Wednesday, October 31, 2012

တကမ္ဘာလုံးစိတ်ဝင်စားတဲ့ ၂၀၁၂ အမေရိကန်သမ္မတရွေးကောက်ပွဲ


စစ်အေးကာလက ယန်းကီးများဟု နာမည်ပြောင်ပေးခံခဲ့သော လူများနေထိုင်ရာ၊ နယ်မြေသစ်ရှာဖွေသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ မှီတင်းနေထိုင်ရာ၊ ကမ္ဘာပေါ်ရှိ လူအတော်များများ ရောက်ချင်၊ လည်ပတ်ချင်၊ ပညာသင်ချင်၊ နေထိုင်ချင်စရာ နေရာတစ်ခုဖြစ်သည့် အမေရိကသို့ အကြောင်းအားလျော်စွာ ကျွန်တော် ဒုတိယအကြိမ် ရောက်ရပေပြီ။ ပထမအကြိမ်က သတင်းစာပညာဆိုင်ရာ ဖဲလိုးရှစ်သင်တန်းတက်ရန်၊ ပညာသင်ရန် ရောက်ရှိခဲ့ခြင်း။ သည်တစ်ကြိမ်က ပထမအကြိမ်နှင့်မတူ။ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစား စောင့်ကြည့်သိချင်နေကြသည့် အမေရိကန် သမ္မတရွေးကောက်ပွဲသတင်း စုံစမ်းမေးမြန်း ရေးသားဖော်ပြရန်။ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော်အခြေစိုက် နိုင်ငံတကာသတင်းစာဆရာများ စင်တာ ICFJ က အမေရိကန်သံရုံးမှတစ်ဆင့် စီစဉ်ပေးသည်။ ထိုအစီအစဉ်အရ ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံပေါင်း ၄၀ကျော်မှ သတင်းစာဆရာ လေးဆယ့်ရှစ်ယောက် တစ်နေရာတည်းတွင် ဆုံမိကြသည်။ ဆိုတော့ တစ်ကြိမ်နှင့် တစ်ကြိမ်မတူ။ တူသည်က သတင်းပညာရပ်ဆိုင်ရာ အကြောင်းတစ်ခုသာ။
အကြိပ်အနယ်၂၀၁၂
တက္ကဆက်နယ်သားဖြစ်သည့်အပြင် စစ်ပြုရေးကိစ္စများတွင် လက်မတွန့်သူဖြစ်သည့်အတွက် ကောင်းဘွိုင်ဟု နာမည်ကျော်ကြားသူ ဂျော့ခ်ျ ဒဗလျူဘွတ်ခ်ျ တစ်ယောက် ၂၀၀၀ပြည့်နှစ်တွင် ဒီမိုကရက်ပါတီ သမ္မတလောင်း အယ်လ်ဂိုးကို ပွတ်ခါသီကာ အနိုင်ရပြီး ပထမသက်တမ်း ထမ်းဆောင်နေသောကာလဟုလည်း ဆိုနိုင်သည်။ သည်နှစ်တော့ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး သမ္မတရွေးကောက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ သတင်းလိုက်ခွင့်ရပေပြီ။ စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဟုဆိုရခြင်းမှာ အကြောင်းရှိသည်။ ဒီမိုကရက်ပါတီ၏ စီးပွားရေးနှင့် ပြည်တွင်းရေးရာ စွမ်းဆောင်ရည်အချို့ကို သိပ်သဘောမကျသော အမေရိကန်ပြည်သူအချို့နှင့် ရှေးရိုးစွဲဝါဒီများ ပြန်လည်အားကောင်းစပြုလာခြင်း၊ မဲဆွယ်စည်းရုံးစဉ်က အဟောအပြောများနှင့် လက်တွေ့ လုပ်ငန်းအကောင်အထည်ဖော်နိုင်မှုတို့အကြား