Monday, October 1, 2012

'ကျွန်မချစ်သော စစ်သားကြီး '

ကျွန်မ ၁၉၇၂ ခုနှစ်မှာ မန္တလေးတက္ကသိုလ်မှ သိပ္ပံဘွဲ့ရခဲ့သူဖြစ်ပါ၏။  ကျွန်မတို့ခေတ်က လူတွေက ယနေ့ခေတ်လူငယ်တွေလို အင်္ဂလိပ်စာ မသွားလှပါ။  အင်္ဂလိပ်စာအရေးကြီးသည်ကို ယနေ့ခေတ်မှာ လောက် သတိထားခဲ့ကြပုံမရပါဟုလည်း ယူဆသော်ရပါ၏။ ကျွန်မကျောင်းပြီးပြီးချင်း ဖခင်အငြိမ်းစား တရားသူကြီးထံ ခွင့်တောင်းမိသည်မှာ သမီးစစ်ထဲဝင်ချင်တယ် အဖေဟူ၍ ဖြစ်ပါ၏။ ထိုစဉ်က စစ်သူနာပြုပင် အတော်ရှားနေသေးသည့် အချိန်။ အဖေက သူ၏စာအုပ်စဉ်မှ  Readers’ Digest တစ်အုပ်ကို ထုပ်ပေးပြီး
ဒါဖတ် ဒါတွေ အရင်လေ့လာ။ စစ်ထဲကို နောက်မှဝင်။ အင်္ဂလိပ်စာ အရင်သင်ဟု ဆိုသည်။

 
ကျွန်မက ဘကြီးဦးဘထွန်း(ပမညတ နိုင်ငံရေးသမားဟောင်းကြီး)၏ စာအုပ်များဖွရာမှ အဖုံး မရှိ တော့သော Dictionary  တစ်အုပ်နှင့် အလုပ်ရှုတ်တော့သည်။ ကျွန်မစတင်ဖတ်ခွင့်ရသည့် ဆောင်းပါးကို ယနေ့တိုင် သတိရနေပါသည်။ M.S. Carter ဟူသော အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး ရေးသည့် Unforgettable George C. Marshall ကိုရှေးဦးစွာ ဖတ်ခွင့်ရလိုက်ခြင်းမှ ယနေ့ထိပင် မေ့မရနိုင်တော့သလို တပ်မတော်ကို ချစ်မြတ်နိုးခြင်းတည်းဟူသော သန္ဓေစိတ်တို့ တစ်ဖွားဖွား ပေါ်ပေါက်ခဲ့ရသည်ဟူပင် ဆိုရမည်ဖြစ်ပါ၏။ ဂျော့စီမာရှယ် သည် ကျွန်မချစ်သော စစ်သားကြီး တစ်ဦးဖြစ်ခဲ့ဖူးပါ၏။
 
ကျွန်မစစ်ထဲ မဝင်ခဲ့ရပါ။ ယောင်တောင်ပေါင်တောင်နှင့် ပညာရေးလောကသို့ ရောက်သွားခဲ့ရပါတော့ သည်။ ထိုသောအခါ အဖေက ဘာမှမပြောရှာ။ ဘကြီးဦးဘထွန်းကတော့  ကျောင်းဆရာဆိုတာ ငြိမ်းချမ်းရေး ဗိသုကာကွဲ့။ စစ်သားတွေက တံခါးဖျက်တတ်တယ်၊ မိုင်းရှာတတ်တယ် သူတို့က ရန်သူကို ရှင်းဖို့တွက်သာ သင်ကြားခွင့်ရခဲ့ကာ ကျောင်းဆရာကမှ နိုင်ငံတော်အတွက် အဓိကကျတဲ့ လူတော်လူကောင်းတွေ မွေးခွင့်ရတဲ့အလုပ် ပိုမြတ်တယ်သမီးဟု ရှည်ရှည်လျားလျား ဖြေသိမ့်ခဲ့သည်။
 
ပညာရေးက နိုင်ငံသားတိုင်း နိုင်ငံအရေးနဲ့ ပတ်သက်လို့အသိကြွယ်အောင် လေ့ကျင့်ပေးရတဲ့ အလုပ်ဟု ဘကြီး၏ စကားသံများကို နာကြားခဲ့ရဖူးသူ ကျွန်မ သက်ပြည့် အငြိမ်းစားခံစားရသည့်နှင့် နိုင်ငံရေးလောကသို့ ရောက်ရှိသွားပြန်ပါတော့သည်။
 
သို့နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ တွင် ပါရှိသော နိုင်ငံတော်သည် မျိုးချစ်စိတ်ဓါတ်ရှင်သန် ထက်မြတ်ရေးအတွေးအခေါ် မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရမည်ဟူသော အပိုဒ်ကို သဘောအကျကြီးကျခဲ့မိသဖြင့် ကျွန်မနေထိုင်သော ရှမ်းပြည်နယ်တွင် စေတနာ အခမဲ့ ကျောင်းများ စာကြည့်တိုက်များပေါ်ထွန်းပေါက်လာစေရေးကို ရည်ရွယ်ဆောင်ရွက်နေမိပါသည်။
 
