Saturday, October 6, 2012

မင်္ဂလာရှိသော သမိုင်း စာမျက်နှာ သစ်


မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၅၀ အတွင်း မည်သည့် အခါမျှ မတွေ့မြင်ဖူးသည့် မြင်ကွင်း တစ်ခုကို ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာပြည်သူ လူထု အများစု ပထမဦးဆုံး အကြိမ် မြင်တွေ့လိုက်ကြရပါသည်။ မှန်ပါသည်။ အတိတ်ကာလ တစ်လျှောက်လုံး မိမိတို့အား အာဏာဖြင့် မတရား ဖိနှိပ် အုပ်ချုပ်သူများ အဖြစ် ရှုမြင် လာခဲ့ကြသည့် မြန်မာပြည်သူ လူထု အနေနှင့် အစိုးရအဖွဲ့ အကြီးအကဲ တစ်ဦးကို
မိမိတို့ သဘောဆန္ဒ အလျောက် ကြိုဆို နှုတ်ဆက်ကြခြင်းမှာ ရာစုနှစ်ဝက် တစ်ခုအတွင်း ပထမဦးဆုံး အကြိမ်ဖြစ်ပါသည်။

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက် မိန့်ခွန်း ပြောကြားပြီး မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော နိုင်ငံတော် သမ္မတကြီးကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်သူလူထုက တစ်ခဲတနက် ကြိုဆို ခဲ့ကြပါသည်။ လာရောက် ကြိုဆိုသူများတွင် ယခင် အစိုးရ တစ်ပိုင်းအသွင် ဖွဲ့စည်းထားသော အဖွဲ့အစည်း အချို့၊ စီးပွားရေး လုပ်ငန်း အချို့၏ ယခင် ပုံစံဟောင်း အတိုင်း တူညီ ဝတ်စုံများဖြင့် ယခင် ပုံစံအတိုင်း ကြိုဆိုကြသူ အနည်းငယ်မှ တစ်ပါး ကျန်အားလုံးသော ပရိသတ်မှာ မည်သူတစ်ဦး တစ်ယောက်၏ စေခိုင်းမှုမျှ မပါဘဲ မိမိတို့ သဘောဆန္ဒ အလျောက် တကူးတက လာရောက် ကြိုဆိုကြ ခြင်းမှာ များစွာ ထူးခြားလှပါသည်။

အမှား၊ အမှန်၊ အကောင်း၊ အဆိုး ခွဲခြား သိမြင်သည့် အပြင် ကမ္ဘာပေါ်တွင် ခွင့်လွှတ် သည်းခံစိတ် အမြင့်မားဆုံးဟု ဆိုနိုင်သည့် မြန်မာပြည်သူလူထုသည် စစ်ယူနီဖောင်းမှ အရပ်ဘက်ဝတ်စုံသို့ ပြောင်းကာ နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာ၏ အမြင့်ဆုံး တာဝန် ထမ်းဆောင်နေသူ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကို မည်သည့်အတွက်ကြောင့် ဤမျှ သောင်းသောင်းဖြဖြ ကြိုဆို နေကြပါသနည်း။ အဖြေက ရှင်းပါသည်။ သမ္မတကြီးကို လေးစား ချစ်ခင် ကြသောကြောင့် ဖြစ်ပါသည်။ လေးစား ချစ်ခင်ရသည့် အကြောင်းမှာ နိုင်ငံတော်နှင့် နိုင်ငံသားများ အပေါ် ထားရှိသော သမ္မတကြီး၏ စေတနာ၊ ရိုးသား ဖြူစင်မှုနှင့် သမ္မတသက်တမ်း တစ်နှစ်ကျော် အတွင်း ထိုနှစ်ချက် ပါဝင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လက်တွေ့ ဆောင်ရွက်ချက် တို့ကြောင့် ဖြစ်ပါသည်။