ကွာခြားချက်များစွာရှိနေခြင်းကို စိတ်တိုင်းမကျသော မဲဆန္ဒရှင်အချို့ကြောင့် ယခုနှစ် သမ္မတရွေးကောက်ပွဲ အကြိပ်အနယ်ရှိမည်ဟု ခန့်မှန်းထားကြသည်။ ဤအခြေအနေသည် ကုန်ခဲ့သည့် ၂၀၀၄ခုနှစ် ရွေးကောက်ပွဲကာလ ဒီမိုကရက်ပါတီ သမ္မတလောင်း အယ်လ်ဂိုးနှင့် ရီပါပလစ်ကန် သမ္မတလောင်း ဂျော့ခ်ျ ဒဗလျူဘွတ်ရှ် တို့အကြား ပြိုင်ဆိုင်မှုကဲ့သို့ပင်ဖြစ်မည်ဟု ဆိုကြသည်။
စင်စစ်အားဖြင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲသည် အမေရိကန်ပြည်သူများအတွက်သာမက ကမ္ဘာအရပ်ရပ်မှ ပြည်သူအားလုံးနီးပါး စိတ်ဝင်တစားစောင့်ကြည့်နေသည့် ကမ္ဘာလုံးဆိုင်ရာ ရွေးကောက်ပွဲကဲ့သို့ဖြစ်နေသည်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အမေရိကသည် လောလောဆယ်အချိန်အထိ ကမ္ဘာကြီး၏ အရွေ့အပြောင်းများကို ဦးဆောင်နေသော နိုင်ငံကြီးတစ်ခုဖြစ်နေဆဲပင်။ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးပေါ်လစီက ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့် အင်အားချိန်ခွင်လျှာမျှရေးအတွက် အဓိကကျနေဆဲဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးအခြေအနေက ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကို အတိုင်းအတာတစ်ခုအထိ ကိုယ်စားပြုနေဆဲဖြစ်သည်။ လွတ်လွတ်လပ်လပ် ကိုယ်ပိုင် စဉ်းစားတွေးခေါ်မှုနှင့် အတိုင်းအဆမဲ့ တီထွင်ဖန်တီးမှုကို အလေးပေးသော အမေရိကန်ပြည်ထောင်စု၏ ပညာရေးက ကမ္ဘာလုံးဆိုင်ရာ လူ့ဘောင်လူ့လောက လူ့အဆင့်အတန်းကို ရှေ့ဆောင်နေဆဲဖြစ်သည်။ နှစ်သုံးရာကျော်သက်တမ်းရှိ အမေရိကန်ဒီမိုကရေစီတန်ဘိုးများက ကမ္ဘာလုံးဆိုင်ရာ လူသား၊ လူ့ဘောင်အဖွဲ့အစည်းအားလုံးနီးပါး၏ လူသားအခြေခံအခွင့်အရေးနှင့် လူ့တန်ဘိုးများကို သြဇာသက်ရောက်နေဆဲဖြစ်သည်။ ထို့ကြောင့်ပင် စွာကျယ်ကျယ်၊ ထောင်မတ်မတ်၊ စိတ်ကြီးဝင် အမေရိက၏ မနှစ်မြို့စရာ အားနည်းချက်အချို့ ရှိလင့်ကစား အားသာချက်များစွာကြောင့် ကမ္ဘာ့ဦးဆောင်နိုင်ငံတစ်ခု၏ အစိုးရအကြီးအကဲ အမေရိကန်သမ္မတရွေးကောက်ပွဲကို စိတ်ဝင်စားကြခြင်းဖြစ်သည်။
အိုဘားမားနိုင်ပါ့မလား
