Tuesday, October 2, 2012

သွေးနုသားနု ဒီမိုကရေစီနိုင်ငံသစ်အား သည်းခြေပျက်စေမည့် ဇာတ်လမ်း

  ယခုရက်ပိုင်းလပိုင်းအတွင်း တိုင်းပြည်၏ အုပ်ချုပ် ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာ၊ အာဏာ (၃)ရပ်တို့အကြား ကြီးမားလှသော ပဋိပက္ခ တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ နောက်ဆုံးတွင်မူ   ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာအငြင်းပွားမှု ပြဿနာသည် ပြေလည်သော ဖြေရှင်းဆောင်ရွက်မှု တစ်စုံတစ်ရာ မပေါ်ထွက်ခဲ့ဘဲ အခြေခံ ဥပဒေခုံရုံး အဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွားသည်အထိ ခရီးရောက်သွားခဲ့ကြပြီဖြစ်ပါ သည်။

          ဤပြဿနာသည် အမှိုက်ကစ၍ ပြသာဒ် မီးလောင်သည့်ကိစ္စမဟုတ်ခဲ့ပါ၊ ရှင်ဘုရင်အိပ်ဆောင် မီးလောင်၍ တိုင်းပြည်ပြာကျရမည့်ကိန်းဖြစ်ပါသည်။အခြေပဲ့၍ တောင်ပြိုကျရခြင်းမျိုးမဟုတ်ပါ၊ တောင်မ ကြီး ကွဲပြို၍ မြက်မြေဇာ ပိပြားရသည့်ကိန်းဖြစ်ပါသည်။ အေးချမ်းစွာဖြေရှင်းနိုင်သည့်ကိစ္စကို ပြေလည်ရာပြေလည် ကြောင်းဖြေရှင်းရန် မကြိုးစားကြဘဲ တိုင်းပြည်အတွက် ' ဆိုးရွားလှသော စီရင်ထုံးတစ်ခု'  တိုးသွားစေရန် လုပ်ဆောင်ခဲ့ကြသည့် သမိုင်းဝင်ဖြစ်ရပ်ကြီးတစ်ရပ်ဟု ပင် ဆိုချင်ပါသည်။                                                                                 
          သည်ပြဿနာက ဒီမှာတင်ပြီးဆုံးသွားပါပြီလား၊ သည်အားစမ်းပွဲမှာ မည်သည့်ဘက်က အနိုင်ရလိုက်ပါ သနည်း။ လွှတ်တော်က အနိုင်ရလိုက်သည်လား ၊ သမ္မတက အနိုင်ရလိုက်သည်လား ၊ ရေးရာကော်မတီ များက အနိုင်ရလိုက်သည်လား ၊ Win- Win  လား၊ Win - Lose လား Lose - Lose လားဆိုသည်ကိုတော့ ပြန်လည် သုံးသပ်ကြဖို့လိုမည်ထင်ပါသည်။ ထိုသို့ဆန်းစစ်နိုင်ရန်အ တွက်လည်း မေးခွန်းများစွာက အသင့်စောင့်ကြိုနေပါ သည် ။
(၁)     ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ နုတ်ထွက်သွားသည်နှင့် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စု အဆင့်ဖြစ်သည်ဟု အလိုအလျောက်သဘောသက်ဝင်အတည်ပြုနိုင်ပါသလား ။
(၂)     အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် (၉)ဦး နုတ်ထွက်သွား တဲ့နေရာတွင် (တရားရေးမဏ္ဍိုင်လဲပြိုရာတွင်) မည်သူတို့ အား ပြန်လည်ခန့်ထားကြမည်နည်း၊  ထိုခန့်ထားသော အခြေခံဥပဒေခုံရုံးအဖွဲ့သစ်သည် ''လွှတ်တော်ရေးရာ ကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်ပါသည်'' ဆိုသည့်အချက်ကို (အခြေခံဥပဒေ တွင် ပြဌာန်းထားချက် တစ်စုံတစ်ရာကို ကိုးကားခြင်းမပြုနိုင်ဘဲ ၊ သမ္မတ၏ အမိန့်ကြောင့်ဖြစ်စေ လွှတ်တော်အားမလွန်ဆန်ရဲသော ကြောင့်ဖြစ်စေ ၊ ရှေ့ကဖြစ်ပွားခဲ့သော ဖြစ်ရပ်အပေါ်တွင် စိုးရိမ်မှုဖြင့် ဘယာဂတိလိုက်စား၍ဖြစ်စေ ) လက်ခံအ တည်ပြုပေးကြပါမည်လား။
(၃)     ထိုသို့ လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည် ဟူသော အချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် မပါဝင်သောကြောင့် လွှတ်တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်မ ဟုတ်ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော် ထိုအခြေခံဥပဒေ ခုံရုံးအသစ်ကို နုတ်ထွက်စေရန် စွပ်စွဲပြစ်တင်မှုများပြု လုပ်၍ ဖိအားပေးကြရဦးမည်လား ။
