အေပီသတင်းဌာနမှ ဒဲန်းနစ်ဂရေး၏ ဆောင်းပါးကို အောင်ထွန်းဦး ဘာသာပြန်သည်။အာရှမှာ ဒီလိုနေရာမျိုး ဘယ်နေရာမှာ မှ နောက်ထပ် မရှိတော့ပါဘူး။
လူမျိုးစုမျိုးစုံကြားမှာ ရာစုနှစ်တစ်ခုထက်ပိုပြီး ပကတိအတိုင်း
လန်းလန်းဆန်းဆန်းနဲ့ အရောင်အသွေးစုံလင်စွာ ရှိနေခဲ့တဲ့ ခန့်ညားပြီး
အညတရဖြစ်တဲ့ ကိုလိုနီခေတ် အဆောက် အအုံတွေ ရာပေါင်းများစွာနဲ့ ပြည့်နှက်နေတဲ့
မြို့ရှုခင်းတစ်ခုပါ။
အာရှရဲ့ အခြားမြို့ကြီးတိုင်းလိုလိုမှာ အတိတ်ကို ဘူဒိုဇာနဲ့
ဖြိုချဖျက်ဆီးခဲ့တဲ့၊ လျင်မြန် တဲ့ ခေတ်မီတိုးတက် မှုဟာ မြန်မာနိုင်ငံရဲ့
အကြီးဆုံးမြို့နဲ့ အရင်က မြို့တော်ဟောင်းဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ ကိုတော့
ရှောင်ကွင်းခဲ့ ပါတယ်။ Rangoon လို့ တစ်ချိန်က သိခဲ့ကြတဲ့ ရန်ကုန်မြို့ကို
“အချိန်ကို ဖမ်းထားတဲ့မြို့”လို့ ဖော်ပြကြပါတယ်။
အခုအခါမှာတော့ မြန်မာနိုင်ငံဟာ အလျင်အမြန် တိုးပွားလာတဲ့
ကမ္ဘာလှည့်ခရီးသည်တွေ အပါအ၀င် ပြင်ပကမ္ဘာဆီကို ကြာရှည်ပိတ်ထားတဲ့ တံခါးတွေ
ဖွင့်လိုက်တဲ့အချိန်မှာပဲ ရန်ကုန်မြို့ရဲ့ ဗိသုကာ လက်ရာတွေနဲ့
နှစ်သက်ကြည်နူးစရာ အနေအထားကို အားကောင်းလာတဲ့ တိုးတက်မှုနဲ့ ယိုယွင်းမှုကနေ
ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့ အဓိကကျတဲ့ အားထုတ်မှုတစ်ရပ်ကို
လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။
“ကျွန်မတို့အတွက် ရန်ကုန်မြို့မှာ လက်ဆောင်တစ်ခု ရှိပါတယ်။ ဒါပေမဲ့
ကျွန်မတို့ အရေးတကြီး ဆောင်ရွက် ဖို့ လိုပါတယ်။ နို့မဟုတ်ရင်
အဲဒီလက်ဆောင်ကို ထာဝရဆုံးရှုံးရပါလိမ့်မယ်”လို့ မြို့ပြရေးရာ ကျွမ်းကျင် သူ
ဒေါ်ဇင်နွယ်မြင့်က မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ နိုင်ငံခြားသားနဲ့ ဒေသခံ
ထိန်းသိမ်းစောင့်ရှောက်သူ များရဲ့ ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
အဲဒီ့ဆွေးနွေးပွဲကို မကြာသေးခင်ကမှ တည်ထောင်ထားတဲ့ Yangon Heritage Trust က
စီစဉ်ခဲ့တာပါ။
တကယ့်ကို လက်ဆောင်ပဲ ဆိုတာကတော့ တက်ရောက်လာသူတွေ ဆွေးနွေးပွဲကျင်းပရာ
Strand ဟိုတယ်ကနေ ထွက်လိုက်တာနဲ့ ထင်ရှားပါတယ်။ Strand ဟာ
