Saturday, October 27, 2012

အမျိုးသားတွေလည်း အလှပြင်လာကြပြီ


(ဓာတ်ပုံများ - ရွက်စိမ်း/ဧရာဝတီ)
ဗြူးတီးဆလွန်းတွေဟာ  အမျိုးသမီးများ အလှပြင်ဖို့အတွက်ပဲလို့ ယူဆပါသလား။ ဒါဆိုရင်တော့ မှားနေပြီပေါ့။
အမျိုးသား အများအပြားကလည်း ဖက်ရှင် ခေတ်ရေစီးကြောင်းကို လိုက်ပြီးတော့  ကိုရီးယား မင်းသားလေးတွေလို လှပ ကြော့ရှင်းနေဖို့၊ ဆံပင် ဒီဇိုင်းသစ်တွေ ဖန်တီးဖို့၊   မျက်နှာ အသားရေလှအောင်  ပေါင်းတင်/ဂျီးချွတ်ခြင်းတွေလုပ်ဖို့အတွက် ဗြူးတီးဆလွန်းတွေကို အားကိုးနေကြပါပြီ။

အမျိုးသား တွေ အတွက် မျက်နှာ ပေါင်းတင် တဲ့ ဈေးနှုန်း က -- ၁၅,၀၀၀ ခွဲကနေ ၂၅,၀၀၀ အထိ ရှိပါတယ်။
မျက်နှာဂျေးချွတ်ရင်    ၁၀,၀၀၀ အထိ ပေးရပါလိမ့်မယ် ။ 

koko Beauty Salon (ဒဂုံစင်တာ -၁) ကို ရောက်သွားတဲ့ အမျိုးသား အများစုကတော့   မျက်နှာ ဂျီးချွတ် ကြပါတယ်လို့ အဲဒီဆိုင်က မျက်နှာပိုင်းဆိုင်ရာ အလှပြုပြင်သူ  မငယ်က ပြောပါတယ်။

 အမျိုးသားများအတွက် သီးသန့်ဖွင့်လိုက်တဲ့ ကမာရွတ် လှည်းတန်းက  ရွှေမျက်ဝန်း ဆိုင်ကတော့ လူကြိုက်များပုံရပါတယ်။

ဆံပင်ညှပ်၊ ခေါင်းလျှော်၊ မျက်နှာ ပေါင်းတင်၊ မုတ်ဆိတ်ရိတ်၊ မျက်နှာဆေးတာတွေကို သင့်လျော်တဲ့ဈေးနှုန်းနဲ့ ၀န်ဆောင်မှုပေးနေတာကြောင့် ဖြစ်မှာပါ။

မကြာသေးခင် ဖွင့်လိုက်တဲ့ အဲဒီဆိုင်မှာ  ဆံပင် ညှပ် ရင် ငွေကျပ် ၅၀၀ ကျသင့်ပြီး  ခေါင်းလျှော်ရင်တော့ ၁,၀၀၀ ၊ မျက်နှာဆေးတာ အတွက် ကျပ် ၅၀၀ ကျသင့်ပါလိမ့်မယ်။

ဈေးနှုန်း သက်သာ ပြီး ၀န်ဆောင်မှုပိုင်း ကောင်းမွန်တာကြောင့် အမျိုးသားတွေ  သွားရောက်မှု များတဲ့ နေရာလည်း ဖြစ်ပါတယ်။

မျက်နှာဆေးတယ် ဆိုတာ မျက်နှာသစ်ပေးတာမျိုးပါပဲ၊  မျက်နှာသန့်စင်တဲ့ဆေးနဲ့ ဆေးကြောပေးမယ်၊ ပြီးတော့ မျက်နှာကို အချိန်နည်းနည်းလောက် နှိပ်နယ် ပေးပါလိမ့်မယ်။
 
ဆံပင်ကို ဂရုတစိုက်လုပ်လာကြတဲ့အကြောင်း ပြောရရင် - လူငယ်တချို့က ကိုယ်နဲ့လိုက်ဖက်မယ့် ဆံပင်ပုံစံကို တသမှတ်တည်း ထားကြပေမယ့် တချို့ကတော့ ခေတ်စားတဲ့ ပုံစံ ဒီဇိုင်းတွေ ဖြစ်အောင် ပြောင်းလဲ ပြုပြင်လေ့ရှိကြပါတယ်။