          ပြဿနာ၏ အရင်းအမြစ်ကို ပြန်လှန်သုံးသပ်သော် ၂ဝဝ၈ခုနှစ်တွင်အတည်ပြုပြဌာန်းခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၂ဝ၁ဝတွင်ပြဌန်းခဲ့သော လွှတ်တော် ဥပဒေများအကြား ကွဲလွဲနေချက်ဖြစ်သည် (ဥပဒေ ၂ရပ်လုံးကို နဝတ/နအဖ  အစိုးရကပင် ရေးဆွဲစေခဲ့သည် ဆိုသည့်အချက်ကို အရင်ဦးစွာ လက်ခံသိရှိထားရန်လို သည်) အခြေခံဥပဒေ၏ နိဒါန်းတွင် ''  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေးကောင်စီက... အနာဂတ်နိုင်ငံတော်တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု  မရှိမဖြစ်လိုအပ်သည့်အ တွက် ၁၉၉၃ခုနှစ်မှစ၍ အမျိုးသားညီလာခံကို ခေါ်ယူ ကျင်းပပေးခဲ့ပြီး နိုင်ငံရေး ၊ လုံခြုံရေး ၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသူများ မြို့နယ်အားလုံးမှ တိုင်းရင်း သားကိုယ်စားလှယ်များ ပါဝင်  ရေးဆွဲခဲ့ခြင်းဖြစ်ပြီး...'' ဟု တိကျစွာ ဖော်ပြထားသကဲ့သို့ လွှတ်တော်ဥပဒေများ ၏ နိဒါန်းတွင်လည်း ''...ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်ရေးတွင် လိုအပ်သည့် လုပ်ငန်းများ ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ က ဆောင်ရွက်ပေးရန် ပြဌာန်းထားသည့်အလျောက် နိုင်ငံ တော်၏ ဥပဒေပြုရေး ၊ အုပ်ချုပ်ရေး ၊ တရားစီရင်ရေးလုပ် ငန်းများကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဤဥပဒေကို ပြဌာန်းသည်၊  ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည် သည့်နေ့မတိုင်မီ ကြိုတင်ဆောင်ရွက်ရသည့် လုပ်ငန်းများ သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ဆောင်ရွက် သည်ဟု မှတ်ယူရမည်'' ဟု အတိအလင်းဖော်ပြပါရှိ သည်။
          ထိုသို့အားဖြင့် ဖော်ပြချက်များ အရ ၂ဝ၁၁ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့ တွင် စတင်အသက်ဝင်ခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ထိုနေ့မတိုင်မီကပင် ပြဌာန်းခဲ့သော၊  ထို ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးယန္တရားများ လွယ်ကူ ချောမွေ့စေရန်၊ ပြဌာန်းခဲ့သော လွှတ်တော်ဥပဒေများ (၂ဝ၁ဝ) ကို ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ခက်မများ (Parts of constitution)အဖြစ် လက်ခံအတည်ပြုပေးရမည်သာ ဖြစ်သည်။
          ဤနေရာတွင် ရှင်းလင်းစွာ နားလည်ရန်လိုအပ် သည်မှာ ဥပဒေများကိုရေးဆွဲသည့် အဖွဲ့အစည်း မတူ ကွဲပြားခြင်းမဟုတ် ၊ ရေးဆွဲခဲ့သော အခြေခံသဘောတရား များ မတူကွဲပြားခြင်းမဟုတ်၊ လွှတ်တော်ဥပဒေများတွင် ဖော်ပြထားသော အချက်အလက်များ အဓိပ္ပာယ်ဖွင့်ဆို ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မတူခြားနား သော အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြင့် ဖွင့်ဆိုဖော်ပြထားသည့် ကွဲလွဲခြင်းမျိုးမဟုတ်၊ လွှတ်တော်ဥပဒေများတွင် ပါဝင် သည့် အချက်များသည် အခြေခံဥပဒေတွင် မပါဝင်ခြင်း ဖြစ်သည်။ အခြေခံဥပဒေတွင် တိတိပပ ဖော်ပြမထား သည့် ဥပဒေအချက်အလက်များသည် လွှတ်တော်ဥပဒေ များတွင်ပါဝင်နေခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ပြောရ လျှင် ကွဲလွဲချက်မဟုတ်၊ ခြားနားချက်မဟုတ်၊ ဆန့်ကျင် ချက်မဟုတ်၊ လစ်ဟာချက်သာလျှင်ဖြစ်သည်။
          ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟူသည်မှာ ဖွဲ့ စည်းပုံအခြေခံဥပဒအရ ဖွဲ့စည်းထားသော
(၁)     ပြည်ထောင်စု အစိုးရအဖွဲ့
(၂)     အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ
(၃)     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးအဖွဲ့
(၄)     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်
(၅)     ပြည်ထောင်စု တရားသူကြီးချုပ်
(၆)     ပြည်ထောင်စု တရားလွှတ်တော်ချုပ်
(၇)     ပြည်ထောင်စု ရှေ့နေချုပ်
(၈)     ပြည်ထောင်စု စာရင်းစစ်ချုပ်
(၉)     ပြည်ထောင်စု ရာထူးဝန်အဖွဲ့
(၁ဝ)    ပြည်ထောင်စုလွှတ်တော် ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်တို့က ဖွဲ့စည်းသည့် ကော်မတီ၊ ကော်မရှင်အဖွဲ့အစည်းများကို ဆိုလိုသည်ဟု ပြည်သူ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ် တော် ၊ လွှတ်တော်(၃)ရပ် တို့၏ဥပဒေများတွင် အတိအ လင်းဖွင့်ဆိုထားပါသည်။ ထိုသို့ အခြေခံဥပဒေအရတည် ဆဲဖြစ်သော ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ် တော်၊ အမျိုးသားလွှတ်တော်ဥပဒေများမှာ လွှတ်တော်အ သီးသီးမှ ဖွဲ့စည်းတာဝန်ပေးအပ်သော ကော်မတီများ ကော်မရှင်များသည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များဖြစ်သည်ဟု ပြဌာန်းထားသည်မှာ အငြင်းထွက်ဖွယ် ရာ မရှိပါ။ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တွင်  ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ဟူသည်မှာ မည်သို့သော အဖွဲ့အစည်းများကို ဆိုလိုသည်ဟု တိတိပပ ပြဌာန်းထားခြင်း လုံးဝ မပါရှိပါ ။ သို့ဖြစ်ရာ လွှတ်တော်က ဆွဲကိုင်သော လွှတ်တော်ဥပဒေများနှင့် ခုံရုံးမှ ဆွဲကိုင်ခဲ့သော ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေတို့သည် ဆန့်ကျင်နေခြင်းမဟုတ်၊ မညီညွတ်ခြင်း မဟုတ် ၊ တစ်ခုတွင် အသေးစိတ်ဖော်ပြထားသည့် အချက် သည်အခြားတစ်ခုတွင် ဖော်ပြထားမှုမရှိခြင်းသာဖြစ် သည်။
          ဤနေရာတွင်ခုံရုံး၏သုံးသပ်ချက်ကို  ကိုးကား  ၍ဖော်ပြရလျှင်လည်း ''လွှတ်တော် အသီးသီး၏ ဥပဒေများတွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟု အဓိပ္ပာယ်ဖွင့်ဆိုထားသော်လည်း ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေတွင် ပြည်ထောင်စုအဆင့်ဟူသော စကားရပ်နှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုထားမှုမရှိ'' ဟု ထည့်သွင်း သုံးသပ်ထားသည်ကို ထောက်ခြင်းအားဖြင့် အမှန်တကယ် ချွတ်ယွင်း အားနည်းချက်သည် ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုယ်၌ပင်ဖြစ်ကြောင်း ရှင်းလင်းစွာ သိမြင် နိုင်ကြမည်ဖြစ်ပါသည်။ (''  နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီက ... အနာဂတ်နိုင်ငံတော် တွင် ရေရှည်အကျိုးရှိပြီး ခိုင်မာသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု  မရှိမဖြစ်လိုအပ်သည့်အ တွက် ၁၉၉၃ခုနှစ်မှ စ၍ အမျိုးသားညီလာခံကို ခေါ်ယူ ကျင်းပပေးခဲ့ပြီး နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဥပဒေရေးရာ ရှုထောင့်မျိုးစုံမှ အတွေ့အကြုံကြွယ်ဝသူများ မြို့နယ်အားလုံးမှ တိုင်း ရင်းသားကိုယ်စားလှယ်များ ပါဝင်ရေးဆွဲခဲ့ခြင်းဖြစ်သည်။