မြစ်ကမ်းပါးစင်္ကြံတစ်လျှောက်မှာ ၁၉၀၁ ခုနှစ်က တည်ဆောက်ခဲ့တဲ့ အထင်ကရ
ဟိုတယ်တစ်ခုဖြစ်ပြီး တစ်ခါတုန်းက ဘားမားလို့သိကြတဲ့ နိုင်ငံကို ၀င်လာကြတဲ့
ကမ္ဘာလှည့်ခရီးသည်တွေ ဆင်းကြတဲ့ ဆိပ်ကမ်းတွေနားမှာ ရှိတာလည်း ဖြစ်ပါတယ်။
အဲဒီကနေ တစ်နာရီမရှိတရှိလောက် လမ်းလျှောက်သွားတဲ့အခါမှာ ၀ိတိုရိယပုံစံ၊
အန်းဘုရင်မ ပုံစံ၊ ရှေးဟောင်းရောမနဲ့ ဂရိဂန္ထ၀င်ပုံစံ၊ Art Deco ပုံစံနဲ့
ဗြိတိသျှနဲ့ မြန်မာရောစပ်ထားတဲ့ပုံစံ စတဲ့ ဗြိတိသျှ ကိုလိုနီခေတ်
အဆောက်အအုံတွေနဲ့ ဟန်ပန်အဖုံဖုံက ခရီးသွားတွေကို ဧည့်ဝတ်ကြိုနေပါတော့တယ်။
အဲဒီအဆောက် အအုံတွေ အများအပြားဟာ မိုးပေါ်ထောင်နေတဲ့ ရွှေရောင်အချွန်နဲ့
ဆူးလေစေတီက အလယ်ဗဟိုမှာ ရှိတဲ့ စစ်တုရင်ကွက်ပုံစံ အကွက်ချထားတဲ့
လမ်းတွေတစ်လျှောက် စုပြုံတည်ရှိနေ တာ ဖြစ်ပါတယ်။
မကြာသေးခင်ကမှ ထုတ်ဝေခဲ့တဲ့ “ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်
အဆောက်အအုံ ၃၀”ဆိုတဲ့ စာအုပ်ကို ရေးသားသူ ဆယ်ရာရူနီက သူမ အကြိုက်ဆုံး
အဆောက်အအုံတွေထဲမှာ ပဲခူးကလပ် နဲ့ လောကနတ်ပန်းချီပြခန်း အဆောက်အအုံတွေ
ပါတယ်လို့ ပြောပါတယ်။
ကျွန်းသစ်တွေနဲ့ ဆောက်ထားတဲ့ကလပ်ဟာ အတော်လေး ယိုယွင်းပျက်စီးနေပြီး
အဲဒီအတွက်ကြောင့်ပဲ အလွန်အကျွံ ပြင်ဆင်ခြင်းခံထားရတဲ့ အာရှဟာ
ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ အများအပြားထက်ပိုပြီး စိတ်အာရုံကို
နှိုးဆွပေးပြီး အောက်မေ့သတိရစေတယ်လို့ သူမကပြောပါတယ်။ တစ်ချိန်တစ်ခါက
ကိုလိုနီမြေရဲ့ သီးသန့်အဖြစ်ဆုံးနဲ့ ဇီဇာအကြောင်ဆုံးဖြစ်တဲ့ ဒီကလပ်ဟာ
ရဒ်ယာဒ်ကစ်ပလင်း (Rudyard Kipling)လို ပုဂ္ဂိုလ်တွေကို ဧည့်ခံခဲ့ပါတယ်။
ကစ်ပလင်းဟာ ၁၈၈၉ မှာ အဲဒီမြို့က ပြန်ပြီးတဲ့နောက် စစ်သားတွေနဲ့
အရက်အတူတူသောက်ပြီး သွက်လက်မြူးကြွတဲ့ “မန္တလေးသွားတဲ့လမ်း”ဆိုတဲ့ကဗျာကို
ရေးစပ်ခဲ့တယ်လို့ ဆိုကြပါတယ်။
လောကနတ် အဆောက်အအုံဟာ “ရန်ကုန်မြို့ရဲ့ လူမျိုးပေါင်းစုံရှိမှုသင်္ကေတ”
ဖြစ်တယ်လို့ ရူနီကပြောပါတယ်။ ဘဂ္ဂဒက်မြို့သား ဂျူးကုန်သည်တစ်ဦးက ၁၉၀၆
ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီအဆောက် အအုံဟာ ဖိလစ်ပိုင်
