Saturday, October 6, 2012

ဆားတို့၏ သားရိုင်းအုပ်သဘောတရား

ဂျပန်နိုင်ငံတွင် လှုပ်ခတ်သွားသော ငလျင်ကြီးကြောင့် မိုင်ထောင်ချီကွာလှမ်းသည့် မြန်မာနိုင်ငံတွင် ဆားများ ဆယ်ဆထက်မနည်း ချက်ချင်း ခုန်တက်သွားကာ ဆားဝယ်မရသည့် အခြေအနေထိ ဆိုက်သွားရသည့် လက်သည်ကို အရင်းစစ်လျှင် လူတို့၏ သွေးရူးသွေးတန်းစိတ်ဖြစ်ပြီး သားရိုင်းအုပ်သဘောတရားလည်း ပါဝင်နေသည်။ ငလျင်တို့ မကြာခဏလှုပ်လေ့ရှိသည့် ဂျပန်တွင်ပင် သမိုင်းတွင်လောက်အောင် ကြီးမားသည့် ငလျင်ကြီး လှုပ်ခတ်ခဲ့ကာ ငလျင်နှင့်တစ်ပါတည်း ဆူနာမီလှိုင်းရိုက်သည်။

နူကလီးယားဓာတ်အားပေးစက်ရုံများ ထိခိုက်ကာ ပေါက်ကွဲမှုများဖြစ်ပြီး ရေဒီယိုသတ္တိကြွပစ္စည်းများ ယိုစိမ့်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ထိုပြသနာက ဂျပန်နှင့်မပြီး။ တရုတ်သို့ ရောက်သွားသည်။ သတင်းဌာနများတွင်ရော အရပ်ထဲ တစ်ဆင့်စကားတစ်ဆင့်နားတွင်ရော ထိုရေဒီယိုသတိကြွ သတင်းက ဖုံးလွှမ်းနေသည်။ နောက်ဆုံးတွင် တရုတ်ပြည်သူတို့သည် အိုင်အိုဒင်းပါဝင်သည့်ဆားကို အလုအယက်ဝယ်ယူကြတော့သည်။
အိုင်အိုဒင်းပါဝင်သောဆားသည် နျူကလီးယားဓာတ်ပေါင်းဖိုများမှ ထွက်လာသည့် ရေဒီယိုသတ္တိကြွပစ္စည်းနှင့် ထိတွေ့ခြင်းမှ ဖြစ်ပေါ်စေမည့် ကင်ဆာကို ဟန့်တားသည်ဟု ယုံကြည်သည်။ အချို့ကလည်း ပင်လယ်ရေပြင်သည် ရေဒီယိုသတ္တိကြွပစ္စည်းများကြောင့် ညစ်ညမ်းသွားပြီဖြစ်ရာ ထိုရေမှ ချက်လုပ်မည့် ဆားတို့ သတ္တိကြွနေမည်ကို စိုးရိမ်ကြသည်။ ထို့ကြောင့် ဆားကို ဈေးဝယ်စင်တာကြီးများ၊ ကုန်တိုက်ကြီးများတွင်ပါ တရုတ်ပြည်သူတို့ တန်းစီတိုး ၀ယ်ယူကြသည်။ နောက်တစ်ဆင့် တရုတ်နယ်စပ်တွင် တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆားများကို ၀ယ်ယူကြသည်အထိ ဖြစ်လာသည်။ နောက်ဆုံး မြန်မာ့ဆားဈေးခုန်တက်ရုံသာမက ၀ယ်မရပင်ဖြစ်သွားခဲ့သည်။ ဂျပန်ငလျင်မှသည် မြန်မာ့ဆားဈေးခုန်တက်ရသည့် အရင်းခံကိုရှာလိုလျှင် လူဆိုသည့် သတ္တ၀ါ၏ သဘောသဘာဝကို စောကြောရန်လိုသည်။
