Thursday, October 18, 2012

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ် အမှုကို ဒဂုံမြို့နယ်တရားရုံးမှ ရုံးချိန်းခေါ်ယူထားသော်လည်း ခရိုင်ရုံးမှ စစ်ဆေးဆဲဖြစ်သောကြောင့် ကြားနာစစ်ဆေးမှုမပြုခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူထား


thn-10-18-2

သတ္တုတွင်းဝန်ကြီးဌာနနှင့် The Voice ဂျာနယ်တို့အကြား ဖြစ်ပွားေ နသောအမှုကို ဒဂုံမြို့နယ်တရားရုံးက ယနေ့(အောက်တိုဘာ ၁၈) တွင် ရုံးချိန်းခေါ်ယူထားသော်လည်း  ခရိုင်ရုံးမှ ယင်းအမှုကိုစစ်ဆေးဆဲဖြစ်ေ သာကြောင့် ကြားနာစစ်ဆေးမှုများ  မပြုလုပ်ခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်နေ့တွင် ရုံးချိန်းထပ်မံခေါ်ယူခဲ့ကြောင်း သတင်းရရှိသည်။

''အခုအမှုကို ခရိုင်ရုံးကလက်ခံစစ်ဆေးမှာဖြစ်တဲ့အတွက် မြို့နယ်ရုံးမှာရှိတဲ့အမှုတွဲကို ခရိုင်ကိုလွှဲထားတာကြောင့် မြို့နယ်တရားရုံးက ကြား နာစစ်ဆေးမှုမလုပ်ဘဲ ရုံးချိန်းပဲပေးတာပါ။ အမှုကြားနာစစ်ဆေးမှုမပြုပေမယ့် တရားလိုရောတရားပြိုင်ရောက ရုံးချိန်းလာကြရမှာပါ။ ဒါက တရားရုံးလုပ်ထုံးလုပ်နည်းတွေကြောင့်ပါ။ ခရိုင်ရုံးက ဒီအမှုအမိန့်မချမချင်း မြို့နယ်ရုံးကစစ်မှာမဟုတ်ဘဲ ရုံးချိန်းပဲပေးနေမှာဖြစ်ပါတယ်''ဟု The Voice ဂျာနယ်မှအကျိုးဆောင် ရှေ့နေဦးဝင်းရွှေက ပြောကြားခဲ့သည်။
တရားရုံးသို့ ရုံးချိန်းအလီလီ လာရောက်နေရခြင်းအပေါ် The Voice ဂျာနယ် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ''ဒီကိစ္စက အချိန် လည်းကုန်တယ်။ အလုပ်ရှုပ်တယ်။ ဒီလိုလာရတဲ့အချိန်မှာ သတင်းအလုပ်တွေလုပ်ရတာပျက်ကွက်တယ်။  ဒီလိုသတင်းအလုပ်ပျက်ကွက်လို့ ကျွန်တော်တို့မှာ နစ်နာတယ်လို့ ပြောလို့ရတာပေါ့။ ကိုယ်က တစ်ပါးသူနစ်နာအောင်လုပ်ထားတာလည်းမ ဟုတ်တဲ့ကိစ္စကို နစ်နာတယ်ဆိုတဲ့ သဘောနဲ့စွပ်စွဲခံရလို့ စိတ်အနှောင့်အယှက်လည်းဖြစ်ရတယ်။ သို့သော် အခြေအနေက ဒီလိုဖြစ်လာတော့လည်း ရင်ဆိုင်ရတော့တာပေါ့။ ကျွန်တော်ကတော့ တရားစွဲတဲ့ကိစ္စတွေကို နဂိုကလည်း ဖြေ ထားတာလည်းရှိပါတယ်။ တရားစွဲတယ်ဆိုတာက ပဋိပက္ခတစ်ခုရဲ့ နောက်ဆုံးအဆင့်လို့ အဲ့နောက်ဆုံး အဆင့်မတိုင်ခင်မှာ အခြားဖြေရှင်းစရာအဆင့်တွေ အများကြီးရှိပါသေးတယ်။ အဲဒီအဆင့်တွေကိုကျော်ပြီး တရားတန်းစွဲတယ်ဆိုတာ ယဉ်ကျေး တဲ့ လူ့အဖွဲ့အစည်းမှာ လူကြားလို့ မကောင်းတဲ့ကိစ္စလို့ ယူဆတယ်။ တရားစွဲတာမတိုင်ခင် ဖြေရှင်းလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိပါတယ်'' ဟုပြောကြားခဲ့သည်။
လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့၌ အနောက်ပိုင်းခရိုင်တရားရုံးတွင် ယင်းအမှုနှင့်ပတ်သက်၍ နှစ်ဖက်လျောက်လဲချက်ပေးကြမည်ဖြစ်ပြီး ဒဂုံမြို့နယ်တရားရုံးကလည်း ယင်းနေ့တွင်ပင် ရုံးချိန်းပေးထားကြောင်း သိရှိရပါသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ၁၀ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံးသတင်းအနေဖြင့် ဖော်ပြခဲ့သောကြောင့် သတ္တုတွင်းဝန်ကြီးဌာနက ဒဂုံမြို့နယ်တရားရုံးသို့ ပုဒ်မ ၅၀၀ ဖြင့်  တရားစွဲရန် ဦးတိုက်လျောက်ထားခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့်လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းအမှုကို ဒဂုံမြို့နယ်တရားရုံးက The Voice ဂျာနယ်ကို ပုဒ်မ ၅၀၀ ဖြင့် စွဲချက်တင်ကြောင်းအမိန့်ကို  စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းအမိန့်ကို The Voice ဂျာနယ်ဘက်မှ ကျေနပ်မှုမရှိသဖြင့် ခရိုင်သို့ ပြင်ဆင်မှုလျောက်ထားခဲ့ပြီး  အနောက်ပိုင်းခရိုင်တရားရုံးကလည်း  လျောက်ထားမှုကိုလက်ခံခဲ့ကြောင်း သိရှိရပါသည်။

Eleven

No comments:

Post a Comment