          ဤပြဿနာတွင် ပါဝင်ပတ်သက်ကြသော အုပ်ချုပ် ရေးမဏ္ဍိုင် (သမ္မတ) ၊ ဥပဒေပြုရေးမဏ္ဍိုင် (လွှတ်တော် ၃ရပ်) နှင့် တရားရေးမဏ္ဍိုင်( အခြေခံဥပဒေခုံရုံးအဖွဲ့) တို့သည် ပြဿနာ၏ အခြေခံအကြောင်းရင်းသည် မည် သည် ဖြစ်သနည်း ထိုအကြောင်းခြင်းရာကို မည်သို့ညှိ နှိုင်း၍ ဖြေရှင်းကြမည်နည်း ဆိုသည့်လမ်းကြောင်း ကို ဦးတည်ရန် မျက်ကွယ်ပြုခဲ့ ကြသည် ။ သမ္မတသည် ခုံရုံးနှင့်လွှတ်တော်ကြားပဋိပက္ခကို အရှိန်မလျှော့နိုင်ခဲ့၊ အခြေခံဥပဒေ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုသည်ကို အကြောက်အကန်ကိုင်ဆွဲ၍ မိမိတို့သည် တရားစီရင်ရေး၏ အမြင့်မားဆုံးအဆင့် အဓိကမဏ္ဍိုင် ဖြစ်သည်ဟူသော ရပ်တည်ချက်ကို တရားသေဆုပ်ကိုင်ခဲ့ သည် ။ လွှတ်တော်များဘက်ကလည်း အခြေခံဥပဒေ၏ လိုအပ်ချက်ကြောင့်ဖြစ်ရသည့် ပြဿနာကိုဖြေရှင်းရန် အခြေခံဥပဒေကို ဖြည့်စွက်ပြင်ဆင်ရန် လုပ်ဆောင်ရမည် ဆိုသည့် အချက်ဆီသို့ ဦးတည်၍မသွားဘဲ ခုံရုံးအဖွဲ့ဝင် များ နုတ်ထွက်စေရေးနှင့် စွပ်စွဲပြစ်တင်ရေးလမ်းကြောင်း သို့ ဦးတည်၍ သွားခဲ့သည်။( ဤလွှတ်တော်သည်ပင် လျှင် ပုသိမ်မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် အဆိုတင်သွင်းခဲ့သော 'ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်နှင့် သန့်ရှင်းသော အစိုးရ' ဖြစ်ပေါ်စေ ရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့ဝင်များ တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာ ဝန်ပေးအပ်ခြင်း ခံရသူများ၏ ပြောင်းရွှေ့နိုင်သော ပစ္စည်း များ၊ မပြောင်းရွှေ့နိုင်သော ပစ္စည်းများစာရင်းနှင့် ၄င်းတို့ ၏ အကျိုးစီးပွားများစာရင်းကို ထုတ်ဖော်ကြေညာ၍ မှတ်တမ်းတင်ထားရန်အဆိုကို  မဲအများစုဖြင့် တစ်ခဲနက် ကန့်ကွက်ခဲ့ကြဘူးကြောင်း ဤနေရာတွင် ထောက်ပြလို ပါသည်။)
          ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမှ သမ္မတထံပေးပို့သော သဝဏ်လွှာတွင်ပါရှိသည့် ''သမ္မတ၏ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းပြီး ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များက လည်း ဆန္ဒအလျောက်တာဝန်မှ အနားယူသွားစေရေး'' ဟူသော အချက်နှစ်ချက်အနက် ခုံရုံးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များကလည်း ဆန္ဒအလျောက် တာဝန်မှ အနားယူ သွားစေရေး ဟူသောအချက်မှာ ခုံရုံးအဖွဲ့၏ ဂုဏ်သိက္ခာ ကို တိုက်ရိုက်ထိပါးလိုက်ခြင်းသာဖြစ်ပါသည်။ ထို သဝဏ်လွှာသည် ညှိနှိုင်းဆောင်ရွက်ရေးကို လမ်းဖွင့် လိုက်သော ကမ်းလှမ်းမှုတစ်ခုမဟုတ်ခဲ့ပါ၊ မိမိတို့အမှား မပြုလုပ်သောကြောင့် လိုက်လျောခြင်း မပြုလုပ်နိုင် ဟူသော သဘောထားကို ခုံရုံးအဖွဲ့က နောက်ဆုံးအချိန်ထိ ဆွဲကိုင် သွားစေသည့် ရာဇသံပေးခြင်းမျိုး ဖြစ်သွား ခဲ့ပါသည်။ တစ်ဖန်တစ်လှည့်အားဖြင့် ခုံရုံးအဖွဲ့မှ လည်း ''တရားစီရင်ရေး၏ ဆုံးဖြတ်ချက်ကို ဥပဒေပြုအမတ် များက မဲခွဲဆုံးဖြတ်ခြင်းသည် ကမ္ဘာတွင် အစဉ်အလာမရှိ ကြောင်း အခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို မျက် ကွယ်ပြုခြင်း ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း'' စသည်ဖြင့် ပြန်လည်တုံ့ ပြန်မှုများ ပြုလုပ်ခြင်းအားဖြင့် တိုက်ပွဲခေါ်သံပေးလိုက် သည်။