လူဆိုသည်မှာ ခံစားချက်ရှိသော သတ္တ၀ါ (Emotional Animal) ဖြစ်သည်။ Emotional Animal သည် ခံစားချက်စေစားရာနောက်သို့ လိုက်လေ့ရှိသည်။ ခံစားချက်တွင်ပင် အပြင်း အပျော့ရှိနေသေးရာ ခံစားချက်ပြင်းလျှင် မောင်းနှင်အားပိုကောင်းသည်။ ပုံမှန်အားဖြင့် စိတ်သဘောထားကောင်းမွန်သူများ လူသတ်မိခြင်း၊ တဏာစိတ်ရိုင်းကြောင့် ပြစ်မှားကျူးလွန် အရှက်တကွဲအကျိုးနည်းရခြင်းတို့မှာ ခံစားချက်ပြင်းပြင်း၏ စေစားခံရခြင်းပင်ဖြစ်သည်။ ခံစားချက်တို့အနက် ထိတ်လန့်တုန်လှုပ်ခြင်း( Fear) သည် အခြေခံအကျဆုံးနှင့် မောင်းနှင်အားအပြင်းဆုံး ခံစားချက်များအနက်မှ တစ်ခုဖြစ်သည်။ သာမန်အားဖြင့် လေးတိလေးကန်ပုဂ္ဂိုလ်တစ်ဦး ခွေးလိုက်ဆွဲ ခံရလျှင် ထိုခွေးမမီအောင်ပင် ပြေးကာသစ်ပင်ပေါ်သို့ တက်သွားလျှင် မအံ့သြသင့်ပေ။ ထိတ်လန့်တုန်လှုပ်သွားပြီဆိုလျှင် လူသားသည် သာမန်အခြေအနေနှင့် မတူအောင် ပြောင်းလဲသွားသည်။ ဆင်ခြင်စဉ်းစားနိုင်စွမ်း သူ့တွင် မရှိတော့။ သူ့ကို အကြောက်တရားကသာ လွှမ်းမိုးထားသည်။ ထိုအကြောက်တရားကသာ သူ့ကို မောင်းနှင်သွားတော့သည်။
တစ်ဖန် ခံစားချက်တို့သည် ဗိုင်းရပ်စ်ပိုးသဖွယ် ကူးစက်ပျံ့နှံ့လွယ်သည် (emotional contagion)။ ကိုရီးယားဇာတ်လမ်းတွဲများတွင် မင်းသားနှင့် မင်းသမီး ခွဲခွာနေရချိန်တွင် အခန်းတွင်းရှိ တီဗီကြည့်သူများ မျက်ရည်သုတ်နေသည်ကို တွေ့လျှင် ခံစားချက်များ၏ ကူးစက်ပျံ့နှံ့ပုံအကြောင်း နားလည်နိုင်သည်။ ထိုလူဦးရေကို တီဗီကြည့်နေသူ အိမ်ထောင်စု သိန်းဂဏန်းဖြင့် မြှောက်လျှင် ခံစားချက်များ ကူးစက်ခြင်း ရိုက်ခတ်ပုံ ပိုမိုထင်ရှားလာသည်။ အမှန်တကယ်မဟုတ်ဘဲ ဇာတ်လမ်းဆင်ထားမှန်း သိလျက်နှင့် ဇာတ်လမ်းထဲမှ သရုပ်ဆောင်တို့၏ ခံစားချက်ကို ရောင်ပြန်ဟပ်ပြီး သူတို့ဝမ်းနည်းတိုင်း မိမိလိုက်ဝမ်းနည်းခြင်းမှာ ခံစားချက်တို့၏ ကူးစက်ပျံ့နှံ့ခြင်း သဘောပင်ဖြစ်သည်။
