Saturday, October 6, 2012

အင်္ဂလိပ်စာတတ် ယောက်ျားတွေ ထမီဖွတ်ကြမှာလား

ရခိုင်ဒေသ၌ ခေတ်အဆက်ဆက်တွင် ကျယ်လာခဲ့သော အင်္ဂလိပ်စာတတ် ထမီဖွတ် ဆိုသည့် ဝေါဟာရသည် ခေတ်ပညာ တတ်သော လူငယ်များကို ငွေကြေးချမ်းသာသူများ ဝယ်ယူလေ့ရှိရာ ၎င်းတို့၏ အလိုကျလုပ်ပေးရလေ့ရှိကြောင်းကို ဆိုလိုခြင်းဖြစ်သည်။
 
ယင်းအယူဝါဒများကို အချို့က ပြစ်တင်ရှူံ့ချသလို အချို့မူလက်ခံကာ ကျင့်သုံးနေကြဆဲ။
 

စစ်တွေမြို့ရှိ ပြည်သူ့ဆေးရုံတစ်ခုတွင် အဖြူရောင် ကျူတီကုတ် ၀တ်ဆင်ထားသည့် လူငယ်တစ်ဦး သည် လူနာများအား အဖျားတိုင်းပေးကာ ဂရုဏာလေသံ၊ မျက်ဝန်းတစ်စုံဖြင့် အားပေးနှစ်သိမ့် ပေးနေသော်လည်း တစ်ဖက်တွင် လည်း ၀မ်းနည်းစရာကိစ္စတစ်ခုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
 
 သူ့ဘ၀တွင် သူအဖြစ်ချင်ဆုံးဆန္ဒ၊ ၀ါသနာကိုသူဖြစ်ခွင့်ရခဲ့သူ ကိုနိုင်စိုးသည် ယခုဆေးကျောင်းအပြီး အလုပ်သင် ဆရာဝန် ဖြစ်နေသော်  လည်း တစ်ချိန်က သူ့အတွက် လိုအပ်သည့် ငွေကြေးကို မိန်းခလေး ဘက်က လိုလေသေး မရှိထုတ်ပေးခဲ့သည်။
 
''ပြောဖို့အတွက် စကားလုံးအသစ်ရှာရမလိုပေါ့၊ ကျွန်တော်မိသားစုက ပညာရေးအတွက်၊ ရှင်းရှင်း ပြောရရင် ငွေကြေးမတတ်နိုင်ဘူး၊ အဲဒီမှာ ကျွန်တော်ကို စိတ်ဝင်စားတဲ့သူတစ်ယောက်က ဆေး ကျောင်းတက်ဖို့အတွက် ငွေကြေးထောက်ပံ့တာ။" ဟု သူက ပြောသည်။
 
၎င်း၏မျက်နှာတွင် တစ်စုံတရာကို ပြောချင်စိတ်ရှိနေဟန်။ သို့သော် သက်ပြင်းအကြာကြီးချပြီးမှ
 
''ဘယ်သူလွန်ဆန်နိုင်မလဲဗျာ။ ကိုယ်က ပြည့်စုံတဲ့လူတစ်ယောက် မဟုတ်လေတော့ သူတို့ မျက်နှာကိုပဲ ကြည့်နေရတာပေါ့။'' ဟုဆိုသည်။
 
ရခိုင်ပြည်နယ်တွင် ငွေကြေးပြည့်စုံသော ရခိုင်အမျိုးသမီးများမှ အကျင့်စာရိတ္တကောင်းမွန်ပြီး ပညာထူးချွန်သည့် အမျိုးသားများအား ဝယ်ယူကြခြင်း ဖြစ်သည်။ တက္ကသိုလ်ဝင် စာမေးပွဲအောင် စာရင်းကြည့်ကာ အကဲဖြတ်ဝယ်ယူကြသည်။ မြန်မာနိုင်ငံ၏ အမြင့်ဆုံး ဆရာဝန်၊ အင်ဂျင်နီယာ လိုင်းဝင်သည့် ကျောင်းသားများနှင့် စစ်ဗိုလ်လောင်း၊ ရဲအရာရှိများကို ငွေကြေးဖြင့် ထောက်ပံ့ကာ လက်ထပ်ခြင်း ဖြစ်သည်။
 
