Friday, October 12, 2012

တူရကီက ထိန်းသိမ်းခဲ့သော လေယာဉ်ပေါ်တွင် ရုရှား စစ်လက်နက်များပါရှိ

(တူရကီက ကြားဖြတ်ဟန့်တားထိန်းသိမ်းခဲ့သော
 ဆီးရီးယား အရပ်ဘက်လေယာဉ်)
မိမိတို့ ကြားဖြတ် ဟန့်တားထိန်းသိမ်းခဲ့သည့် ဆီးရီးယား အရပ်ဘက် လေ ယာဉ်ပေါ်တွင် ရုရှားလုပ် စစ်လက်နက်များ ပါလာကြောင်း တူရကီ အစိုးရက ပြောကြားခဲ့သည်။ တူရကီ လေတပ် တိုက်လေယာဉ်များသည် ဆီးရီးယား ခရီးသည်တင် လေယာဉ်တစ်စင်းကို ပိတ်ဆို့ကာ အန်ကာရာ တွင် ဆင်းသက်စေခဲ့သည်။ ထို့နောက်တွင်မူ လေယာဉ်ပေါ်မှ ကုန်သေတ္တာ အချို့ကို လေ့လာဖော်ထုတ်ခဲ့ရာ စစ်လက်နက်များ တွေ့ရှိခဲ့ကြောင်း ဝန်ကြီးချုပ် ရီဆပ်တေရစ်ပ် အာဒိုဂန်က အတည်ပြုခဲ့သည်။ ဆီးရီးယား အာရပ် လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်တွင် ခရီးသည်နှင့် အမှုထမ်း စုစုပေါင်း (၃၇)ဦး လိုက်ပါလာသည်။ ထိုလေယာဉ်သည် မော်စကိုမှ ဒမတ်စကက်သို့ ဦးတည်ပျံသန်းစဉ် ကြားဖြတ်ဖမ်းဆီး ခံရခြင်း ဖြစ်သည်။
လက်ရှိတွင် ဆီးရီးယားနှင့် နယ်စပ်၌ တိုက်ခိုက်မှုများ ဖြစ်ပေါ်နေသည့် တူရကီ အစိုးရက ဆီးရီးယားကိုရော၊ ဆီးရီးယား၏ အင်အားကြီးမားသော မဟာမိတ် ရုရှားကိုပါ တိုက်ရိုက်စိန်ခေါ်သည့် သဘောမျိုး ဖြစ်လာသည်။ "ခင်ဗျားတို့ ကြိုပြီး ကြားထားတဲ့ သတင်း အတိုင်းပါပဲ။ ကာကွယ်ရေး စက်မှုပစ္စည်းတွေ၊ လက်နက်တွေ၊ ခဲယမ်းမီးကျောက်တွေကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဒီပစ္စည်းတွေက အရပ်သား ခရီးသည်တင် လေယာဉ်နဲ့ တင်ပို့ခွင့် မရှိဘူးလေ"ဟု အန်ကာရာတွင် သတင်းထောက်များအား အာဒိုဂန်က ပြောကြားခဲ့သည်။

တူရကီနှင့် ဆီးရီးယားတို့သည် ပြီးခဲ့သည့် သီတင်းပတ်က နယ်စပ်တွင် အပြန်အလှန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ထို့အပြင် တူရကီ ကာကွယ်ရေး ဝန်ကြီးဌာနသည် ဆီးရီးယားနှင့် နယ်စပ်တစ်လျှောက်တွင် တပ်ဖွဲ့ဝင် အင်အား ဖြည့်တင်းဖြန့်ကျက်ကာ တပ်လှန့်မှု ပြုလုပ်ထားသည်။ အစောပိုင်းက ဆီးရီးယားက အန်ကာရာ တွင် ဆင်းသက်စေခဲ့သော လေယာဉ်ပေါ်၌ မည်သည့် စစ်လက်နက် ပစ္စည်းမျှ တင်ဆောင် မထားဟု ငြင်းဆိုခဲ့သေးကြောင်း သိရှိရသည်။

From- Planet

No comments:

Post a Comment