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို စတင်ဖွဲ့စဉ်းစားရာမှာ ဒေသခံလူထုကို ရှေးဦးစွာပြုပြင်ရမည်ကို အရင်ဆုံး သတိထားမိခဲ့သဖြင့် ရွာသားများကြားထဲတိုးဝင်ကာ ရွာမှကလေးများ ပညာရည်မြင့်မား စေရန်ဆောင်ရွက်ပေးခြင်းဖြင့် ကျွန်မနိုင်ငံရေးလုပ်နေမိခြင်းသည်။ အတိုင်းအတာပမာဏ တစ်ခုအထိ တော့ အောင်မြင်လျှက်ရှိပါ၏။ သို့အတွက် ကျွန်မအဖေ၏ အစ်ကိုတော်သူ ဘကြီး ဦးဘထွန်း ပြောပြခဲ့ဖူးသော  ဖဆပလကလဲ အနှစ် ၂ဝ မခံဖူး ဗကပလဲခုဆို မကျန်တော့ဘူး။ မဆလလည်း ပြုတ်သွားကာ အနှစ် ၂ဝ ကျော်ခဲ့ပြီလေ ဒီတော့ ပါတီနိုင်ငံရေးတွေက စိတ်မချရဘူးဆိုသည့် စကားသံ များကို ကြားယောင်လျှက်ရှိနေဆဲမှာ
 
တနိုင်တပိုင်နိုင်ငံရေးကို လုပ်ဆောင်နေရင်းမှ ပါတီနိုင်ငံရေး၏ ဂယက်ထပုံများကို လေ့လာနေမိပါ၏။ ပါတီဝင်အချင်းချင်း သဘောထားမကြီးနိုင်ခြင်းမှ စတင်လာခဲ့သည့် သေးသည့်အမှုကြီး၍လာနေပုံကို မြင်ရသောအခါ နားမလည်နိုင်တော့ပါ။  မာရှယ်စီမံကိန်းကြောင့် ပြာပုံထဲမှ နလန်ထလာခဲ့ကြသော  ကမ္ဘာ့နိုင်ငံများ၏ Case Studies ကို မြင်ခဲ့မိသော ကျွန်မမှာ စစ်သားဖြစ်စေ အရပ်သားဖြစ်ပါစေ နိုင်ငံတော်အတွက် ကိုယ်ကြိုးမငဲ့ကွက်သည့် နိုင်ငံသားကောင်းများပီသစွာ လုပ်ဆောင်ပေးကြမည့်သူ များကိုသာ ကြိုဆိုချင်ပါသည်။
 
နိုင်ငံရေးလောကမှလည်း သခင်သန်းထွန်းကဲ့သို့ ကွန်မြူနစ်ကြီးများပြောသော စကားအရပညာတက် တွေက   တွေဝေတယ်ဆိုသည်ကိုလည်း နိုင်ငံရေးလောကသားများဆက်၍ သုံးစွဲနေကြသေးကြောင်း တွေ့နေရသေးရာ။
 
ပညာရှိသူသည် ဝေဖန်၏ သုံးသပ်၏ လုပ်သင့်လုပ်ထိုက်သည်ကိုသာ လုပ်၏၊ ပြော၏။ နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့်   နိုင်ငံရေးလောကတွင် အတော်ဆုံးအကောင်းဆုံး မှန်ကန်မှု အရှိဆုံး ပေါ်လစီတို့ကို ချမှတ်ပေးတတ်ရန်လိုအပ်လျှက်ရှိသည်ဖြစ်ရာ ပညာအားနဲ့ သူများ၏အား ဥာဏ်နည်း ပါးမှုကြောင့် တိုင်းပြည်က ပြောင်းပြန်ဖြစ်သွားရန် လည်း ကျွန်မတို့ မလိုလားနိုင်ကြပါ။ ကမ္ဘာ့လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ပေးခဲ့သော  မာရှယ်ကြီးလို နိုင်ငံသားကောင်းများကိုသာ လိုလားပါသည်။
 
မာရှယ်စီမံကိန်းကြောင့် ဂျပန်၊ဂျာမဏီ စသော ဖွံ့ဖြိုးပြီးနိုင်ငံများ ဦးမော့လာခဲ့ သည်။ ထို့ပြင် ထိုစီမံကိန်းကြောင့်သာလျှင် ဒီမိုကရေစီနိုင်ငံများ တည်ထောင်လာနိုင်ခဲ့ကြသည် ဖြစ်ရာ မာရှယ်စီမံကိန်းမှာ ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့သည့် စီမံကိန်းတစ်ရပ်ဖြစ်သောကြောင့် ဂျော့စီမာရှယ် အား ကျွန်မချစ်ခင်လေးစားခြင်းမှာ အထူးပြောဖွယ်ရာမရှိပါ။
 
ကျွန်မတို့တိုင်းပြည်မှာ ဒေသအတော်များများ၌ ကိုယ်ရွေးချယ်တင်မြှောက်ခဲ့သည့် လွှတ်တော် ကိုယ်စားလှယ်၏အမည်ပင် မသိသူအတော်များများရှိနေသေးသည့် အချက်ကိုထောက်၍ ကျွန်မတို့ က ပြည်သူတွေ အသိဥာဏ်တိုးအောင်အရင် လုပ်ပေးကြဖို့လိုသည်ကိုသာ တင်ပြလိုပါကြောင်းဟု ဆိုလျှင် ကျွန်မ၏ ဘကြီးနိုင်ငံရေးသမားကြီး ဦးဘထွန်း(မန္တလေး)က တမလွန်ဘဝမှပင် ထောက်ခံ လေမည်လား၊ ကန့်ကွက် လေမည်လား။ မသိနိုင်ပါ။
  ဒေါက်တာစိန်စိန်သိန်း
by Myit Makha Mediagroup on 1 Oct, 2012

No comments:

Post a Comment