ဆံပင်အလှပြင်ဆိုင်တစ်ဆိုင်၊ ဂရိသားရေကုန်သည်နဲ့အတူ အီဂျစ်စီးကရက်၊
ဂျာမန်ဘီယာနဲ့ ဗြိတိသျှသကြားလုံး ဖြန့်ချိတဲ့ကုမ္ပဏီတွေ ရှိခဲ့တာကြောင့်
မြို့တော်ရဲ့ ဂုဏ်အရှိဆုံး စီးပွားရေးလုပ်ငန်း နေရာတစ်ခု ဖြစ်ခဲ့ပါတယ်။
ထိန်းသိမ်းရေးအဖွဲ့ကို ဦးဆောင်သူ အနောက်တိုင်းမှာ ပညာသင်ခဲ့တဲ့
သမိုင်းပညာရှင် ဦးသန့်မြင့်ဦးက Strand ဟိုတယ်ရဲ့ တစ်မိုင်ပတ်လည်
အတွင်းမှာ ရိုမန်ကက်သလစ်၊ ပရိုတက်စတင့်နဲ့ အာမေးနီးယန်း
ဘုရားရှိခိုးကျောင်းတွေ၊ ရှီးယားနဲ့ ဆွန်နီဗလီတွေ၊ ဂျိန်းဝတ်ကျောင်းတစ်ခု၊
ဟိန္ဒူဘုရားရှိခိုးကျောင်းတစ်ခုနဲ့ အသစ်ပြန်လည် မွမ်းမံထားတဲ့
ဂျူးဘုရားကျောင်းတစ်ခု ရှိတယ်လို့ မှတ်ချက်ပြုပါတယ်။
အဲဒီဂျူးဘုရားကျောင်းဟာ တစ်ချိန်တုန်းက အာရှရဲ့အကြီးမားဆုံး ဂျူးလူမျိုး
အသိုင်းအ၀ိုင်းများရဲ့ ဗဟိုလည်း ဖြစ်ခဲ့ပါတယ်။
များပြားလှတဲ့ သဘာဝသယံဇာတတွေ အထူးသဖြင့် ကျွန်းသစ်၊ ရေနံနဲ့
ဆန်စပါးတို့ရဲ့ ဆွဲဆောင်မှုကြောင့် ကြွယ်ဝမှုကို ရှာဖွေကြသူတွေနဲ့
ဆင်းရဲတဲ့အလုပ်သမားတွေဟာ တစ်ကမ္ဘာလုံးကနေ စုပြုံဝင်ရောက်လာခဲ့ကြပြီး
ရန်ကုန်ကို နိုင်ငံတကာမြို့ကြီးအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ ၁၉၂၀ ပြည့်လွန်
ကာလတွေမှာဆိုရင် တစ်ခါတစ်ရံ ရန်ကုန်မြို့ဟာ နယူးယောက်မြို့ထက်ပိုပြီး
ရွှေ့ပြောင်းဝင်ရောက်လာ သူတွေကို ကြိုဆိုခဲ့တာပါ။
အဲဒီနောက်မှာတော့ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာခဲ့ပြီး ၁၉၆၂ ခုနှစ်မှာတော့
ရာစုနှစ်ဝက်ကြာ အထီးကျန်မှု၊ အာဏာရှင်အုပ်ချုပ်မှုနဲ့
စီးပွားရေးဆိတ်သုဉ်းမှုတွေကို စတင်ဖွင့်လှစ်ပေးခဲ့တဲ့ အာဏာသိမ်းမှု တစ်ရပ်
ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအာဏာသိမ်းမှုကပဲ ရန်ကုန်နဲ့ မြို့သူမြို့သားတွေကို
အနှေးနဲ့အမြန်ဆိုသလို တန့်သွားအောင် လုပ်ခဲ့တဲ့ အဓိကအချက်လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
“ရန်ကုန်မြို့မှာ ရှင်သန်ဆဲ အမွေအနှစ်တွေ အများကြီးရှိသေးသလို
ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အဲဒီအဆောက်အအုံဟောင်းတွေရဲ့