အဆိုပါ ဓလေ့အား ကိုလိုနီခေတ်မှ စတင်ကျင့်သုံးလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သမီးရှင်ဘက်မှ ပြည်တွင်း ပညာရေးသာမက ပြည်ပနိုင်ငံလွတ်ကာ ပညာသင်ကြားစေသည်ထိ ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်။
 
ငွေကြေးချမ်းသာသည့် အမိအဖတွေက သူတို့သမီးများကို တင့်တင့်တယ်တယ်နှင့် ဘ၀ရှေ့ဆက် သွားနိုင်အောင် ပညာတက်ပုဂ္ဂိုလ်များကို စုံစမ်းပြီး ၀ယ်ယူကြသည်။
 
၎င်းမှာ ရခိုင်ရိုးရာယဉ်ကျေးမှု တစ်ခုမဟုတ်သော်လည်း ကာလကြာမြင့်လာသည့်အထိ ကျင့်သုံး လာကာ ဓလေ့တစ်ခုလို ဖြစ်လာခဲ့သည်။
 
တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ကောင်းသည့် ကျောင်းသားများ ပညာဆက်လက်သင်ကြားရန် မတက်နိုင်သည့် မိဘများကလည်း ငွေကြေးချမ်းသာသည့် သမီးရှင်များ၏ မိဘထံ စေ့စပ်ကြောင်း လှမ်းကာ ရောင်းချသည့် အဆင့်ထိ ရောက်ရှိလာသည်ဟု စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။
 
ရခိုင်တိုင်းရင်းသားတွေကြားမှာ ယောင်္ကျားဝယ်ယူသည်၊ ယောင်္ကျားရောင်းသည် ဆိုသည့် အသုံး အနှုန်းကို မသုံးကြပဲ သမီးရှင်မှပိုက်ဆံပေးပြီး ပညာထောက်ပံ့ပေးကာ လက်ထပ်ယူခြင်းဖြစ်သည်ဟု သုံးနှုန်း ကြသည်။
 
အဆိုပါ ငွေကြေးပေး လက်ထပ်သည့် အစဉ်အလာသည် တစ်ဖက်တွင် ကျောင်းပညာကို သင်ယူနိုင် သော်လည်း ကိုယ်မချစ်မနှစ်သက်သည့် သူနဲ့ ပေါင်းသင်းနေထိုင်ရန်အတွက် အခက်တွေ့စေခဲ့သည်။

''ဒီရခိုင်မှာ လင်ဝယ်တဲ့စနစ်က ဦးတို့ငယ်ငယ်တုန်းက တော်တော်လေးခေတ်စားတယ်။ အဲဒီအချိန် ကျောင်းဆရာ တွေကိုလည်း ဝယ်ကြသေးတယ်။ အခုတော့ ဆရာဝန်၊ အင်ဂျင်နီယာလောင်း၊ စစ်ဗိုလ် တွေပေါ့။'' အသက် ၅၀အရွယ်ရှိ စစ်တွေမြို့ ဦးလှထွန်းက ဆိုသည်။
 
ထို့ကြောင့် လက်ထပ်ပြီး နောက်ပိုင်းအိမ်ထောင်ရေး ပြဿနာရှိလာပြီး တရားရုံတွင် ဖြေရှင်းရသည်ထိ အမှုများလည်း ရှိနေသည်။
 
`အသက် ၁၆၊ ၁၇ ဆိုတော့ အသိဉာဏ်က အဲ့လောက် မပြည့်ဝတော့ မိဘပြောတဲ့အတိုင်း ဖြစ်သွား တယ်။ ဒါပေမယ့် နောက်ပိုင်းက အိမ်ထောင်ရေးပြဿနာ တက်လို့ ကွဲသွားတဲ့ သူတွေက အများ ကြီးပဲ။ ကျောင်းလည်းပြီးရော သူတို့ကြိုက်တဲ့ မိန်းကလေးတွေနဲ့ ခိုးရာလိုက်ပြေးသွားရော။ အဲ့လို ပြဿနာပေါင်းစုံ သာဓကတွေက အများကြီးရှိပါတယ်။´ ဟု ဦးအောင်မြကျော်က ဆက်ပြောသည်။
 