          လွှတ်တော်က ခုံရုံးအဖွဲ့နုတ်ထွက်မည့်အချိန်ကို စောင့်ခဲ့သည်။ ခုံရုံးအဖွဲ့ကလည်း မနှုတ်ထွက်ခဲ့၊ သမ္မတ ကြီးက ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ရပ်တန့်မသွားစေ ရန်နှင့် ပြည်သူသန်း ၆ဝ ၏ မျက်နှာကိုထောက်ထား ၍ လွှတ်တော်က စွပ်စွဲပြစ်တင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်မည့်အစား အခြေခံဥပဒေ အခန်း ၁၂ (ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ပြင်ဆင်ခြင်းအခန်း) ပါ အခွင့်အလမ်းများကို အသုံးပြု၍ ဆောင်ရွက်ပါက ပိုမိုသင့်လျော်ကောင်းမွန်နိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ သဝဏ်လွှာပြန်ပို့၍ လမ်းကြောင်းတစ်ခု ခင်းခဲ့သည်။ သို့သော် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ် ထားကြပြီဖြစ်သော 'ဘက်နှစ်ဘက်' အနေဖြင့် သမ္မတကြီးခင်းပေးသည့် လမ်းကို မည်သူမျှ မရွေးခဲ့ကြ တော့ပါ။
          ထိုအချိန်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် တရားစီရင်ရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း အငြင်းပွားစရာပေါ် ပေါက်ခဲ့ရခြင်းနှင့်ပတ်သက်၍ ညှိနှိုင်းဖြေရှင်းရေးသည် အဓိကကျကြောင်း ထို့အပြင် ပြည်သူ့လွှတ်တော်အတွင်း ရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များနှင့် အချင်းချင်းနားလည်မှုရအောင် ဆောင်ရွက်ကြရန် အရေး ကြီးကြောင်း ပြောဆိုခဲ့ပါသည်။ သို့သော် ခတ်ရန် စောင်မာန် အသင့်ဖြစ်နေသည့် သူများကတော့ မြေစာပင်များကို ထည့်မတွက်ခဲ့ကြတော့ပါ။
          ထိုသို့အားဖြင့် ပြင်းထန်သည့် ပဋိပက္ခ၏ အထွဋ်အ ထိပ်တွင် ခုံရုံးအဖွဲ့ဝင်များအားလုံး နုတ်ထွက်သွားကြပါ သည်။ သည်နေရာတွင် ဒီဇာတ်လမ်း ပြည်ဖုံးကားကျပြီ လား၊ ဤမျှသာဟု စာတန်းထိုး၍ ရပြီလား ၊ ဘယ်သူ တွေနိုင်လိုက်ကြသနည်း ဘယ်သူတွေရှုံးကြသနည်း ၊ စဉ်းစားဆုံးဖြတ်စေချင်ပါသည်။
          တကယ်တမ်း တင်ပြရလျှင် အားလုံးရှုံးကြပါ သည်၊ ယမ်းငွေ့များ ၊ မီးတောက်များ၊ ဟစ်ကြွေးသံများ ညည်းညူသံများ ပြီးဆုံးသွားသည့်နောက်တွင် မြို့ကြီး လည်း ညက်ညက်ကြေ၊ တပ်လည်းပြုတ်ပြုတ်ပြုန်း နှစ် ဦးနှစ်ဘက် အကျအဆုံး များလှသည့် တိုက်ပွဲတစ်ပွဲဟု ပင် တင်စားလိုပါသည်။ အုပ်ချုပ်ရေးမဏ္ဍိုင် ၊ ဥပဒေပြု ရေးမဏ္ဍိုင် ၊ တရားရေးမဏ္ဍိုင် ၊ မဏ္ဍိုင် (၃)ရပ်လုံး မည်သည့် အမြတ်မျှမထွက်သည့်အပြင် ၊ ပြည်သူများအဖို့ လည်း မည်သို့သော အကျိုးထူးရလဒ်မျှ ထွက်မလာခဲ့ ပါ။ အဘယ်ကြောင့်နည်း ဆိုပါလျှင် ဤစာ၏ နိဒါန်းပိုင်း မှ မေးခွန်း (၃)ခုမှ ထွက်ပေါ်လာဖွယ်ရှိသည့် အဖြေများ ကြောင့် ဖြစ်ပါသည်။ ထိုအဖြေများမှာ
