Friday, October 26, 2012

မီဒီယာသမားများ ဖြောင့်မတ်တဲ့ ဂုဏ်ကို ဆောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

"သတင်းတွေ ယူတဲ့အခါမှာ၊ သတင်းမေးတဲ့အခါမှာ အထူးသဖြင့် မီဒီယာက အခြေအနေတွေ သုံးသပ်တဲ့နေရာမှာ လေးလေးနက်နက်လုပ်ပါ၊ အပေါ် ယံကြော မကြည့်နဲ့။ လူတွေရဲ့လုပ်ဆောင်မှု၊ အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုနဲ့ ပတ်သတ်လို့ အရှေ့အနောက် ညီလားဆိုတာ အမြဲစစ်ဆေးနေ၊ အဲတာ အရေးကြီးတယ်။ ဟိုတမျိုး အခုတမျိုးဆိုတာက ဘယ်တော့မှ စိတ်မချရဘူးဆိုတာ သိရမယ်။ နောက်ပြီးတော့ အပေါ်ယံကြောလေး ကြည့်ပြီးတော့ ဆုံးဖြတ်ချက် ချမယ်ဆိုရင် နိုင်ငံ့အကျိုးမပြုနိုင်ဘူး။

အမေကတော့ တချိန်လုံး သတိပေးနေတယ်။ အထူးသဖြင့် မီဒီယာက လူငယ်တွေကိုပေါ့ အခုတည်းကကိုယ့်ကိုကိုယ် ဖြောင့်မတ်တဲ့လမ်းပေါ်မှာတင်ထားကြပါ။ နောက်အသက်ကြီးလာရင် ပြောင်းရပြုရ ခက်တယ်။ ဘာလို့ဆိုတော့ လူက ပိုးဝင်သွားနိုင်တယ်။ နေရာ၊ အာဏာ၊ သြဇာကို သာယာသွားနိုင်တယ်။ အဲတာတွေကို အမြဲသတိထားနေရမယ်။ ကိုယ့်ကိုကိုယ်လဲ သတိထား၊ သူများကိုလဲ ကြည့်နေ ဘယ်သူက ပိုးဝင်သွားပြီလဲဆိုတာ sign လေးတွေ ပြတတ်တယ်။ အဲတော့ ကိုယ့်ကိုကိုယ် ညှိရမယ်။ ရှေ့နောက် မညီတဲ့ကိစ္စတွေ သာယာလာတဲ့ကိစ္စတွေ မီဒီယာတွေမှာလဲ ဖြစ်တတ်တယ်။

သတိထားရမှာက အခုခေတ်က မီဒီယာက တော်တော်သြဇာရှိတယ်။ သြဇာရှိတော့ လူတွေဟာ သြဇာရှိရင် မြှောက်သွားတတ်တယ်။ သူတို့အင်္ဂလိပ်အဆိုအရဆိုရင် Power Collapse ဆိုတာပေါ့ သြဇာအာဏာဟာ လူကို ပျက်စီးစေတယ်။ ကိုယ့်ကိုကိုယ်လဲ ဒီဟာကို အမြဲဆင်ခြင်ရမယ်။ ငါတို့က ပြောလိုက်ရင် တယောက်ရဲ့ ဘဝကို ပြောင်းလဲနိုင်တယ်ဆိုတဲ့ အသိဟာ ဒါဟာ သြဇာအာဏာလို့ ဘယ်တော့မှ မမြင်နဲ့၊ ဒါဟာ တာဝန်လို့ မြင်။ ကိုယ့်ကြောင့် လူတယောက်ရဲ့ ဘဝ ပျက်သွားမယ်ဆိုရင် ကိုယ့်ရဲ့တိုင်းပြည်ရဲ့ အနာဂတ် ထိသွားမယ်။ ဒီလို ဖြစ်နိုင်သလားဆိုတာကို အမြဲပဲ စဉ်းစားရမယ်။

အဲတော့ အမေကတော့ လူငယ်တွေကိုပဲ ပြောရမှာပဲ၊ လူကြီးတွေကတော့ အစကတည်းက အဲဒီစိတ်ဓာတ် မရှိရင် အခုပြင်ပေးလို့ မရတော့ဘူး၊ ခက်ပြီ။ ဒါပေမယ့် သတင်းစာဆရာကြီးတွေထဲမှာဆိုရင် လူရိုသေ၊ ရှင်ရိုသေ တသက်လုံး ခိုင်ခိုင်မာမာနဲ့ လုပ်သွားတဲ့ သတင်းစာဆရာကြီးတွေရဲ့ နမူနာကို ယူပါ။ အခု တချို့ဆိုရင် ပိုက်ဆံရရေးပေါ့ ပိုက်ဆံရရေးလုပ်တဲ့အခါမှာ တချို့ကိစ္စတွေကျတော့ ပြောရမယ်ဆိုရင် ဥပဒေအရတော့ ဘာမှလုပ်လို့မရဘူးပေါ့၊ ဒါပေမယ့် ဒီလိုအတင်းအဖျင်းတွေ ဘာတွေ လူရိုးရိုးပုဂ္ဂိုလ်တွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖော်ထုတ်တာတွေဟာ တကယ်တော့လဲ တိုင်းပြည်နဲ့လဲ မဆိုင်ဘူး၊ ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့အသိုင်းအဝိုင်းရဲ့ အကျိုးအမြတ်နဲ့လဲ မဆိုင်ပဲနဲ့ လူတွေ ဖတ်လို့ကောင်းအောင်ဆိုပြီး ရေးတာပြုတာတွေဟာ ပုဂ္ဂိုလ်တွေရဲ့ဘဝတွေ ပျက်စေတာ ရှိတယ်။

အဲတာတွေကျတော့ အမေအနေနဲ့ ဒါဟာ မြင့်မြတ်တဲ့ မီဒီယာ အလုပ်အကိုင်လို့ မမြင်ဘူး၊ ထောက်ပြသင့်တာ ထောက်ပြတာက တမျိုးပေါ့၊ အလကားသက်သက် သတင်းထူးဆိုပြီး လူဝယ်ဖတ်အောင်လို့ လုပ်တာမျိုးဟာ တခြားလူတွေပေါ်မှာလဲ ကိုယ့်ရဲ့လူသားတယောက်အနေနဲ့ တာဝန်ရှိတယ်ဆိုတာ ကလေးတွေ မှတ်ထားကြ။

အမေတို့ မီဒီယာက ကံကောင်းတာ ဘာလဲဆိုတော့ အခုမှ စတယ်ဆိုတော့ လူငယ်တွေ အရမ်းများတယ်။ လူငယ်တွေဆိုတော့ ကိုယ့်ကိုကိုယ် တည့်သွားနိုင်တယ်။ တည့်သွားလို့ရတယ်။ ခေါက်ရိုးကျိုးနေတဲ့လူကတော့ ကျိုးနေပြီ ဘယ်လိုမှ ပြန်ပြင်လို့ မရဘူး။"

ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မှ အောက်တိုဘာလ ၂၄ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးတွင် မီဒီယာနဲ့ ပတ်သတ်ပြီး အခုလို ပြောကြားခဲ့ပါသည်။


 မူရင်းသတင်းဌာန - VJ Media Network

No comments:

Post a Comment