လူတစ်ယောက်ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြပါက သူက ပြန်ပြုံးပြခြင်းမှာလည်း ထိုသဘောပင်ဖြစ်သည်။ တစ်ဖန် လူတို့သည် အုပ်စုဖွဲ့နေထိုင်တတ်သော သတ္တ၀ါများ (social animal) များဖြစ်သည်။ ဆိုလိုသည်မှာ အုပ်စုတွင်းဖြစ်ပေါ်ပြောင်းလဲမှုများသည် လူတို့ကို ရိုက်ခတ်သည်။ အုပ်စုတွင်းမှ အခြားသူများ လုပ်ဆောင်သည်ကို လိုက်လုပ်လေ့ရှိသည်။ တောကျွဲအုပ်ကို ကျားလိုက်လျှင် တောကျွဲတို့သည် အုပ်စုပြေးသည့်အတိုင်း ဘက်တစ်ဘက်တည်းသို့ ထွက်ပြေးလေ့ရှိသည်။ ပထမဆုံးတစ်ကောင်ပြေးသည့်နောက်သို့ နောက်မှ ကျွဲများ လိုက်ပြေးတတ်သည်။ ယင်းကို (herds mentality) သားရိုင်းအုပ် စိတ်ဓာတ်ဟုခေါ်သည်။ တရုတ်နိုင်ငံတွင် ဖြစ်သွားသည်မှာ ထိုအတိုင်းပင်ဖြစ်သည်။
နျူကလီးယားဆိုသည်မှာ မိမိနားမလည်နိုင်သော အရာဖြစ် သလို ရုပ်ရှင်များတွင်လည်း နျူကလီးယား၏ ကြောက်ဖွယ်ကောင်းပုံများကို ဖော်ကျူးထားသည်ဖြစ်ရာ ပိုမိုကြောက်စရာကောင်းတော့သည်။ ဆားသည် ရေဒီယိုသတ္တိကြွခြင်းကို ကာကွယ်သည်ဆိုသော ကောလာဟလ အယူအဆမှားကို မှန်မမှန်လည်း မဆုံးဖြတ်နိုင်တော့။ အမှန်မှာ သာမန်အိမ်သုံးဆားတွင် အိုင်အိုဒင်းပါဝင်သော အချိုးအစားသည် အလွန်နည်းသောကြောင့် တစ်ကြိမ်လျှင် ဆား သုံးကီလို ( တစ်ပိဿာကျော်ခန့်)စားပါမှ ထိရောက်နိုင်မည်။ လက်ကိုင်ဖုန်းများအချင်းချင်း text message ပို့ပြီး ဖြန့်ဖြူးသော ကောလာဟလကလည်း တောမီးကဲ့သို့ ပျံ့နှံ့ပြန်သည်။
ထိုရေဒီယိုသတ္တိကြွပစ္စည်းများသည် တရုတ်နိုင်ငံသို့လည်း ရောက်လာရန် အလွန်အလှမ်းဝေးလှသည်။ အကြောက်တရားက လွှမ်းမိုးချိန်တွင် ဆင်ခြင်စဉ်းစားနိုင်စွမ်း လွင့်ပြယ်သွားသည်။ တစ်ယောက်ကစ၀ယ်လိုက်ရာ တစ်ယောက်ကစ တစ်ရာဆိုသလို herds mentality ပူးကပ်ပြီး ကျန်သူများပါ တိုးဝှေ့ဝယ်ယူလိုက်ရာ ဆားများ မြန်မာနိုင်ငံတွင်းမှပါ ၀ယ်ယူသည့်အဆင့်၊ မြန်မာနိုင်ငံတွင်းတွင်ပါ ဈေးများခုန်တက်သည့် အဆင့်သို့ရောက်သွားသည်။ ထိုသို့ အကြောက်လွန်ကာ အလုအယက်ဝယ်ခြင်း (panic buying) ကြောင့် ဈေးကွက်များကို ကမောက်ကမဖြစ်စေသည်။