ပတ်ဝန်းကျင်နဲ့ အတွင်းထဲမှာ ပေါက်ဖွားကြီးပြင်းခဲ့တဲ့ စရိုက်သွင်ပြင်နဲ့
လူမှုကွန်ရက်တွေ ရှိပါသေးတယ်”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ
ဦးလှိုင်မော်ဦးကပြောပါတယ်။ ဒီအမွေအနှစ်ကို ရန်ကုန်မြို့ရဲ့ ကျယ်ပြန့်လာတဲ့
စိမ်းစိမ်းစိုစိုနေရာတွေ၊ ရေကန်တွေ၊ ဆင်ခြေဖုံး အိမ်ရာတွေနဲ့အတူ
ပြုစုစောင့်ရှောက်ဖို့လည်း သူကတိုက်တွန်းထားပါတယ်။
အခြားအကြံပြုချက်တွေထဲမှာတော့ ဆောက်လုပ်ရေးလုပ်ငန်း အသစ်တွေအပေါ်
ကန့်သတ် ချက်တွေ မြင့်မြင့်ထားရှိဖို့၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ
သင်တန်းပေးခြင်း၊ အများပြည်သူ သိရှိအောင် လုပ်ဆောင်ရေးနဲ့ ခိုင်မာတဲ့
တရားဝင်သုတေသနနဲ့ ဖြိုဖျက်ခြင်းမလုပ်ရမယ့် အဆောက်အအုံတွေ အားလုံးရဲ့စာရင်း
ပြုစုရေးတို့ ပါဝင်ပါတယ်။ စည်ပင်သာယာဌာနကလည်း အဆောက်အအုံ
၁၈၈ ခုကို ထိန်းသိမ်းစောင့်ရှောက်ရေး စီမံချက်ကို တင်ပြပါတယ်။
အဲဒီအဆောက်အအုံတွေကို ရန်ကုန်သူ ရန်ကုန်သားတွေအတွက်ရော
ကမ္ဘာလှည့်ခရီးသည်တွေအတွက်ပါ အကျိုးရှိအောင် အကောင်းဆုံး ဘယ်လိုအသုံးချမလဲ
ဆိုတာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အများသဘော ဆန္ဒကတော့ တချို့အဆောက်အအုံတွေကို
အမြတ်အစွန်းရမယ့် ဟိုတယ်နဲ့ စီးပွားရေးလုပ်ငန်း အဖြစ်
ပြောင်းလဲပစ်ဖို့ဖြစ်ပြီး တချို့ကိုတော့ ငွေကြေးထောက်ပံ့ပေးရမယ့်
အနုပညာပြခန်းတွေ၊ ပြတိုက်တွေ နဲ့ ကျောင်းတွေအဖြစ် ရှိနေစေဖို့ပါပဲ။
“ကျွန်တော်တို့ဟာ ဒီမြို့ရဲ့သမိုင်းမှာ အပြောင်းအလဲကာလကို
ရောက်နေပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက
ဆွေးနွေးပွဲမှာ ပြောကြားပါတယ်။ “ကျွန်တော်တို့ဟာ ရန်ကုန်မြို့ကို ၂၁
ရာစုရဲ့ မြို့တစ်မြို့အဖြစ် မြင်တွေ့လိုသလို ကျွန်တော်တို့ရဲ့ အကောင်းဆုံး
အမွေအနှစ်တွေကိုလည်း ထိန်းသိမ်းလိုပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့
စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ကျွန်တော့်အနေနဲ့ ဘာမှ ယုံမှားသံသယ မရှိပါဘူး။
ဒါပေမဲ့ အခြားအာရှမြို့ကြီးတွေရဲ့ အမှားတွေကနေပြီး ကျွန်တော်တို့
သင်ခန်းစာ ယူရပါလိမ့်မယ်”