အများသိကြသည့်အတိုင်းပင် ယခုနှစ်ရွေးကောက်ပွဲက အတော်ကြီးစိတ်ဝင်စားစရာကောင်းသည်။ မကြာသေးခင်က ကောက်ယူထားသည့် အောက်တိုဘာလအစောပိုင်း စစ်တမ်းများအရ အမေရိကန်လူထုအကြား ရေပန်စားမှုမှာ မစ်တ်ရွန်မ်နေ Mitt Romney က နှာတစ်ဖျားအသာရနေသည်။ လကုန်ရက်နီးလာတော့ အိုဘားမားက ပြန်ကျော်တက်သွားသည်။ သို့သော် ပြည်နယ်တိုင်းတော့မဟုတ်။ ယခုဆောင်းပါးရေးသားနေသည့်အချိန်အထိ ပါတီနှစ်ခု၏ အမာခံပြည်နယ်များမှအပ အခြားပြည်နယ်များတွင် မတိမ်းမယိမ်းဖြစ်နေဆဲ။ အထူးသဖြင့် sweing states ဟုခေါ်သည့် မည်သည့်ပါတီအမာခံနယ်မြေမှမဟုတ်ဘဲ အချိန်မရွေး တစ်ဖက်ဖက်ကို အဆုံးအဖြတ်မဲပေးနိုင်မည့် ပြည်နယ်၊ ကျန်ပြည်နယ်များအားလုံးတွင် နှာတစ်ဖျားအသာရနေလင့်ကစား ထိုsweing state တစ်ခုခုတွင် ရှုံးနိမ့်သွားသည်နှင့် အိမ်ဖြူတော်နှင့် အလှမ်းဝေးသွားနိုင်သည်။ ထိုအတွက် ရှေ့တွင် သင်္ခန်းစာများရှိနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲရက်နီးလာသည်နှင့်အမျှ ထိုပြည်နယ်များတွင် ကောက်ယူထားသည့် စစ်တမ်းများကို မီဒီယာများတွင် စဉ်ဆက်မပြတ်ဖော်ပြနေကြသည်။ အကဲဖြတ်သုံးသပ်သူများကလည်း သမ္မတရွေးကောက်ပွဲ အဆုံးအဖြတ်ပေးနိုင်သည့် ယင်းပြည်နယ်များ၏ စစ်တမ်းများကိုကြည့်ကာ ခန့်မှန်းချက်၊ ဟောဟိန်းများ ထုတ်ကြရသည်။ ပြီးခဲ့သော ၂၀၀၀ပြည့်နှစ် သမ္မတရွေးကောက်ပွဲတွင် အယ်လ်ဂိုးသည် ကျန်ပြည်နယ်များတွင် ဘွတ်ရှ်ကို ၂၂မဲ အသာစီးရနေခဲ့သော်လည်း swing state တွင်ပါဝင်သည့် ဖလော်ရီဒါတွင် ၅မဲအသာဖြင့် ဘွတ်ရှ်အနိုင်ရသွားကာ ပြည်နယ်ကိုယ်စားပြု ၂၅မဲစလုံးရရှိသွားသောကြောင့် နိုင်သူအကုန်ယူစနစ်အရ အယ်လ်ဂိုးအပေါ်တွင် ၅မဲအသာဖြင့် အမေရိကန်ပြည်ထောင်စု၏ ၄၃ဦးမြောက် သမ္မတအဖြစ် အရွေးချယ်ခံခဲ့ရသည်။ သည်နှစ်တော့ အိုဘားမားက ခပ်ပါးပါးကလေးနှင့် အနိုင်ရသွားနိုင်သည်ဟုလည်း Dayton အခြေစိုက် သတင်းသမားအချို့က ဟောကိန်းထုတ်ကြသည်။
Swing states ခေါ် အဆုံးအဖြတ်ပေးနိုင်သည့် ပြည်နယ်များသည် ယေဘုယျအားဖြင့် လစ်ဘရယ်ကျသူအများစုနေထိုင်ကြသည်။ တစ်နည်းအားဖြင့် ပါတီစွဲများစွာမထားဘဲ အမေရိကန်ပြည်သူများအတွက် ပြည်တွင်း၊ ပြည်ပရေးရာများကို စိတ်ကျေနပ်အောင် စွမ်းဆောင်နိုင်မည်ဟု သူတို့ယူဆသူများကို မဲပေးလေ့ရှိသည်။ ဒီမိုကရက်အစွဲ၊ ရီပါပလစ်ကန်အစွဲ သိပ်ရှိကြသူများမဟုတ်။ သည်နှစ်တော့ အိုဟိုင်းယိုးက အဆုံးအဖြတ်ပေးနိုင်မည့် swing state