Saturday, October 6, 2012

မြန်မာနိုင်ငံဆိုင်ရာ ဘဏ္ဍာရေး ဥပဒေတရပ် သမ္မတအိုဘားမား အတည်ပြု

မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အားပေးဖို့ နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေကို အမေရိကန် ပြည်ထောင်စုက အထောက်အကူ ပေးတဲ့နေရာမှာ လွယ်ကူ ချောမွေ့စေမယ့် ဥပဒေတရပ် ပြဌာန်းဖို့အတွက် အမေရိကန် သမ္မတ ဘရက်အိုဘားမားက အောက်တိုဘာလ ၅ ရက်နေ့က လက်မှတ် ရေးထိုးလိုက်ပါတယ်။


နှစ် ၅၀ ကျော်ကြာ အာဏာ ချုပ်ကိုင်ခဲ့တဲ့ စစ်အစိုးရကနေ အရပ်သား အစိုးရ ပြောင်းလဲ ဖွဲ့စည်းပြီးတဲ့နောက် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး စီးပွားရေး ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီးတော့ ခိုင်မာလာစေဖို့ အားပေးတဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန် အစိုးရက အရင်ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးခဲ့ပါတယ်။ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ရဲ့ သဘောတူညီမှု ရပြီးတဲ့အခါ အခုလို သမ္မတ လက်မှတ်ရေးထိုးခဲ့တဲ့ ဥပဒေကို ပြဌာန်းရင် နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းကြီးတွေမှာ ရှိတဲ့ အမေရိကန် ကိုယ်စားလှယ်တွေ အနေနဲ့ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ် စတဲ့ နိုင်ငံတကာ အဖွဲ့ကြီးတွေကနေ ကူညီထောက်ပံ့မှုတွေ ပေးနိုင်ဖို့ ပိုပြီးတော့ လမ်းပွင့်သွားမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို အကောင်အထည် ဖော်ခြင်းအားဖြင့် ကမ္ဘာ့စီးပွားရေးနဲ့ အဆက်ပြတ်ပြီး အထီးကျန် ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ အစိုးရ အုပ်ချုပ်ရေးနဲ့ စီးပွားရေး မူဝါဒတွေ ချမှတ်နိုင်ဖို့ ပိုပြီးခိုင်မာတဲ့ လုပ်ငန်း အဖွဲ့အစည်းကြီးတွေ ပြန် အားကောင်းလာအောင် အထောက်အပံ့တွေ ပေးသွားနိုင်လိမ့်မယ်လို့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Neal Wolin က ပြောဆိုပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ သမိုင်းဝင် အမေရိကန် ခရီးစဉ်အတွင်း အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးနဲ့ ဘဏ္ဍာရေး ပိတ်ဆို့ဒဏ်ခတ်မှု ရုပ်သိမ်းပေးဖို့ တောင်းဆိုချက်အပြီး သီတင်းတပတ်အကြာမှာ ခုလို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အရပ်သား အစိုးရရဲ့ လက်ရှိ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေကို အားရကျေနပ်မှုရှိတဲ့အတွက် အမေရိကန် သမ္မတ အိုဘားမား အစိုးရအဖွဲ့ရဲ့ ခုလို တုံ့ပြန်ဆောင်ရွက်မှုတွေ ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အခုနှစ် ဇူလိုင်လက အမေရိကန် စီးပွားရေး ရင်းနှီးမြှုပ်နှံသူတွေကို တားဆီးတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းပြီးတဲ့နောက် GE ကုမ္ပဏီ၊ Coca Cola စတဲ့ အမေရိကန် နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ပါတဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် လပိုင်းအတွင်း စက်တင်ဘာလမှာ အမေရိကန် နိုင်ငံက မြန်မာပို့ကုန်တွေ အမေရိကန်ကို တင်ပို့ရောင်းချခွင့် ပိတ်ပင်ထားတာကို ထပ်ပြီး ပယ်ဖျက်ပေးခဲ့ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရ ခေါင်းဆောင်ပိုင်းက မြန်မာသမ္မတ ဦးသိန်းစိန် နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ နှစ်ဦးရဲ့ နိုင်ငံရပ်ခြား ပိုင်ဆိုင်ခွင့်တွေ ရယူခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။
From-VOA

No comments:

Post a Comment