          (၁) အခြေခံဥပဒေခုံရုံးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ နုတ်ထွက်သွားရုံမျှဖြင့် ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့်ဖြစ်သည်ဟု အလိုအလျောက်သတ် မှတ်နိုင်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်ပါသည်။
          (၂)     အခြေခံဥပဒေခုံရုံးအဖွဲ့ဝင် (၉)ဦး နုတ်ထွက် သွားတဲ့နေရာတွင် မည်သူတို့အား ပြန်လည်ခန့်ထားကြ သည်ဖြစ်စေ ၊  အခြေခံဥပဒေခုံရုံးအဖွဲ့သစ်သည် လွှတ် တော်ရေးရာကော်မတီများသည် ပြည်ထောင်စုအဆင့် ဖြစ်ပါသည် ဆိုသည့်အချက်ကို (အခြေခံဥပဒေတွင် ထည့်သွင်းထားချက် တစ်စုံတစ်ရာကို ကိုးကားခြင်း မပြုနိုင်ဘဲ ၊ သမ္မတ၏ အမိန့်ကြောင့်ဖြစ်စေ လွှတ်တော် အားမလွန်ဆန်ရဲသောကြောင့်ဖြစ်စေ၊ ရှေ့က ဖြစ်ပွားခဲ့ သော ဖြစ်ရပ်အပေါ်တွင် ဘယာဂတိ လိုက်စား၍ဖြစ်စေ) လက်ခံအတည်ပြုပေးကြမည်မဟုတ်ပါ ။ အကယ်၍ ပြုခဲ့ သည်ရှိသော် ပင်မ မဏ္ဍိုင်(၃)ရပ်မှ တရားရေးမဏ္ဍိုင် ပြိုလဲခြင်းပင် ဖြစ်ပါသည် ။ ထိုသို့ဖြစ်လာပါက နိုင်ငံတော် သမ္မတအဆက်ဆက် ၊ လွှတ်တော်ဥက္ကဋ္ဌ အဆက်ဆက် နှင့် လွှတ်တော် ကိုယ်စားလှယ်များသည်  '' ...နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပြီး နိုင်ငံတော်၏ ဥပဒေများကိုလည်း လိုက်နာပါမည်...'' ဟု ကျမ်းသစ္စာဆို/ ကတိသစ္စာပြု ရမည့်အစား '' ... လွှတ်တော်ဥပဒေများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး ...'' ဟု ကျမ်း သစ္စာဆို/ကတိသစ္စာပြုရ မည်သာဖြစ်ပါလိမ့်မည်။
          (၃)လွှတ်တော်ရေးရာကော်မတီများသည် ပြည် ထောင်စုအဆင့်ဖြစ်သည် ဟူသော အချက်သည် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် မပါဝင်သောကြောင့် ပြည် ထောင်စုအဆင့်မဟုတ် ဟူ၍ပင် ဆုံးဖြတ်ခဲ့ကြသည်ရှိသော် အခြေခံဥပဒေခုံရုံးအသစ်ကို စွပ်စွဲပြစ်တင်မှုများပြုလုပ်၍ နုတ်ထွက်စေရန် ဖိအားပေးခြင်းမှာ ဖြစ်နိုင်တော့မည်မ ဟုတ်ပါ၊ သို့ဖြစ်ပါက ယခင် အခြေခံဥပဒေခုံရုံးအဖွဲ့အား နုတ်ထွက်စေရန် ဖိအားပေးခဲ့ခြင်းမှာ အဟောသိကံသာ ဖြစ်ပါလိမ့်မည် ။
          ဤသို့ဆိုလျှင် အဘယ်ကြောင့် ဒုတိယနည်းလမ်းဖြစ် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) အရ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးဟူသော လမ်းကြောင်းကို မရွေးချယ်ခဲ့ကြပါသနည်း ။
(၁)     ဤအချက်ကို ပြင်ဆင်လျှင် နောက်ထပ်ပြင်ဆင်စရာ အချက်များအတွက် ပိတ်ထားသော တံခါးများ ပွင့်သွား မည်ကို စိုးရိမ်ကြသောကြောင့်လော ။
(၂) အခြေခံဥပဒေ ၄၃၆(ခ)တွင် အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏  ၇၅ ရာခိုင်နှုန်းကျော်၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရပါမည်ဆိုသည့်အချက်ကို ပြဌာန်းထားမှုကြောင့် (လက်ရှိလွှတ်တော်များ၏ အခြေအနေအရ ၇၅ ရာခိုင်နှုန်း မည်သို့မျှ ကျော်နိုင်မည်မဟုတ် ဟူသော ပုံသေနည်းကျ  စိုးရိမ်မှု များကြောင့်) ပင်လော ဟူသော မေးခွန်းများအား ထပ်မံမေးမြန်း ရမည်ဖြစ်ပါသည်။