အဖြစ် နာမည်ကျော်သည်။ အကြောင်းက ဒေသခံ Dayton Daily သတင်းစာ၏ စစ်တမ်းအရ သမ္မလောင်းနှစ်ဦးအကြား ရေပန်းစားမှုက ၄၉ ရာခိုင်နှုန်းစီ တူညီနေသည်။ အမျိုးသားများအကြား ထောက်ခံမှုတွင်လည်း ၅၅ရာခိုင်နှုန်းစီတူညီနေပြီး အမျိုးသမီးထုအကြား ထောက်ခံမှုတွင်တော့ ရွန်မ်နေက အိုဘားမားထက် ၄၄ရာခိုင်နှုန်းဖြင့် အိုဘားမား ၄၃ရာခိုင်နှုန်းထက် တစ်ရာခိုင်နှုန်း အသာရနေသည်။ သူတို့နှစ်ဦး ဘယ်သူက စွမ်းဆောင်ရည်ပိုကောင်းမလဲ ဆိုသော စစ်တမ်းတွင် စီးပွားရေး၌ ရွန်မ်နေက ၅၁ရာနှုန်းဖြင့် အိုဘားမား ၄၅ရာနှုန်းထက် ခြောက်ရာခိုင်နှုန်း အသာရပြီး နိုင်ငံခြားရေးပေါ်လစီတွင်မူ အိုဘားမားက ၅၀ ရာနှုန်းဖြင့် ရွန်မ်နေ ၄၆ ရာနှုန်းအပေါ် ၄ရာခိုင်နှုန်း အသာရလျှက်ရှိသည်။ ထို့ကြောင် သမ္မလောင်းနှစ်ဦးစလုံး အိုဟိုင်းယိုးမဲဆွယ်စည်းရုံးမှုကို လုံးဝလက်လွှတ်မခံရဲကြ။ ထို့ကြောင့်ပင် ဟာရီကိန်း စန္ဒီ မုန်တိုင်းဒဏ်ခံနေရသည့်ကြားက အိုဟိုင်းယိုးမဲဆွယ်ပွဲကို လာဖြစ်အောင်လာကြသည်။ မစ်ရွန်မ်နေကတော့ ကြိုတင်စီစဉ်ထားသည့်ရက် အောက်တိုဘာ ၃၀ အင်္ဂါနေ့ လာဖြစ်သော်လည်း အိုဘားမားကမူ ကြိုတင်စီစဉ်ထားသည့် အောက်တိုဘာ ၃၁ရက်၊ ဗုဒ္ဓဟူးနေ့တွင် မလာဖြစ်တော့ဘဲ နိုဝင်ဘာ ၁ရက်၊ သောကြာနေ့သို့ ရွှေ့လိုက်ရသည်။
အမေရိကန်သမ္မတရွေးကောက်ပွဲသည် စင်စစ်အားဖြင့် အမေရိကန်ပြည်သူများက သမ္မတကို တိုက်ရိုက်မဲပေးရွေးချယ်သော စနစ်မဟုတ်။ ပြည်နယ်၅၀နှင့် ကိုလံဘီယာခရိုင်အပါအဝင် စုစုပေါင်း ၅၁နေရာတွင် ပြည်နယ်အလိုက် ပြည်ထောင်စုကိုယ်စားလှယ်များကို မဲပေးရခြင်းဖြစ်သည်။ ထိုပြည်ထောင်စုကိုယ်စားလှယ်များကမှ သမ္မတနှင့် ဒုတိယသမ္မများကို လျှို့ဝှက်မဲပေး ရွေးချယ်ရခြင်းဖြစ်သည်။ ထို့ကြောင့် popular vote ခေါ် ရေပန်းစားမဲ စစ်တမ်းများက အသာရနေသော်လည်း electoral vote ခေါ် ပြည်နယ်အလိုက် ပြည်ထောင်စုကိုယ်စားလှယ်များက ပေးသည့် မဲများကသာ အဓိကအဆုံးအဖြတ်ပေးသည်။
