Thursday, October 11, 2012

ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန်မှု ဗမာပြည် ကွန်မြူနစ် ပါတီ ကြေညာချက် ထုတ်ပြန်

မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် နယ်ချဲ့များကို တွန်းလှန် တိုက်ခိုက် ခဲ့သည့် ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကွယ်လွန် သွားသည့် အတွက် ဗမာပြည် ကွန်မြူနစ် ပါတီက ကြေညာချက် တစ်စောင်ကို ယနေ့ နေ့စွဲဖြင့် ထုတ်ပြန် ကြေညာ ခဲ့သည်။
ပြည်ချစ် ပုဂ္ဂိုလ် တိုင်းပြည် ငြိမ်းချမ်းစေလိုသူ ဟု သမုတ် ခံရသူ တစ်ယောက်သည် တိုင်းပြည် အတွင်း တွင် ခေါင်းချ သင့်ပြီး ကွယ်လွန် သွားသည့်အခါ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ကမ္ဘာ့ငြိမ်းချမ်းရေး စွမ်းစွမ်းတမံ လုပ်သူတစ်ဦး အနေဖြင့် ၄င်း၏ အရိုးပြာကို ရွှေတိဂုံ ဘုရား ခြေရင်းရှိ သခင်ကိုယ်တော်မှိုင်း၏ အုတ်ဂူဘေးတွင် ရှိသင့်ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြ ပါရှိသည်။

" အရိုးအိုးနဲ့ ပတ်သက်ပြီး သူ့မိသားစုက ဆုံးဖြတ် ပါလိမ့်မယ်"ဟု ဗမာပြည် ကွန်မြုနစ် ပါတီမှ ပြောရေးဆိုခွင့် ရှိသူက ဆိုသည်။

ဗိုလ်မှူးချုပ် ကျော်ဇောသည် ကိုလိုနီ နယ်ချဲ့ ဆန့်ကျင်ရေး၊ လွတ်လပ်ရေး တိုက်ပွဲနှင့် ဖက်ဆစ် တော်လှန်ရေး တို့တွင် ထင်ရှား လာသည့် တပ်မှူးတစ်ဦး ဖြစ်သကဲ့သို့ နိုင်ငံတွင်းသို့ ကျူးကျော် ခြေချလာသော ကူမင်တန် တရုတ်ဖြူတပ်များ ကို ပြောင်ပြောင်မြောက်မြောက် တိုက်ထုတ် ပေးနိုင်သည့် စွမ်းဆောင်ချက်ကြောင့် တိုင်းပြည်၏ သူရဲကောင်း အဖြစ် ပြည်တွင်း ပြည်ပမှ အသိအမှတ်ပြု ခံရသူလည်း ဖြစ်သည်။

ဗိုလ်မှူးချုပ် ကျော်ဇော သို့မဟုတ် ဦးတင်သည် အောက်တိုဘာလ ၁ဝ ရက်နေ့ မြန်မာစံတော်ချိန် ၃နာရီ ၃ဝမိနစ် တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်း( ဒေသအခေါ် ခွေးမင်)မြို့တွင် ကွယ်လွန်ခဲ့ သည်။
 
 From- The Voice Weekly

No comments:

Post a Comment