Saturday, October 6, 2012

KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရသည့်သတင်းမှာ ကောလဟလသတင်းသာဖြစ်ကြောင်း KBZ ဘဏ် ဒု-ဥက္ကဋ္ဌ ပြောကြား


ပြီးခဲ့သည့် စက်တင်ဘာလကုန်နီးပိုင်းမှစတင်၍ မြန်မာနိုင်ငံ၏ နာမည်ကြီးဘဏ်တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဆရာကျောင်း(ခ) ဦးအောင် ကိုဝင်း စစ်ဆေးဖမ်းဆီးခံရသည်ဆိုသည့် သတင်းထွက်ပေါ်ချက်များသည် မဟုတ်မမှန်သည့် ကောလဟလသတင်းများသာဖြစ်ကြောင်း အောက်တိုဘာလ ၅ရက်နေ့ နေ့လည် ၃နာရီခွဲကျော်ခန့်၌ ယခင်ဗဟိုဘဏ်တွင် ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ဖူးပြီး ယခုလက်ရှိ ကမ္ဘောဇဘဏ်၏ ဒု-ဥက္ကဋ္ဌ ဦးသန်းလွင်၏ ရှင်းလင်းပြောကြားချက် အရ သိရသည်။

"ဒီသတင်းက ကောလဟလတွေပါ။ အဖမ်းလည်းမခံရပါဘူး။ စစ်ဆေးမေးမြန်းတာလောက်ပဲရှိတာပါ။ ပြီးတော့ ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ ညနေမှာ MRTV ကနေ တိုက်ရိုက်လွှင့်မယ့် မြန်မာ-ဘရုနိုင်း ဘောလုံးပွဲမှာ သူကိုယ်တိုင် လာကြည့်မှာပါ။ အဲဒီကျရင်တော့ ရှင်းသွားမှာပါ"ဟု ၎င်းက ပြော ကြားသည်။
အဆိုပါ ကောလဟလသတင်းထွက်ပေါ်မှုနှင့် စပ်လျဉ်း၍ KBZ ဘဏ်၏ ဒု-ဥက္ကဋ္ဌမှ ယင်းသို့ မဟုတ်မှန်သတင်းထွက်ပေါ်ရခြင်း၏ အကြောင်းမှာ အခြားပြည်သူတစ်ချို့မှ ငွေအလုံးအရင်းများ ပြန်လည်ထွက်ရှိစေရန်နှင့် ဒေါ်လာဈေးများ ရွှေဈေးများ ပြန်လည်တက်လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သတင်းထွက်ပေါ်ခြင်းဖြစ်ကြောင်းနှင့် ယင်းကဲ့သို့ ကောလဟလသတင်း ထွက်ပေါ်မှုသည် တစ်နှစ်လျှင် သုံးကြိမ်ခန့်မျှ ထွက်ပေါ်တတ်ခြင်းဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ဆက်လက်ရှင်းပြသည်။
"ဒီလိုသတင်းတွေထွက်တယ်ဆိုတာကလည်း ငွေအလုံးအရင်းတွေ အပြင်ကိုပြန်ထွက်လာပြီး ဒေါ်လာဈေးတွေ ရွှေဈေးတွေ ပြန်တက်လာအောင် လုပ်တယ်လို့ ထင်ပါတယ်။ ပြီးတော့ ဒီလိုကောလဟလသတင်းကလည်း တစ်နှစ်ကို သုံးကြိမ်လောက် ထွက်ပါတယ်။ အရေးကြီးတာကတော့ ပြည်သူတွေ အနေနဲ့ ဒီလိုကောလဟလသတင်းတွေကို အထင်မမှားပဲနဲ့ ယုံကြည်ပေးဖို့က အရေးကြီးဆုံးပါပဲ"ဟု ဆိုသည်။
အဆိုပါ ကောလဟလသတင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ထားသည့် ကမ္ဘောဘဏ်ရုံးခွဲ၌ ငွေအပ်နှံထားသူ အမျိုး သမီးတစ်ဦးက ၎င်းသည် အောက်တိုဘာလ ၅ရက်နေ့၌ ယင်းမဟုတ်မမှန်သတင်းအား ကြားသိရ၍ မြောက်ဥက္ကလာပမြို့နယ် ဘဏ်ရုံးခွဲသို့ ချက်ခြင်းသွား ရောက်ထုတ်ယူရာ မရသောကြောင့် ပြည်လမ်းရှိ ကမ္ဘောဇဘဏ်ရုံးချုပ်သို့ လာရောက်ထုတ်ယူရခြင်းဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းမှ အမျိုး သမီးတစ်ဦးက ပြောကြားသည်။