ယခုရွေးကောက်ပွဲက အမေရိကန်ပြည်သူများကို အထူးအမှတ်ရစေမည့်အချက်မှာ ထိုသို့ အသဲအသန် ယှဉ်ပြိုင်ရခြင်း တစ်ခုတည်းမဟုတ်။ အမေရိကန်သမိုင်းတွင် ပဉ္စမမြောက် ဆုံးရှုံးမှုတန်ဖိုး အများဆုံးဟုဆိုရမည့် ဟာရီကိန်း စန္ဒီက အရှေ့ဘက်ကမ်းခြေတစ်ခုလုံးကို ပြင်းထန်စွာရိုက်ခပ်နေသောအချိန်နှင့် တိုက်ဆိုင်နေခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်နေသည်။ ထိုအတွက် လက်ရှိသမ္မတနေရာတွင်ရှိနေသူ အိုဘားမားသာ စီမံခန့်ခွဲမှုကောင်းမွန်ပါက မဲအများအပြားရရှိလာနိုင်ဖွယ်ရှိမည်ဟု အမေရိကန်သတင်းစာဆရာအချို့က သုံးသပ်ကြသည်။ သမ္မတလောင်းနှစ်ဦးစလုံး မုန်တိုင်းကြောင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အချို့ ဖျက်သိမ်း၊ ရွှေ့ပြောင်းကြရသည်။ သည်နေရာတွင် အိုဘားမားက အမှတ်အတော်ရသွား၏။ အကြောင်းမှာ ဖလော်ရီဒါ၊ အော်လန်ဒိုတွင် မဲဆွယ်ခရီးရောက်နေရာမှ မုန်တိုင်းအကြိုပြင်ဆင်မှုများပြုလုပ်ရန် ဝါရှင်တန်သို့ ပြန်လာရာ မိုးရေထဲတွင် အဆောင်းမပါဘဲ အိမ်ဖြူတော်သို့ပြန်လာသည့်ပုံက အမေရိကန်ပြည်သူများ၏ အသဲနှလုံးကို ဆွဲကိုင်လိုက်ခြင်းကြောင့်ဖြစ်သည်။
ဟာရီကိန်းစန္ဒီသည် သမ္မတလောင်းနှစ်ဦး အသဲအသန် ယှဉ်ပြိုင်ရမည့် sweing state တစ်ခုဖြစ်သည့် အိုင်ဟိုင်းယိုးသို့ မဲဆွယ်စည်းရုံးရေးခရီးစဉ် လာရမည့်အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ အိုဟိုင်းယိုးသည်ကား ယခုကျွန်တော်ရောက်နေသော ပြည်နယ်ပင်တည်း။ ကျွန်တော်နှင့်အတူ အိန္ဒိယသား သတင်းစာဆရာ Anshuman တစ်ယောက်လည်းပါသည်။ သူ့သတင်းစာက ကမ္ဘာပေါ်တွင် ပဉ္စမမြောက် စောင်ရေအများဆုံးသတင်းစာကြီး။ သတင်းထောက်ပေါင်း ထောင်ဂဏန်းကို ကြီးကြပ်နေသူလည်းဖြစ်သည်။ သူက နေ့စဉ်သတင်းစာသမားဖြစ်သည့်အတွက် နေ့တိုင်းအလုပ်လုပ်နေရသည်။ နေ့စဉ်သတင်းစာတစ်စောင်အတွက် အလုပ်လုပ်နေသူ သူနှင့် အတူကျသည့်အတွက် နေ့စဉ်သတင်းစာထုတ်ဖို့ ပြင်ဆင်နေသော ကျွန်တော့်အတွက် အဆင်ပြေလှသည်။ သည်တင်မကသေး။ ယခုကျွန်တော်တို့ရောက်နေသော Dayton မြို့ရှိ Cox Media Group Ohio သည် Dayton Daily News သတင်းစာအပါအဝင် နေ့စဉ်ထုတ် သတင်းစာသုံးစောင်၊ အပတ်စဉ်ထုတ်သတင်းစာ တစ်စောင်နှင့် တီဗီချယ်နယ်၊ FM/ AM ရေဒီယိုလိုင်းများလည်းရှိသည်။ မာလ်တီမီဒီယာကို အာရုံကျနေသူ ကျွန်တော့်အတွက်မူ ရေငတ်တုန်းရေတွင်းထဲကျဆိုသလို အဆင်ပြေလိုက်သည့်ဖြစ်ခြင်း။