အစိုးရဌာနတွေ ရှိခဲ့တဲ့ အဆောက်အအုံ အများအပြားဟာ တပ်မတော်အစိုးရက
မြို့တော်ကို နေပြည်တော် ဆီ ပြောင်းသွားခဲ့တဲ့ ၂၀၀၅ ကတည်းက
ဗလာကျန်ခဲ့တာဖြစ်ပြီး ရောင်းချခြင်း ခံခဲ့ရပါတယ်။ အဆောက်အအုံအချို့
ပြင်မရအောင် ပျက်စီးသွားမှာ ၊ ဒါမှမဟုတ် ဆောက်လုပ်ရေးသမားတွေက ၀ယ်ယူပြီး
ဖြိုချပစ်လိုက်မှာကို စိုးရိမ်နေကြပါတယ်။
အကာအကွယ်ပေးခြင်း မခံရသေးတဲ့ ပုဂ္ဂလိကပိုင် အဆောက်အအုံ အများအပြားကတော့
ဖြိုချခံခဲ့ရပြီးဖြစ် ကာ အရုပ်ဆိုး အကျည်းတန်တဲ့ အထပ်မြင့် အဆောက်အအုံတွေက
ထာဝရအစား ထိုး နေရာယူ လိုက်ပြီ ဖြစ်ပါတယ်။ ဒီအဆောက်အအုံတွေဟာ တစ်ချိန်တစ်ခါက
ညီညီညာညာရှိခဲ့တဲ့ အဆောက်အအုံတွေ ရဲ့ အနားသတ်မျဉ်းကို ပျက်စီးစေပါတယ်။
ဗြိတိသျှသံရုံး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ စိန်ပေါလ်ကျောင်းနဲ့
မြို့တော်ခန်းမတို့ အပါအ၀င် နိုင်ငံပိုင် အဆောက်အအုံအချို့နဲ့ အပြည့်အဝ
အသုံးပြုခံထားရတဲ့ အထင်ကရ အဆောက်အအုံအချို့ ကတော့ ဘေးကင်းပုံရပါတယ်။
ဒီအဆောက်အအုံတွေဟာ ဥရောပဒီဇိုင်းနဲ့ မြန်မာဘုရားပုထိုးများက လွှမ်းမိုးတဲ့
အဆင်အယင်တွေရဲ့ အရောအနှောလည်း ဖြစ်ပါတယ်။
အလားတူ ဘေးအန္တရာယ် ကင်းတာကတော့ သူတို့အားလုံးထဲမှာ အကြီးအကျယ်
အခမ်းနားဆုံးဖြစ်တဲ့ ဗြိတိသျှကိုလိုနီ အာဏာတည်ရှိခဲ့ရာ ယခင်
အတွင်းဝန်များရုံးပဲဖြစ်ပါတယ်။ အဲဒီကြီးမားလှတဲ့ ၀ိတိုရိယခေတ်ဟန်
အဆောက်အအုံထဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့
ချစ်လှစွာသောဖခင်ကြီး၊ မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဟာ
၁၉၄၇ ခုနှစ်မှာ လုပ်ကြံခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီအဆောက်အအုံကို ဟိုတယ်အဖြစ် ပြောင်းလဲဖို့
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတစ်ဦးက လေလံဆွဲတာကြောင့် လူထုအနေနဲ့
အုတ်အော်သောင်းတင်း ဖြစ်ခဲ့ပါတယ်။ ဒါက ရန်ကုန်သူ ရန်ကုန်သားတွေအနေနဲ့
သူတို့ရဲ့အမွေအနှစ်တွေအတွက် မားမားမတ်မတ် ရပ်တည်ဖို့ အသင့်ပြင်ထားတယ်ဆိုတဲ့
မျှော်လင့်ချက် ရှိစရာ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။
From- 7Day News Journal
No comments:
Post a Comment