မြန်မာတို့ ဆားကို အဆမတန်ဈေးပေးရတော့မည့် အခြေဆိုက်ခြင်းမှာ တရုတ်တို့ အကြောက်လွန်သောကြောင့် ဖြစ်သည်။ ထိုဖြစ်ရပ်များသည် ဈေးကွက်ကို ကမောက်ကမဖြစ်စေရာမှ နိုင်ငံကိုပါ ကပြောင်းကပြန်ဖြစ်စေနိုင်သောကြောင့် မူဝါဒချမှတ်သူများ၏ အိပ်မက်ဆိုးများလည်းဖြစ်သည်။ ဘဏ်ပြေးခြင်း (bank run) များသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘဏ်တစ်ဘဏ် ပြိုတော့မည်ဟူသော ကောလာဟလ ပျံ့လွင့်လာသည် ဆိုပါစို့။ အမှန်တွင် ထိုဘဏ်သည် ပုံမှန်အတိုင်း လည်ပတ်နေသည်။ ပြသနာတစ်စုံတစ်ရာလည်း မရှိ။ သို့သော် ထိုကောလာဟလကို ယုံကြည်သောသူအချို့ ရောက်လာသောကြောင့် ဘဏ်တွင် လူလျှံသွားသည်။ လူလျှံသွားလျှင် ငွေထုတ်ရသည်မှာ ကြာသွားမည်။ ထိုအခါ လူတန်းထပ်ရှည်သွားပြီး လူတန်းသည် ဘဏ်အပြင်သို့ ထွက်သွားသည်။ ဘဏ်အပြင်ရှိ လူတန်းရှည်ကြီး သတင်းသည် ထိုအခါ ပိုပျံ့သွားပြီး ငွေထုတ်ရန် လူအများအပြား အပြေးအလွှားထပ်ရောက်လာမည်။ ဘဏ်၏ သဘောကို စောကြောကြည့်ရအောင်။ ဘဏ်ဆိုသည်မှာ အပ်ငွေကိုလက်ခံကာ အတိုးပေးမည်။
ထိုအပ်ငွေကို လုပ်ငန်းလုပ်မည့်သူထံသို့ ဘဏ်က ပိုများသည့် အတိုးနှုန်းနှင့် ပြန်ချေးသည်။ ထိုအတိုးနှစ်ခု ကွာခြားချက်သည် ဘဏ်၏ အမြတ်ပင်ဖြစ်သည်။ ထို့ကြောင့် ဘဏ်အပ်ငွေ အားလုံးသည် ဘဏ်တွင် မရှိ။ ရှိလည်း မရှိသင့်။ အချိုးအစားတစ်ခုအထိသာရှိသည်။ ဥပမာ ဘဏ်တွင် အပ်ငွေ ၁၀ကျပ်ရှိသည်ဆိုပါက ၂ကျပ်သာ ဘဏ်တွင်းတွင် ရှိပြီး ကျန်ရှစ်ကျပ်ကို ထုတ်ချေးထားသည်။ ထိုအချိန်တွင် အပ်ထားသူများက ငွေ၃ကျပ်လာထုတ်ပါက ဘဏ်တွင် ပေးစရာ မရှိ။ ထိုအခါ ဘဏ်ပြိုတော့သည်။ မည်သည့်ဘဏ်မျှ အပ်ငွေအများအပြားကို တစ်ပြိုင်နက်လာထုတ်လျှင် ပြန်ထုတ်ပေးနိုင်သော ဘဏ်ဟူရွေ့ မရှိ။ ဘဏ်ပြိုလဲသည်ဟု ကောလာဟလဖြစ်ခဲ့ရာမှ ဘဏ်အပ်ထားသူများက ယုံရင်း ယုံရင်းဖြင့် ထိုကောလဟာလမှန်ကန်သွားသည်ကို တွေ့နိုင်သည် (self-fulfilling prophecy)။
ပြဿနာမှာ ဘဏ်တစ်ခုပြိုလျှင် တစ်ဘဏ်တည်းနှင့် မရပ်၊ နောက်ဘဏ်များပါ လိုက်ပြိုပြီး တစ်နိုင်ငံလုံး စီးပွားရေးအကျပ်ဆိုက်တတ်သည်။ ထိုသို့ အန္တရာယ်ကြီးလှသော panic buying များ၊ bank run များ ကဲ့သို့သော ပြဿနာများကို မည်သို့ရှောင်ရှား သို့မဟုတ် ရှင်းမည်နည်း။ ရှင်းနည်းတစ်နည်းမှာ (panic buying) သည် ဈေးကစားသူများ (speculators) ကြောင့်ဟု သတ်မှတ်ကာ ထိုသူများကို ကိုင်တွယ်ခြင်းဖြစ်သည်။