သည်နေ့ အောက်တိုဘာလ ၃၀ရက် အင်္ဂါနေ့။ သမ္မတရွေးကောက်ပွဲကျင်းပရန် ၇ ရက်အလို။ ကြိုတင်ကြေညာထားသည့်အတိုင်း ရီပါဘလစ်ကန် သမ္မတလောင်း Mitt Romney မဲဆွယ်လှုပ်ရှားမှုအနေနှင့် Daytown သို့ရောက်လာသည်။ တနင်္လာနေ့ နေ့ခင်းပိုင်းတွင်မူ မုန်တိုင်းအခြေအနေကြောင့် ခရီးစဉ်ပျက်မည့်သတင်း ထွက်လာသေးသည်။ ညပိုင်းရောက်မှ ခရီးစဉ်သေချာကြောင်း Connie ထံမှ အီးမေးလ်ပို့ပြီး အကြောင်းကြားသည်။ မနက် ၉နာရီတွင် ဟိုတယ်မှထွက်ကာ သတင်းစာတိုက်သို့ နှစ်ယောက်သား ထွက်လာခဲ့သည်။ ထို့နောက် ၁၀နာရီလောက်တွင် အခမ်းအနားကျင်းပမည့် အထက်တန်းကျောင်းသို့သွား Connie နှင့်အတူ သွားကြသည်။ ရာသီဥတုက အတော်အေးနေသည်။ ထို့ကြောင့် ကျွန်တော်နှင့် Anshuman အတွက် Connie က သိုးမွှေးခေါင်းစွပ်တစ်ခုစီ၊ လက်အိပ်တစ်စုံစီနှင့် ပလပ်စတစ်ဇွန်းသုံးချောင်း ကျွန်တော်တို့ အလုပ်စားပွဲတွင် အရံသင့်ပြင်ထားသည်။ ကျွန်တော်တို့နှစ်ယောက် အလုပ်လုပ်နိုင်ရန် Connie က သူအနီးရှိ လွတ်နေသော စားပွဲနှစ်နေရာတွင် နေရာချထားပေးသည်။ ကျွန်တော်တို့ပါလာသော လက်ပ်တော့ပ်နှင့် အလုပ်လုပ်ရန်သာ။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်ကို ယာယီဝန်ထမ်းကဒ်ထုတ်ပေးသည်။ ထိုကဒ်ဖြင့် သတင်းစာတိုက်အတွင်း တံခါးမရှိဓားမရှိ အချိန်မရွေးဝင်ထွက်နိုင်သည်။ လုံခြုံရေးဝန်ထမ်းများကိုလည်း ကြိုတင်အကြောင်းကြားထားပြီးဖြစ်သည်။
နှင်းမိုးကြားက မဲဆွယ်ပွဲ
ကျွန်တော်တို့တတွေ မဲဆွယ်စည်းရုံးလှုံ့ဆော်ပွဲကိုရောက်တော့ ပရိသတ် အတော်များများ ရောက်နေနှင့်ပေပြီ။ ထူးခြားချက်က မိသားစုလိုက် လာကြသောကြောင့် ကလေးငယ်ကလေးများပါ တွေ့ရခြင်းပင်။ မုန်တိုင်းအရှိန်ကြောင့် မနေ့ညကတည်းက မိုးကျနေသည်။ မနက်ခင်းတွင်လည်း မိုးဖွဲဖွဲနှင့်အတူ နှင်းပွင့်ကလေးများပါ ကျနေသည်။ ကျွန်တော်တို့ မဲဆွယ်ပွဲကျင်းပရာ အထက်တန်းကျောင်းကိုရောက်တော့ နှင်းမိုးက ဖွဲရာမှ အတန်ငယ်သဲလာသည်။ နှင်းပွင့်ဖတ်များလည်း အရွယ်အစားကြီးလာသည်။ တော်ပါသေးသည်။ မိုးလုံ၊ နှင်းလုံ ဘဲမွှေးဂျာကင်ပါပေလို့။ နို့မို့ အအေးဒဏ်ကို ကျောစိမ့်အောင်ခံရမည်။ နှင်းမိုးက မစဲ။ ဆက်တိုက်ဆိုသလိုပင် ကျွန်တော်တို့ခန္ဓာကိုယ်ပေါ်သို့ တဖျောက်ဖျောက်ကျနေသည်။ ကောင်းကင်က မိုးရေနှင့်အတူ ကျလာသော နှင်းပွင့်နှင်းစက်တို့က ဂျာကင်အင်္ကျီပေါ်နှင့် မြေပေါ်အရောက်တွင်တော့ မိုးစက်အဖြစ်ပြောင်းသွား၏။ ကျောင်းခမ်းမအတွင်းသို့ဝင်ရန် ထိုသို့ တစ်ဖြိုင်ဖြိုင်ကျနေသော