"အခုလို KBZ ဘဏ်ဥက္ကဋ္ဌ အဖမ်းခံရတယ်ဆိုတော့ ချက်ခြင်း ငွေထုတ်ဖို့ အပ်ထားတဲ့ မြောက်ဥက္ကလာရုံးခွဲကိုသွားတာ မရတာနဲ့ အခုပြည်လမ်း က KBZ ရုံးချုပ်ကို လာပြီးငွေထုတ်တာပါ။ အခုလိုမျိုး သတင်းအမှန်ကြားရတော့ ဝမ်းသာပါတယ်" ဟု ၎င်းက ဆိုသည်။
၎င်းတို့ ကမ္ဘောဇဘဏ်အနေဖြင့် အောက်တိုက်ဘာလ ၄ရက်နေ့၌ ကမ္ဘောဇဘဏ်ရုံးခွဲအား သုဝဏ္ဏမြို့နယ်၌ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါဘဏ်ရုံးခွဲအပါအဝင် မြန်မာနိုင်ငံတနိုင်ငံလုံးတွင် ၎င်းတို့ ဘဏ်ရုံးခွဲပေါင်း ၇၉ခု ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း ကမာရွတ် မြို့နယ် ပြည်လမ်းကမ္ဘောဇဘဏ်၏ မန်းနေးဂျင်းဒါရိုက်တာ ဦးသန်းချို၏ ပြောကြားချက်အရ သိရသည်။
"ကျွန်တော်တို့ KBZ ဘဏ်ရုံးခွဲတွေကို ရွာတွေအထိ ဖွင့်သွားဖို့ ရှိပါတယ်။ ပြီးတော့ သူများနိုင်ငံတွေမှာ ATM တွေက ထောင်ကျော်ရှိနေပြီ။ အခု အစ်ကိုတို့မှာက ၈၀လောက်ပဲ ရှိပါသေးတယ်ဆိုတော့ ဘဏ်စနစ်တွေကောင်းမွန်အောင် အများကြီးလုပ်ရဦးမှာ။ ဘဏ်စနစ်တွေကောင်းမှလည်း လုပ်ငန်း ရှင်တွေ အစဉ်ပြေပြေ လည်ပတ်နိုင်ပြီး တိုင်းပြည်တိုးတက်မှာပါ" ဟု ၎င်းက ဆိုသည်။
ထို့နောက် အဆိုပါ ကောလဟလသတင်းထွက်ပေါ်ရသည့် အကြောင်းအရင်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးရှိဘဏ်များအား အောက်တိုဘာလ ၁ရက်နေ့တွင် ပိတ်လိုက်ခြင်းနှင့် ပတ်သက်၍လည်း ၎င်းတို့အနေဖြင့် ခြောက်လတစ်ခါ ငွေစာရင်း ချုပ်သည့်အတွက်ကြောင့် အောက်တိုဘာလ ၁ရက်နေ့ အား ပိတ်လိုက်ရခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့၌လည်း ဘဏ်အားလုံးပိတ်၍ ငွေစာရင်းချုပ်ခြင်းများ ပြုလုပ်ခြင်းဖြစ်ကြောင်း အဆိုပါကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ထို့ပြင် ယင်းသို့ ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ အဖမ်းခံရခြင်းဆိုသည့် မဟုတ်မမှန်သတင်းနှင့် ပတ်သက်၍ အောက်တိုဘာလ ၆ ရက်နေ့ နေ့လည် ၁နာရီ မှစတင်၍ ဗဟိုဘဏ်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ရန်ရှိကြောင်း သတင်းရရှိသည်။
ATM

From-TransparencyMyanmarblog

No comments:

Post a Comment