ထိုနည်းမှာ ဟုတ်သလိုလိုရှိသော်လည်း ဈေးကွက်စီးပွားရေး ကျင့်သုံးသည့်စနစ်တွင် ထိုနည်းမှာ မဆီလျော်သလိုလိုရှိပြန်သည်။ ဈေးကွက်နိယာမအရ ၀ယ်အားနှင့် ရောင်းအားနှစ်ခု အပြန်အလှန်သက်ရောက်ခြင်းဖြစ်ပြီး ၀ယ်အားအဆမတန်မြင့်တက်ချိန်တွင် ယခုကဲ့သို့ ဈေးမြင့်တက်ခြင်းဖြစ်သည်။ ယခု တရုတ်ဆားကိစ္စမျိုးတွင် အထိတ်တလန့်ဝယ်ယူခြင်းက အဓိကဖြစ်နေသည်။ အကြောက်တရားသည် အဓိကလက်သည်ဖြစ်နေရာ အကြောက်တရားကို အရင်ဆုံး ရှင်းရမည်။ တရုတ်အစိုးရက သိုလှောင်ထားသော အရန်ဆားများ (salt reserve) ပမာဏ အလုံအလောက်ရှိသည်ဟု ကြေညာလိုက်သည်။ ပြည်သူလူထုသည် ဆားကို အကြောက်တရားကြောင့်သာ ၀ယ်နေခြင်းဖြစ်ရာ အစိုးရက အာမခံလိုက်သောအခါ အကြောက်တရားလွင့်ပြယ်သွားသည်။ အ၀ယ်ရပ်သွားသည်။ ဆားဈေးလည်း အသင့်အတင့်ပြန်ကျသွားသည်။
ဈေးကွက်သဘောနှင့်လည်း လျော်ညီသည်။ ဘဏ်နှင့် ပတ်သက်လျင်လည်း ယခုအတိုင်းပင်ဖြစ်သည်။ ကောလာဟလကို လူတို့ ယုံသွားကာ အကြောက်ကြောက်အလန့်လန့်ဖြင့် လာထုတ်သည်ဆိုပါစို့။ ထိုဘဏ်၏ နောက်မှ ၀င်ရပ်လိုက်ကာ ဗဟိုဘဏ်က ထိုဘဏ်၏ အပ်ငွေမှန်သမျှ စိုက်ထုတ်ရှင်းပေးမည် ဆိုလိုက်သည်နှင့် ငွေအထုတ်ရပ်သွားတတ်သည်။ အကြောက်တရားကို ၀င်ရှင်းပေးရုံဖြင့် ပြဿနာပြေလည်သွားခြင်းပင်။ လူဆိုသည်မှာ ခံစားတတ်သော သတ္တ၀ါဖြစ်ရာ ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော အရေးကိစ္စတိုင်းတွင် ခံစားချက်ကို အရင်ရှင်းပေးမှသာ အနာနှင့်ဆေးတွေ့ကာ ပြေလည်နိုင်မည်ဖြစ်ပြီး ဈေးကွက်သဘောနှင့်လည်း ကိုက်ညီပေမည်။ 
ဇေယျသူ
ယခု ဖြစ်ပေါ်နေသော ဘဏ် ကောလဟာလ အခြေအနေနှင့် ကိုက်ညီ နေသည့်အတွက် 2011 မတ်လတွင် ထုတ်ဝေခဲ့သည့် The Voice Weekly ဂျာနယ် Vol. 7/16တွင် ပါဝင်ခဲ့သော ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

No comments:

Post a Comment