Friday, October 12, 2012

ရှားခဲအင်းပြဿနာအား အရေးကြီးအဆိုအဖြစ် တိုင်းလွှတ်တော်၌ အတည်ပြု

ကျင်းပနေသော ဧရာဝတီတိုင်းလွှတ်တော်တွင် ရှားခဲအင်းပြဿနာနှင့်ပတ်သက်၍ ကျုံပျော်(၁)မဲဆန္ဒနယ် ကိုယ်စား လှယ် ဦးသန်းထွန်း တင်သွင်းခဲ့သော အရေးကြီးအဆိုအား ကိုယ်စားလှယ်(၅)ဦးမှ ဆွေးနွေး အတည်ပြု လိုက်ပြီဖြစ်သည်။
လွှတ်တော်စတင်ကျင်းပသောနေ့၌ပင် ဦးသန်းထွန်းမှ ရှားခဲအင်းပြဿနာများမှာ တာဝန်ရှိသူတို့မှ အချိန်နှင့် တပြေးညီဖြေရှင်း မပေးခဲ့၍ မင်းမဲ့စရိုက်များ၊ လူသတ်ပွဲများ ဖြစ်ခဲ့ခြင်း၊ ရဲဝန်ထမ်းအချို့မှ ဥပဒေနှင့် မညီသောဖြေရှင်းမှုတို့ကြောင့် လူ ၂ ဦးသေနတ်ပစ်ခံရ၍ သေဆုံးရခြင်းများရှိကြောင်းနှင့်  ယခုထိကျေး ရွာနေပြည် သူများ၏ လုံခြုံရေးနှင့် ဥပဒေစိုးမိုးမှုမရှိခြင်းအပေါ် အမြန်ဆုံးဥပဒေနည်း လမ်း များဖြင့် ဆောင်ရွက်ပေးပါရန် လွှတ်တော်သို့ အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။
 
ဦးသန်းထွန်းရဲ့အဆိုကို လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမောင်မောင်ဝင်နဲ့ဝန်ကြီး ၂ ယောက်ရယ် ကြားဖြတ်ရွေးကောက်ပွဲက ရေကြည်(၂)ကိုယ်စားလှယ်ဖြစ်လာတဲ့ ဒေါက်တာလှမြတ်သွေးနဲ့ ကိုယ်စား လှယ်(၃)ယောက် ရယ် စုစုပေါင်းငါးယောက်က ဆွေးနွေးပြီး လွှတ်တော်ဥက္ကဌက အတည်ပြုခဲ့တာပါ ဟု တိုင်းလွှတ်တော် အစည်းအဝေးတက်ရောက်ခဲ့သူ ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
 
ထိုသို့ဆွေးနွေးရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ပြီးခဲ့သည့်လ(၂၇)ရက်နေ့ညက ရဲတပ်ဖွဲ့ဝင် များကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် ပစ်ခတ်မှုတွင်တာဝန်ရှိသော ရဲဝန်ထမ်းများ၊ ကိုတလုတ်(၀င်းနိုင်) အားဥပဒေမဲ့သတ်ဖြတ်ခဲ့သော ၀ိုင်းဝိုင်းလည် ငါးကုန်ထုတ်(သ/မ)၀န်ထမ်း ဖိုးလူဝနှင့်အပေါင်းအပါ ၂၁ ဦးမှ (၆)ဦးကို ဖမ်းဆီးပြီးဖြစ်ကြောင်း ထည့်သွင်းဆွေးနွေးခဲ့သည်ဟု သိရသည်။
 
 “သူတို့ပြောနေတဲ့ လူနည်းစုအုံကြွမှုဆိုတာမဟုတ်ပါဘူး၊ တစ်နေ့လုပ်တစ်နေ့စားရတဲ့ရေလုပ်သားတွေက လူနည်းစု မဟုတ်ကြောင်း သူတို့တွေရက်ပေါင်းများစွာ ငါးမဖမ်းရလို့ငတ်လာတဲ့အခါ ဆူပူအုံကြွခဲ့ကြ တာ ဖြစ်ကြောင်းနဲ့ ဒီဒေသတွင်း ဖြစ်ပေါ်နေတဲ့ အင်းပြဿနာတွေက ဒီမိုကရေစီဖော်ဆောင်နေ ပါတယ်ဆို တဲ့ နိုင်ငံတော်လမ်းစဉ်ကို အောက်ခြေ လူတန်းစားသံသယဖြစ်စရာ ကြုံခဲ့တာကြောင့် တိုင်းအစိုးရနဲ့ တိုင်းလွှတ် တော်ဂုဏ်သိက္ခာ ကျဆင်းရကြောင်း ဆွေးနွေးခဲ့ပါတယ် ဟု NLD ပါတီမှ တစ်ဦးတည်းသော တိုင်းလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ Dr လှမြတ်သွေးကပြောသည်။
 
ဆွေးနွေးရာတွင်ပါဝင်ခဲ့သူ ပန်းတနော်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမန်းသက်တင်ကလည်း ယခုကဲ့သို့ဆွေးနွေးခဲ့သည်။
 
 “အဲ့ဒီဒေသက အရာရှိဆိုးတွေနဲ့ အပေါင်းအပါ တာဝန်ရှိသူတွေကို ပြည်သူတွေက မျောက်ကို မြင်ရင်ခဲနဲ့ ထုချင်သလို လုပ် နေလို့ တိုင်းပြည်ကာကွယ်မှုမှာ အသုံးမချနိုင်ဘဲဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေရဲ့အသက်တွေ နစ်နာခဲ့ကြောင်း ဆွေးနွေးခဲ့ တာပါဟု ၄င်းက ပြောသည်။

ဦးသန်းထွန်း၏အဆိုကို လုံခြုံ/နယ်စပ်ဝန်ကြီး၊ စီမံ/စီပွားဝန်ကြီး၊ ဟသာင်္တ(၂)ကိုယ်စားလှယ်ဒေါက် တာသိမ်းစိုး၊ ရေကြည်(၂) ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေး၊ ပန်းတနော် (၁) ကိုယ်စားလှယ် ဦးမန်းသက်ဝင် တို့မှ ဆွေးနွေးခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်မှ “ဒီလိုကိစ္စတွေဟာ အခုတိုင်း အတွင်း မှာ အလားတူ ဖြစ်ရပ်တွေ ထပ်ဖြစ်ဖို့ အလားအလာတွေရှိနေတဲ့ အတွက် ကြပ်ကြပ်မတ် မတ် ဆောင်ရွက်သင့်ကြောင်း ပြောဆို ပြီး လွှတ်တော်ကို သဘောတူပါသလားလို့ (၃)ကြိမ်မေးခဲ့ရာမှာ သဘော တူ ခဲ့လို့ အတည်ပြုခဲ့တာပါ။ဟု ၄င်းက ဆက်ပြောသည်။
 
ဧရာဝတီတိုင်းအတွင်း အင်းပေါင်း(၃၀၉)အင်းရှိသည့်အနက် အင်းကုမ္ပဏီများမှ (၁၁၃)အင်း၊ (၈၉)အင်းမှာ လေလံ စနစ်ဖြင့်၎င်း (၈၇)အင်းမှာ ငွေရှင်ကြေးရှင်တို့မှ လက်ဝယ်ထားကာ လက်ရှိလုပ် ကိုင်နေကြပြီး ရှားခဲအင်း ပြဿနာကဲ့သို့ ပြဿနာ များဖြစ်ပွားရန်အစပြုနေသော အင်းများစွာရှိနေကြောင်း သိရသည်။
 

No comments:

Post a Comment