          ထိုအခန်း၁၂ ပါ ပုဒ်မ ၄၃၆(က)တွင် ပြဌာန်း ထားချက်အရ '' .... အခန်း(၄)ပုဒ်မ ၇၄၊ ၁ဝ၉၊ ၁၄၁၊၁၆၁၊... တို့ကို ပြင်ဆင်လိုလျှင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံး၏  ၇၅ ရာခိုင်နှုန်း ကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည် လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအား လုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရပါမည် ဆိုသည့်အချက်ကိုဖော်ပြထားပြီး ပုဒ်မခွဲ(ခ)တွင် ပုဒ်မခွဲ (က)ပါ ထိုပြဌာန်းချက် များမှအပ ကျန်ပြဌာန်းချက်များ ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ်အားလုံး၏  ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့် သာ ပြင်ဆင်နိုင်သည်ဟု ဖော်ပြထားရာ၊ ဤအချက်ကို ဆွဲကိုင်၍ ပြင်ဆင်ဖြည့်စွက်ချက် ဥပဒေမူကြမ်းကို တင် သွင်းခြင်းကို ပြုနိုင်သည် ။ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲခြင်းကို ပြုနိုင်သည်၊ ဤသို့ ဆောင်ရွက်ရာတွင် တပ်မ တော်သားကိုယ်စားလှယ်များနှင့် ညှိနှိုင်းဆောင်ရွက်မှု များ ကို လုပ်ဆောင်နိုင်မည် ဖြစ်ပြီး အရေးကြုံလာလျှင် တပ်မတော်သည် လွှတ်တော်တွင် မည်သည့်သဘောထား ဖြင့် ရပ်တည်မည်ဆိုသည်ကို ပြည်သူများ မျက်ဝါးထင် ထင်မြင်တွေ့ကြရမည့် အခွင့်အရေး ဖြစ်သကဲ့သို့ တပ်မ တော်သား ကိုယ်စားလှယ်များသည်လည်း တိုင်းပြည်အ တွက် လိုအပ်သော အရေးပါသည့် ကဏ္ဍတစ်ရပ်အ လှည့်အပြောင်းတွင် မည်သို့ တော်တည့် မှန်ကန်စွာ ရပ် တည်ကြမည်၊ မည်သို့ မှန်မှန်ကန်ကန် ဆုံးဖြတ်ကြမည်ဆို သည်ကို ပြည်သူတို့အား သက်သေပြနိုင်မည့် အခွင့်အ ရေးဖြစ်ပါသည် ။ ဤသို့အားဖြင့် လက်တွေ့တွင် ဖြစ်သင့် ဖြစ်ထိုက်သော အကျိုးကျေးဇူးတစ်စုံတစ်ရာ ထွက်ပေါ်နိုင်သော ဤလမ်းကို အဘယ်ကြောင့် မရွေးခဲ့ကြ ပါသနည်း။ မရွေးလိုခဲ့ကြပါသလား၊ မရွေးရဲခဲ့ ကြပါ သလား ။
          အချုပ်ဆိုရသော် ဤပြဿနာတွင် ပါဝင်ပတ်သက် သူအားလုံး အနိုင်မရခဲ့ပါ။ အားလုံးရှုံးခဲ့ကြပါသည် Lose - Lose -Lose သာဖြစ်ခဲ့သည်။ သမ္မတနှင့် အုပ်ချုပ် ရေးမဏ္ဍိုင်သည်လည်း အနိုင်မရခဲ့ပါ ၊ တရားရေးမဏ္ဍိုင် သည် ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ပါသည်၊ ဥပဒေပြု မဏ္ဍိုင်သည်ကော နိုင်ခဲ့ပါသလား။ အခြေခံဥပဒေ၏ ပြင်ဆင်ရန် ဖြည့်စွက်ရန် လိုအပ်ချက်များကို မြင်တွေ့နေ ပါလျက်နှင့် မည်သို့မျှ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ လုပ်ဆောင်ရန်လည်း အားမထုတ်ခဲ့ကြဘဲ ၊ ခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်လျက် နုတ်ထွက်စေခဲ့ခြင်းသည် ပြည်သူ များအားကိုယ်စားပြုသည့် လွှတ်တော်တစ်ရပ်အနေဖြင့် ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုတစ်ခုမဟုတ်ခဲ့ပါ ။
          ဤနေရာတွင် ငယ်စဉ်က ဖတ်ဖူးသော စာတိုပေစ လေးများကို မျှဝေလိုပါသည်။ တိုင်ကိုဖက်၍ ငိုနေသော ကလေးအား အငိုတိတ်စေရန် ကလေးလက်ထဲသို့ ပဲလှော် ထည့်ပေးခဲ့သည်။ ကလေးက လက်ကိုဖြုတ်လျှင် ပဲလှော်များ လွတ်ကျမည်စိုး၍ ငိုပြန်သည်။ ထိုအခါ ညဏ်ကြီးရှင်က ပဲလှော်ကို ပြန်ယူ၍ ကလေးလက်ကို ဖြုတ်စေပြီးမှ လက်ခုပ်ထဲသို့ ပြန်ထည့်ပေးနိုင်သည်ကို မစဉ်းစားဘဲ တိုင်ကိုဖြတ်၍ ကလေးလက်ကို ဖြုတ်ယူစေခဲ့သည့် ပုံပြင်တစ်ပုဒ်ကို ဖတ်ဖူးခဲ့သည်။ တစ်ဖန် ဆိတ်တစ် ကောင် သည် အိုးထဲသို့ ခေါင်းထိုးလျှိုပြီး အစားစားရာ ခေါင်း တစ်ပြီး ပြန်မထွက်နိုင်ဖြစ်နေသည်ကို အိုးမကွဲစေရန်ဆို၍ ဆိတ်၏ ခေါင်းကို ဖြတ်စေပြီးမှ ခေါင်းထုတ်၍ မရပြန် သဖြင့် အိုးကိုခွဲရပြန်သော အကြောင်းကိုလည်း ဖတ်ခဲ့ရဖူး ပါသည် ။ လွှတ်တော်နှင့် ခုံရုံးပြဿနာတွင်လည်း တိုင် တစ်လုံး ဆုံးရုံမျှသာဆိုလျှင် တော်ရော့မည်။ ဆိတ်လည်း ခေါင်းပြတ် အိုးလည်းကွဲ ဆိုလျှင်တော့ တိုင်းပြည်မှာ မိအေးအခါခါ နာရော့မည်။