ရန်ကုန်အခြေစိုက် ရခိုင်အမျိုးသမီးအသင်းမှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်ကတော့ ယင်းသို့ ၀ယ်ယူသည့် စနစ်သည်ကောင်းမွန်သည့် စနစ်ဖြစ်ကြောင်း ဆိုသည်။
 
`ပြည်ပနိုင်ငံတွေကို လွတ်ပြီး စာသင်ခိုင်းတယ်။ အဲ့တာကြောင့် ထူးချွန်တဲ့ ရခိုင်အမျိုးသားတွေ ပေါ်ထွက်လာတယ်။ ဒီလို စာတက်တဲ့သူတွေကို ကိုယ့်အမျိုးနဲ့ ပေးစားတော့ မျိုးဆက်တွေလည်း ကောင်းလာတယ်။ အများကြီး တိုးတက်လာတယ်။´ ဟု သုံးသပ်ပြောဆိုသည်။
 
ထိုသို့ဝယ်ယူရာ၌ ငွေကြေးအတိအကျပမာဏ သတ်မှတ်ထားခြင်းမရှိသော်လည်း အများဆုံးမှာ ကျပ် သိန်း ၁ ထောင်ခန့် ရှိပြီး အနည်းဆုံးမှာ သိန်း ၅၀ ဖြစ်ပြီး၊  ဈေးအမြင့်ဆုံးရရှိသူများမှာတော့ ဆရာဝန်နှင့် အင်ဂျင်နီယာများ ဖြစ်ကြသည်။
 
`ဒုရဲအုပ်တွေတောင် သိန်း (၁၅၀) အထိ ပေါက်တဲ့ လူတွေလည်း ရှိတယ်။ တစ်ခါတစ်လေတော့လည်း ဟိုက အရမ်းလိုချင်နေရင် ဒီအမျိုးသားဘက်က ဈေးကိုင်ထားတယ်။´ ဟု ဦးအောင်မြတ်ကျော်က ဆက်ပြောသည်။
 
နောက်ထပ်ကြုံတွေ့ရသူတစ်ဦးမှာ ဗိုလ်လင်းဇော် ဖြစ်သည်။ ဗိုလ်လင်းဇော်သည် မောင်တော ဇာတိ ဖြစ်သည်။  လက်ရှိတွင် ရာရှားနိုင်ငံတွင် ပညာတော်သင်ကြားနေသည်။
 
''ကျွန်မ မောင်လေးက အခုရာရှားကို စစ်ပညာသွားသင်တယ်။ သူ့ကို ရန်ကုန်က မိန်းခလေး တစ်ယောက်က သိန်းတစ်ရာ့နှစ်ဆယ်နဲ့ ၀ယ်ဖို့ဆိုပြီး ပြောထားတာတွေရှိတယ်။''ဟု  စစ်တွေမြို့ ပလုပ်တောင်ရပ်ကွက်မှ  ဒေါ်ညိုမြက ဆိုသည်။
 
ထိုသို့ အမျိုးသား ၀ယ်ယူသည့် စနစ်သည် ငွေကြေးချမ်းသာသည့် အမျိုးသမီးများက လင်ကောင်း သားကောင်းရရှိသွားသဖြင့် ၎င်းမူများကို အချို့ ရခိုင်တိုင်းရင်းသားများက မကြိုက်မနှစ်သက်သူများ လည်း ရှိနေကြသည်။
 
`ဘဝက  မလွတ် လပ်ဘူး၊ ကိုယ့်ချစ်တဲ့သူကိုလည်း သတိရတာပေါ့။ ဒါပေမယ့် တစ်လင် တမယား စနစ်ပဲဗျာ´ဟု ကိုနိုင်စိုးက သူ့အနာဂတ်အကြောင်းဆိုပြီး ကျွန်တော်တို့ အပါးမှထကာ လူနာဆီ လေးပင်းသည့် ခြေလှမ်းဖြင့် လျှောက်သွားသည်။
  From-မြစ်မခ

No comments:

Post a Comment