ယောက်ျားလေးလူငယ် အတော်များများရဲ့ ဒီကနေ့ ခေတ်စားတဲ့  ဆံပင်ပုံစံတွေက အီမိုပန့်(ခ်)ဒီဇိုင်း၊  ၀မ်းဝေး(လ်) ဆံပင်ပုံစံတွေ ဖြစ်တယ်၊ မိန်းကလေးတွေကတော့ ယခင်က ဆံပင်ကို ဖြောင့်တာကို အကြိုက် တွေ့ခဲ့ကြပေမယ့် အခုတော့လည်း ဒစ်ဂျစ်တယ် အကောက်နဲ့ လှိုင်းတွန့် အကောက် ဆံပင်ပုံစံမျိုးတွေကို ပြုလုပ်လာကြတယ် လို့ KO KO ဗြူတီဆလွန်းက ဆံပင်အလှဖန်တီးသူ ကိုစိုင်းက ဆိုပါတယ်။

“ကျွန်တော်တို့ ဆိုင်မှာတော့ အခုတလော ယောကျာ်းလေး အများစုက အီမိုပန့်(ခ်) ပုံစံမျိုး လာညှပ်ကြတာ များပါတယ်။ တချို့လည်း သူတို့ ကြိုက်တဲ့ နာမည်ကျော်တွေရဲ့ ပုံစံမျိုးပြောပြီး ညှပ်ကြတာလည်း ရှိတယ်”  လို့ သူက ပြောပါတယ်။

    လူငယ်တွေကတော့ သူတို့စိတ်ထဲ ကြိုက်နှစ်သက်တဲ့ ပုံစံမျိုးကိုပဲ ရွေးချယ်လေ့ရှိပြီး အများနဲ့ မတူချင်လို့ အသစ်အဆန်းဖြစ်မယ့် ဒီဇိုင်းတွေကိုလည်း ရွေးချယ်လေ့ရှိကြပါတယ်။

    “ကျွန်တော်က အခုခေတ်စားတဲ့ အီမိုကေကို ကြိုက်တယ်၊  လူငယ်ပုံစံပဲလေ၊  ကျွန်တော်တို့ သူငယ်ချင်းတွေ အကုန်လုံးကတော့ ဒီပုံစံကိုပဲ ရွေးညှပ်ကြတယ်” လို့ ရန်ကုန်၊ လှည်းတန်းရပ်နေ လူငယ်တဦးက ဧရာဝတီကို ပြောပါတယ်။

    အခုနှစ်တွေအတွင်းမှာ ရန်ကုန်မှာ ဗြူတီဆလွန်းနဲ့ အလှပြုပြင်ရေး လုပ်ငန်းတွေက ပိုမို တွင်ကျယ်လာပြီး အလှအပရေးရာကို လူတွေပိုပြီး စိတ်ဝင်စားလာကြပြီ လို့  ရန်ကုန်မြို့ခံအမျိုးသမီးတဦးက ဆိုပါတယ်။ တိုနီထွန်းထွန်း၊ ကိုကို ဗြူတီဆလွန်း တို့လို နာမည်ကြီးဆိုင်တွေ အပြင် ဆိုင်သစ်တွေ ဖွင့်လာကြတာကြောင့် လူတွေအတွက် ရွေးချယ်စရာ ပိုများလာတယ်လို့ သူက ဆက်ပြောပါတယ်။

    ဆံပင်ညှပ်ခတွေကလည်း ဆိုင်ပေါ်မှာမူတည်ပြီး အမျိုးသမီးဆံပင်ညှပ်ခက အနည်းဆုံး ကျပ်ငါးထောင်ပါပဲ။ အမျိုးသားဆံပင်ညှပ်ခကတော့ အနည်းဆုံး သုံးထောင့်ငါးရာ ရှိပါတယ်။

    ဆံပင် ဖြောင့်တာ ကောက်တာတွေကို အမျိုးသမီးတွေ နည်းတူ အမျိုးသားတွေလည်း လုပ်လာကြတာ တွေ့ရပါတယ်။ ကိုရီးယား  မင်းသား မင်းသမီးတွေလို ပုံစံမျိုးတွေကို အတုယူပြီး လိုက်လုပ်ကြတာများပါတယ်လို့  ဆံပင် အလှပြုပြင်ရေးဆိုင်တွေက ပြောပါတယ်။
From -ဧရာဝတီ

No comments:

Post a Comment