          နိုင်ငံတစ်နိုင်ငံတွင် ပြဿနာများစွာရှိပါသည်။ အထူးသဖြင့် ဒီမိုကရေစီသို့ကူးပြောင်းကာစ နိုင်ငံတစ် နိုင်ငံတွင် ပြဿနာများမှာ ပို၍ပင် များမြောင်လှပါသည်။ အဘက်ဘက်မှ ယိုယွင်းနေသော နိုင်ငံတော်အား ပြန် လည်တည် ဆောက်ခြင်း၊ ပျက်ပြားနေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအား ပြန်လည်တည်ဆောက် ခြင်း ၊ အမျိုးသား အကျိုးစီးပွားများကို မြှင့်တင် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို အင်တိုက် အားတိုက် အရှိန်မြှင့် လုပ်ဆောင် နိုင်ရန်မှာ နိုင်ငံတော် တည်ငြိမ်မှုရှိရန်လိုအပ်ပါသည်။ ပင်မ မဏ္ဍိုင် ၃ရပ်ဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နှင့် တရားရေး မဏ္ဍိုင်တို့သည် တစ်ခုကိုတစ်ခု အပြန်အ လှန်သဟဇာတဖြစ်လျက် အခြေ ၃ချောင်းထောက် (Tripod) သဖွယ် အမှီသဟဲပြု ထိန်းကျောင်း နေကြရပါ မည်။ သို့မှသာ နိုင်ငံတော်အား တည်ငြိမ်သော ထောက် တိုင်အဖြစ် အထောက်အပံ့ ဖြစ်စေပါလိမ့်မည်။ အခြေ တစ်ချောင်းလဲကျလျှင် ကျန်အခြေနှစ်ချောင်းလည်း ထောင်မတ် ကျန်နေမည်မဟုတ်သကဲ့သို့ ထိုမဏ္ဍိုင်များ ပဋိပက္ခဖြစ်လျက် မညီမညွတ်ဖြစ်နေကြပါလျှင် နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားပါလိမ့်မည်။ နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားခဲ့လျှင် မလိုလားအပ်သော ပြဿနာများ နောက် ဆက်တွဲ ပေါ်ပေါက်လာနိုင်ပါသည် ။ ထိုအခါ နှစ်ပေါင်း များစွာ ဒုက္ခပင်လယ်ဝေခဲ့ရသည့် သန်း ၆ဝ သော ပြည်သူတို့၏ မျှော်လင့်ချက်များ ပျက်ပြားသွားရပါလိမ့် မည်။ နောက်ပြန် လှိုင်းတံပိုးများ၏ ရိုက်ခတ်မှုတို့ကို ပြင်းထန်စွာ ကြုံတွေ့ကြရပါလိမ့်မည်။ ပြည်သူတို့က ယုံကြည်အားထား၍ ရွေးချယ်တင်မြှောက်ထားသော ပြည်သူတို့ကိုယ်စား တိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီးများ တွင် တာဝန်ထမ်းဆောင်နေကြသော ပုဂ္ဂိုလ်များသည် အမိနိုင်ငံတော်အား ထိုသို့သော ဖြစ်ရပ်ဆိုးများ ထပ်မံ မကြုံတွေ့ကြစေလိုသော စေတနာမှန်ကြပါလျှင်၊ ပြည်သူ သန်း ၆ဝ တို့၏ အနာဂတ် ဘဝကို တည်ငြိမ်စွာ ဦးဆောင်မှုပေးလိုသော စိတ်ရင်း မှန်ကြပါလျှင် မဏ္ဍိုင် ၃ ရပ်တို့အကြား စေ့စပ်ခြင်း ၊ ညှိနှိုင်းခြင်းများဖြင့် သဟ ဇာတဖြစ်စွာ အပြန်အလှန်ထိန်းကျောင်း၍ တိုင်းပြည်ကို ညီညီညွတ်ညွတ် ဦးဆောင်ကြစေလိုပါကြောင်း သုံးသပ် အကြံပြုလိုက်ရပါသည် ။
                                                                                                                                                                     ထင်လင်းဦး (Wisdom Villa)
From-MessangerNewsJournal

No comments:

Post a Comment