နှင်းမိုးထဲတွင် မိနစ် ၂၀ခန့် တန်းစီစောင့်ရသေးသည်။ အပူဓာတ်ပေးထားသည်မို့ အထဲရောက်တော့မှ နွေးသွားသည်။ လုံခြုံရေးစစ်ဆေးမှုဖြတ်အပြီး ခမ်းမအတွင်းဝင်လာခဲ့ကြသည်။ Mitt Romney မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုအခမ်းအနားကျင်းပရာ နေရာက အိုဟိုင်းယိုးပြည်နယ် Dayton မြို့၏ အထက်တန်းကျောင်း အားကစားခမ်းမ။ ထို့ကြောင့် ပတ်ပတ်လည် ပွဲကြည့်စင်ထိုင်ခုံများနှင့် အတော်ကျယ်သည်။ နိုင်ငံတော်အဆင့် သုဝဏ္ဏ မိုးလုံလေလုံ အားကစားခမ်းမလောက်နီးနီးရှိသည်။ ခမ်းမထဲတွင် တစ်နာရီကျော်ကြာခန့်စောင့်နေရသည်။ ခမ်းမအလယ်တွင် အတန်ငယ်ကြီးသည့် စတိတ်ခုံတစ်ခုပြင်ထားသည်။ ထိုစိတ်ခုံ၏နောက်တည့်တည့်တွင် အဖြူအနီစင်းများနောက်ခံ၊ အပြာရောင်လေးထောင့်ကွက်အတွင်း အဖြူရောင်ကြယ်ငါးဆယ့်တစ်လုံးပါ ကြီးမားလှသည့် အမေရိကန်အလံက နေရာယူထားသည်။ စင်၏ ညာဖက်ယွန်းယွန်းတွင် ဒရမ်ဆက်တစ်စုံနှင့်တီးဝိုင်းတစ်ခု။ ကြည့်ရသည်မှာ ဖျော်ဖြေရေးအတွက် အသင့်ပြင်ထားပုံရသည်။ သို့သော် ခမ်းမအတွင်းတွင်မူ ဆောင်းဘောက်စ်ဖြင့် ဖွင့်ထားသော သီချင်းသံသာ ကြားနေရသည်။ မဲဆွယ်စည်းရုံးရေးကို လာရောက်နားထောင်ကြမည့် ပရိသတ်အချို့လက်တွင် ဟာရီကိန်း စန္ဒီကြောင့် ဒုက္ခရောက်နေကြသူများကို ကူညီရန် အစားအသောက်အထုပ်များ ပါလာကြသည်။ ထိုအထုပ်များကို မဲဆွယ်ပွဲစီစဉ်ကျင်းပသည့် လီပါပလစ်ကန်ပါတီ တာဝန်ရှိသူများက လက်ခံထားကာ ပွဲပြီးသည်နှင့် ဒုက္ခသည်များရှိရာသို့ ပို့ဆောင်ပေးမည်ဖြစ်သည်။
ရွန်မ်နေ၏ မဲဆွယ်ဗျူဟာလော
၁၁နာရီကျော်လောက်တွင် ဆူဆူညံညံအသံများနှင့် လက်ခုပ်လက်ဝါး ဖြိုင်ဖြိုင်တီးသံကြောင့် Matt Romney ရောက်လာကြောင်း သိရသည်။ အပြာနုရောင်အောက်ခံတွင် အပြာရင့်လေးထောင့်ကွက်စိပ် ရှပ်အင်္ကျီလက်ရှည်ကို လက်ဖျံအထက်နားအထိ ခေါက်တင်ထားပြီး ဂျင်းဘောင်းဘီ အပြာရင့်ရောင်ဖြင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာသော သမ္မတလောင်းကိုတွေ့ရသည်။ စောစောပိုင်းက ပြင်ဆင်ထားသည့်အတိုင်းဆိုပါက စင်ပေါ်တက်ပြီး စကားပြောမည်ဟု ထင်ထားခဲ့သည်။ ယခုမူ ပရိသတ်ယူဆောင်လှူဒါန်းသော အစားအသောက်များကို လက်ခံနေသည့်နေရာရှိ ခုံကလေးပေါ်တက်ကာ စကားပြောသည်။ နိုင်ငံရေးမဲဆွယ်သည့်အကြောင်း တစ်ခုမှမပါဘဲ ယနေ့ တကူးတကလာရောက်အားပေးကြသော