

အင်အားကြီးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကေအင်ယူနဲ့ နှစ် ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်နိုင်တာ တွေ့ရတယ်။ တခြား အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ကေအိုင်အေနဲ့တော့ အခြေအနေက မထူးသေးဘူး။ ဒီအဖွဲ့ကြီးနှစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ ကြုံရတဲ့အတွေ့အကြုံက ဘာဖြစ်မလဲ။
ကေအင်န်ယူက နှစ်ပေါင်း ၆၀ လောက် အစိုးရအဖွဲ့နဲ့ ထိတွေ့မှု လုံးဝမရှိဘဲနဲ့ အထင်လွဲနေတယ်။ ယုံကြည်မှုကင်းမဲ့နေတယ်။ ထိတွေ့ဆက်ဆံ တဲ့ အခါမှာ ကျွန်တော်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကျွန်တော့်ကိုယုံလာတယ်။ ကျွန်တော်ဘယ်လောက်ထိ ပြောလဲဆိုတော့ ထမင်းစားတဲ့အခါမှာ ခင်ဗျားတို့မစားနဲ့။ ကျွန်တော်အရင်စားမယ်။ ကျွန်တော်မသေတော့မှ ခင်ဗျားတို့စား။ သူတို့အဖွဲ့က ကျွန်တော်တို့ကို ပြောတာရှိတယ်။ ဦးအောင်မင်း ကျွန်တော်တို့ ဘက်ကတော့ ကတိတည်မယ်နော်။ ခင်ဗျားတို့ စစ်တပ်က ကတိမတည်ရင် ကျွန်တော်တို့ အပြစ်မပြောနဲ့။ ငြိမ်းချမ်းရေး ပြန်ပျက်နိုင် တယ် လို့ပြောတယ်။ ကျွန်တော်က ပြန်ပြောတယ်။ မှန်တဲ့ဘက်က ရပ်တည်မယ်။ မှန်တဲ့ဘက်က ၀င်ကူမယ်။ ငြိမ်းချမ်းရေး လုပ်တဲ့အခါမှာ အချက်ခြောက်ချက်နဲ့ ကိုက်ညီရမယ်။
နံပါတ်တစ် ခေါင်းဆောင်လုပ်တဲ့ သမ္မတကြီးကိုယ်တိုင် ငြိမ်းချမ်းရေး လိုလားရမယ်။
နံပါတ်နှစ် လက်နက်ကိုင် တဲ့ တိုင်းရင်းသားတွေ ကိုယ်တိုင် ကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။
နံပါတ်သုံး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တကယ်ထိတွေ့ ဆက်ဆံနေတဲ့ တပ်မတော်ကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။
နံပါတ်လေး ပြည်သူပြည်သား သန်း ၆၀ လုံးကလည်း ငြိမ်းချမ်းရေးကို လိုလားရမယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးအတွက်က အားလုံးမှာ တာဝန်ရှိတယ်။
နံပါတ်ငါး နိုင်ငံတကာကလည်း ထောက်ခံအားပေးဖို့ လိုအပ်တယ်။
နံပါတ်ခြောက် ငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတဲ့ ပလေယာတွေကောင်းဖို့ အရေးကြီးတယ်။
ဒီအချက် ခြောက်ချက်နဲ့ကိုက်ညီမှ ငြိမ်းချမ်းရေးရတာ။ အခုချိန်က ဒီအချက်ခြောက်ချက်နဲ့ကိုက်ညီတဲ့အချိန် ဖြစ်တယ်။ ဒီအချိန်က အကောင်းအခါ ဖြစ်တယ်။ ကချင်က တပ်မတော်အစိုးရ လက်ထက်ထဲက ပါလာတဲ့ ပြဿနာဖြစ်တယ်။ ပြဿနာကို သုံးသပ်တဲ့အခါမှာ ကျွန်တော် ကရင်ကိုကိုင် တယ်။ ကယားကိုကိုင်တယ်။ မွန်ကိုကိုင်တယ်။ သုညကနေစရတာ။ သုညကနေတစ်။ တစ်ကနေနှစ်။ နှစ်ကနေသုံး၊ လေး စသည်ဖြင့်။ ကချင်ကိစ္စ ကို တာဝန်ယူရတဲ့အခါ ကျတော့ သုညကနေ စရတာမဟုတ်ဘူး။ အနုတ်လေးကနေ စရတာ။ အနုတ်လေးကနေ အနုတ်သုံးကို ဆွဲတင်။ အနုတ်သုံး ကနေ အနုတ်နှစ်ကိုဆွဲတင်။ အခုဆို အနုတ်တစ်လောက်ကို ရောက်လာပြီ။ မူလအခြေအနေကို မရောက်သေးဘူးနော်။ မူလအခြေအနေကို ရောက်ဖို့က အပစ်အခတ်ရပ်စဲရေး အဓိကလိုပါတယ်။ အပစ်အခတ်ရပ်စဲဖို့လည်း တပ်တွေက ရောထွေးနေတယ်။ ဒီဘက်က တပ်မတော်ကလည်း ရှေ့ကိုကျော်နေတယ်။ သူတို့တပ်တွေကလည်း ဒီဘက်ကိုကျော်နေတယ်။ ဒီဘက်တပ်တွေကလည်း သူတို့နယ်မြေထဲကို ရိက္ခာပို့ရမယ်။
နေမကောင်းတဲ့ လူနာတွေသွားခေါ်ရမယ်။ အဲဒီအခါမှာ ကြားကဖြတ်ဆွဲတာပေါ့။ သူတို့ဘက်ကလူတွေကလည်း ဒီဘက်ကိုကျော်နေတော့ ရိက္ခာပို့တာတို့၊ ဆက်ကြေးကောက်တာတို့မှာ တပ်ကတိုက်တာပေါ့။ အဲဒီတော့ ဘာလုပ်ရမလဲဆိုရင် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ဘာသာရပ်မှာ တပ်တွေက နောက်ပြန်ဆုတ်ရမယ်။ ဘယ်လောက်ထိ ဆုတ်ရမလဲဆိုတော့ ငါးကီလိုမီတာအထိ ဆုတ်ရမယ်။ ငါးကီလိုမီတာဆိုတာ လက်နက် ငယ်တစ်ကမ်း။ သုံးကြိမ်အလွတ်သဘောဆွေးနွေးပြီး အခုဆွေးနွေးမယ့်အကြိမ်က တပ်တွေရွှေ့ဖို့ကိစ္စပဲ။ တပ်တွေ သူ့နေရာသူ ရောက်သွားရင် တိုက်ပွဲမဖြစ်တော့ဘူး။ အဲဒီကျမှ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ လုပ်ငန်းစဉ်ကို သွားရမယ်။ အခုဆွေးနွေးမှာက သုညအဆင့်ကို ရောက်အောင် လုပ်မယ့်ဆွေးနွေးပွဲပဲ။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က ပြောတာရှိပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တပ်မတော်က အတိုင်အဖောက် မညီဘူး။ ဥပမာကေအိုင်အိုနဲ့ ကေအိုင်အေနဲ့ ဦးတို့က ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာ တစ်ဖက်ကလည်း စစ်တိုက်တာမရပ်ဘူး။ ဒါနဲ့ပတ် သက်ပြီး ဘာများမှတ်ချက်ပေးချင်လဲ။
တပ်တွေက သိပ်ရှုပ်ထွေးနေတဲ့အခါမှာ တပ်မှာက Never Say Sorry ။ မှားပစ်ပြီးမှ၊ လူသေပြီးမှ ဆောရီးပြောလို့မရဘူး။ ဟိုဘက်ကလည်း ဆောရီးလို့ မပြောဘူး။ ဦးအောင်ချမှာ။ ဒီလိုရှုပ်ထွေးနေတဲ့ ကာလမှာဖြစ်တာ။ ဒါကို အချိန်နဲ့ ကုစားရမယ်။

