Thursday, October 18, 2012

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်၏ နှစ်ဝက်အတွင်း ဆန်တန်ချိန် ၆၅၀၀၀၀ နီးပါး ပြည်ပတင်ပို့

မြန်မာနိုင်ငံမှ ယခုဘဏ္ဍာနှစ်၏ ဘဏ္ဍာနှစ်ဝက် ကာလအတွင်း၌ ဆန်တန်ချိန် ၆၅၀,၀၀၀ နီးပါး ပြည်ပ တင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။
ယခုဘဏ္ဍာနှစ်တွင် ၂၀၁၂ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ပြည်ပသို့ ဆန်တင်ပို့မှု စာရင်းများအရ တန်ချိန် ၆၄၅၀၀၀ ကျော်တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၅၀ နီးပါး ရရှိထားသည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ၁၉၅၆ ခုနှစ် မတိုင်မီကာလအထိ ပြည်ပသို့ နှစ်စဉ် ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့ခဲ့ပြီး ယင်းနောက်တွင် ထိုသို့တင်ပို့နိုင်ခြင်း မရှိခဲ့ကြောင်း ကုန်သွယ်မှုဆိုင်ရာ ကိန်းဂဏန်းများ ဖော်ပြချက်အရ သိရသည်။ ယခုဘဏ္ဍာနှစ်တွင်မူ ဘဏ္ဍာနှစ်ကုန်အထိ ယခုနှုန်းအတိုင်း တင်ပို့မည်ဆိုပါက ၁၉၅၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဆန်တန်ချိန် တစ်သန်းကျော် ပြည်ပသို့ ပြန်လည် တင်ပို့နိုင်သည့်နှစ် ဖြစ်လာနိုင်သည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်က ပြည်ပသို့ ဆန်တန်ချိန် စုစုပေါင်း ရှစ်သိန်း နီးပါးသာ တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၃၀၈ သန်းကျော်သာ ရရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်ပိုင်းများအတွင်း ပြည်ပသို့ ဆန်တင်ပို့ရာ၌ ၂၀၀၁-၀၂၊ ၂၀၀၂-၀၃၊ ၂၀၀၉ -၁၀၊ ၂၀၁၁-၁၂ ခုနှစ်များက တင်ပို့ခဲ့မှုမှာ အမြင့်ဆုံး တင်ပို့နိုင်ခဲ့သည့် နှစ်များဖြစ်ခဲ့သည်။ အထူးသဖြင့် ၂၀၀၁-၀၂ ခုနှစ်က ပြည်ပသို့ ဆန်တန်ချိန် ၉၄၀,၀၀၀ နီးပါး တင်ပို့ခဲ့မှုမှာ အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ ဆန်တင်ပို့မှုအပြင် ဆန်ကွဲတင်ပို့မှုမှာလည်း ယခင်နှစ်ကထက် များစွာမြင့်တက်ခဲ့ကြောင်း ယခုဘဏ္ဍာနှစ် ခြောက်လအတွင်း တင်ပို့မှုသည်ပင် ယခင်တစ်နှစ်လုံး ဆန်ကွဲတင်ပို့မှု စုစုပေါင်းထက် ကျော်လွန်သွားပြီဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဆန်တင်ပို့မှုမှာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာနည်းပါးနေသေးပြီး ထိုင်းနိုင်ငံမှာ နှစ်စဉ်တန်ချိန် ၁၀ သန်းနီးပါး ပြည်ပသို့ တင်ပို့နေပြီး ဗီယက်နမ်နိုင်ငံမှာလည်း ခုနစ်သန်းအထိ တင်ပို့လျှက် ရှိကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

No comments:

Post a Comment