ပုရိသတ်ကို အထူးအသိအမှတ်ပြု ကျေးဇူးတင်ကြောင်း၊ မုန်တိုင်းကြောင့် ဒုက္ခတွေ့နေကြသည့် အမေရိကန်ပြည်သူများကို ကူညီကြရန်၊ အတူတကွ ပူးပေါင်းဆောင်ရွက်ကြရန်သာ ၅မိနစ်မရှိတရှိခန့်ပြောသွားသည်။ ကျွန်တော်မျှော်လင့်ထားသည်က တစ်မျိုး တကယ့်လက်တွေ့မြင်ရသည်က တစ်မျိုး။ နိုင်ငံရေးမဲဆွယ်ပွဲကို နိုင်ငံရေးအကြောင်း တစ်လုံးတစ်ပါဒမျှ မပြောဘဲ လူမှုရေးကိစ္စများကိုသာ ပြောသွားသည်။ အထူးသဖြင့် နယူးဂျာစီပြည်နယ်၏ မုန်တိုင်းဒုက္ခများကို ကိုယ်ချင်းစာနာကြောင်း အလေးကဲပြောသည်။ တိုတောင်းလှသည့် မိန့်ခွန်းအပြီး ပရိသတ်က အုတ်အုတ်ကျက်ကျက် လက်ခုပ်တီး ထောပနာပြုကြသည်။ ကျွန်တော်တို့နှစ်ယောက်အပါအဝင် စုစုပေါင်းတက်ရောက်သူ ပရိသတ် ၂၅၀၀ အတိအကျရှိသည်။ တက်ရောက်သူများကို အတိအကျ မှတ်တမ်းပြုထားသောကြောင့် အတိအကျပြောနိုင်ခြင်းဖြစ်သည်။ အမေရိကတွင် ဤသို့သော မဲဆွယ်စည်းရုံးပွဲများသာမက စနစ်တကျကျင်းပသော အခမ်းအနားတိုင်း စာရင်းအတိအကျ မှတ်တမ်းပြုသည်။ ကျွန်တော်တို့တတွေကဲ့သို့ မလိုလျှင်လျှော့ပြ၊ လိုလျှင် ပိုပြသည်မျိုး လုပ်၍မရ။ ထိုသို့ ပိုပြ၊ လိုပြခြင်းကို လူထုပရိသတ်သိသည့်နေ့တွင် မြောင်းထဲရောက်ဖို့ သေချာသည်။ ထို့နောက် လှူဒါန်းထားသည့် အစားအသောက်ပစ္စည်းများကို သူကိုယ်တိုင် ဝင်ထုပ်ပိုးသည်။ အမေရိကန်သမ္မတလောင်းတစ်ယောက်အဖို့ သူ့ကိုထောက်ခံမည့် ပရိသတ်နှင့်တွေ့ရာတွင် ဟိတ်ကြီးဟန်ကြီးမရှိဘဲ ရင်းနှီးနွေးထွေးသည့်အသွင်၊ လူထုပရိသတ်နှင့်ပို၍ နီးကပ်ကြောင်းပြသည့်အသွင်ဆောင်သည်။ သမ္မတလောင်းအဖြစ် သူ့ကို မဲပေးကြရန် အပါအဝင် အာဏာနိုင်ငံရေးအကြောင်း လုံးဝမပြော။ ဒါသည်ပင်လျှင် နိုင်ငံရေးဖြစ်မည်။ ခေါင်းဆောင်တို့မည်သည် လူထုနှင့် လက်တစ်ကမ်းအကွာတွင်ရှိနေကြောင်း ပြသရာရောက်သည်။ ပြည်သူများ ဘေးဒုက္ခကြုံနေရချိန်တွင် အလိုက်ကမ်းဆိုးမသိစွာ အတ္တကိုအရောင်တင်သည့်ကိစ္စ ဘာမျှလုပ်။ ပြင်ထားသည့် စင်ပေါ်သို့ ယောင်၍ပင်တက်မသွား။ သူ့ကိုရွေးချယ်မဲပေးမည့် ပြည်သူများနှင့် ပေါ့ပါးလွတ်လပ်စွာ၊ ရင်းနှီးနွေးထွေးစွာ နီးနီးကပ်ကပ်နေပြီး လူမှုရေးအရ အခိုင်အမာ စည်းရုံးလိုက်ခြင်းလည်းဖြစ်သည်။ အဟောဝတ ကောင်းလေစွ။
From -https://www.facebook.com/kyawms

No comments:

Post a Comment