အခု ကေအိုင်အို၊ ကေအိုင်အေနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အောင်မြင်ဖို့ ယုံကြည်မှုဘယ်လောက်ရှိလဲ။
ယုံကြည်မှုအပြည့်ပဲ။

ယူအင်န်အက်ဖ်စီ (တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ)နဲ့ ဘယ်တော့ဆွေးနွေးမှာပါလဲ။
ဒီဇင်ဘာလ ၃၁ ရက်ပါ။

လက်ရှိငြိမ်းချမ်းရေး ဆောင်ရွက်တဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပဲ တွေ့ဆုံဆွေးနွေးပြီး သဘောတူညီချက် ရအောင် လုပ်နေ တယ်။ အဲဒီဒေသတွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့အသံကို နားမထောင်ဘူးလို့ ပြောတာရှိပါတယ်။ ပြည်သူတွေမပါဘဲနဲ့ ထာဝရ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ ပြောကြတဲ့အပေါ်မှာ ဘာများမှတ်ချက်ပေးချင်ပါလဲ။
ဘယ်နိုင်ငံမှာမဆို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေက လက်နက်ကိုင်နှစ်ဖွဲ့ချင်းပဲ ဆွေးနွေးတာပဲ။ နောက်ပိုင်းကျမှ ပြည်သူလူထုတွေ နိုင်ငံတကာက စောင့်ကြည့်တဲ့သူတွေပါမယ်။ ပြည်သူတွေအခန်းကဏ္ဍလာမယ်။ ဒီအချိန်မှာအရေးကြီးဆုံးက ပြည်သူလူထုပဲ။ သန်း ၆၀ ရှိတဲ့ ပြည်သူလူထုက လက်မခံရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့လည်း ရပ်တည်လို့မရဘူး။ အစိုးရလည်း ရပ်တည်လို့မရဘူး။ ဘယ်သူမှရပ်တည်လို့မရဘူး။ နောက်ဆုံး အဆုံးအဖြတ်က ပြည်သူလူထုပဲ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး၊ ငြိမ်းချမ်းရေးအကျိုးဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ စတဲ့ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို လွှတ်တော်မှာကျင်းပပြီး ထာဝရငြိမ်းချမ်းရေး အတွက် စုပေါင်းဆွေးနွေးပြီး အဖြေရှာ လက်မှတ်ထိုးမယ်လို့ ရည်မှန်းထားကြောင်း သိရပါတယ်။ ဒီအခြေအနေကို ဘယ်တော့ရောက်မယ်လို့ ခန့်မှန်းလဲ။
၂၀၁၅ မှာ နောက်ရွေးကောက်ပွဲလာမယ်။ နောက်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြန်ပါနိုင်စရာ အကြောင်းမရှိဘူး။ ၂၀၁၅ မတိုင်ခင် ကျွန်တော်ရှိ တုန်း ပြီးအောင်လုပ်သွားမယ်။ သမ္မတကြီးလည်း ဒီလိုစိတ်မျိုးပဲ။
ကျေးဇူးတင်ပါတယ်။

အားမာန်
7 Day News Journal

No comments:

Post a Comment