မြန်မာ့သမိုင်းတွင် ပြည်သူလူထု၏ လေးစား ချစ်ခင်မှု၊ အားကိုး ယုံကြည်မှုကို မည်သူမျှ လွယ်လွယ် ရခဲ့ကြသည် မဟုတ်ပေ။ သမိုင်း အတွေ့အကြုံ အရ မင်းနှင့် အစိုးရတို့ကို ဖိနှိပ် အုပ်ချုပ်သူများဟုသာ တစ်လျှောက်လုံး အရိုးစွဲ အဆိုးမြင် လာခဲ့ကြသော မြန်မာပြည်သူ လူထု အနေနှင့် အုပ်ချုပ်သူ အပေါ် လေးစား ချစ်ခင်မှုနှင့် အားကိုး ယုံကြည်မှု ရရှိခြင်းမှာ ပါလီမန် ဒီမိုကရေစီ စနစ် ကျင့်သုံးခဲ့သည့် ဆယ်နှစ်တာ ကာလသာ ရှိခဲ့ပါသည်။ ထိုမှသည် နှစ်ပေါင်း ၅၀ကျော် ကြာသည့်တိုင် ပြည်သူလူထုက ချစ်ခင် လေးစား ယုံကြည်အပ်သော အာဏာရ အစိုးရ အကြီးအကဲ (ဝါ) အစိုးရ အဖွဲ့ မရှိခဲ့ပေ။ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်း ကာလ ပထမဦးဆုံး အရပ်သား အစိုးရ၏ သမ္မတ တစ်ဦးသည် တပ်မတော် ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်နေသည့်တိုင် ပြည်သူလူထုက ဤမျှ လေးစား ချစ်ခင် အားကိုးစိတ် ရှိနေကြခြင်းမှာ မြန်မာ့သမိုင်းတွင် ပထမဦးဆုံး ဖြစ်ပါသည်။

စာနာစိတ်၊ ကရုဏာစိတ် ထူးကဲသည့် အပြင် ခေါင်းဆောင်ကောင်းမျှော် တတ်သည့် မြန်မာပြည်သူလူထုသည် ကိုယ်ကျိုးစွန့် အနစ်နာခံကာ နိုင်ငံတော်နှင့် ပြည်သူ့အကျိုး ထမ်းဆောင်ခဲ့သူများကို အခြားသူများထက် ပို၍ လေးစား ချစ်ခင် တတ်ပါသည်။ သဘာဝလည်း ကျပါသည်။ ထိုကြောင့် ဒီမိုကရေစီ အတွက်၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံခဲ့ကြသော ရဟန်း၊ ရှင်၊ လူ၊ ပြည်သူများ၊ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင် ဒေါ်ဆောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ကျန် Stakeholder အသီးသီး တို့ကိုလည်း ၎င်းတို့၏ စေတနာနှင့် ညီမျှသော တုံ့ပြန် လေးစားမှု ပေးခဲ့ကြပါသည်။ ဤနေရာတွင် များစွာ ထူးခြားသည်မှာ လက်ရှိ သမ္မတကြီးသည် အာဏာရှင် စနစ်တွင် ထိပ်ပိုင်း တာဝန်ရှိသူ တစ်ဦး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သော်ငြား လက်တွေ့လုပ်ရပ်နှင့် စေတနာ အပေါ် မူတည်ကာ ပြည်သူလူထုက အဓိကနှင့် သာမည ခွဲခြား သိမြင်စွာ ထိုက်တန်သော အသိအမှတ်ပြု၊ တုံ့ပြန်မှု၊ လေးစားမှုပေးခြင်း ဖြစ်ပါသည်။ နှစ်ဖက်စလုံးရှိ သဘောထား တင်းမာသူ လူပုဂ္ဂိုလ် အချို့အတွက်လည်း ဖော်ပြပါ အခြေအနေများက ပြည်သူလူထု၏ မေတ္တာကို ရရှိရန် အတုယူစရာ အကောင်းဆုံး သာဓကဟုလည်း ဆိုနိုင်ပါသည်။

မည်သို့ပင်ဖြစ်စေ သမ္မတကြီးနှင့် ပြည်သူလူထု အကြားရှိ နားလည်မှု၊ ချစ်ခင် လေးစားမှု၊ အားကိုး ယုံကြည်မှု ကိုမြင်တွေ့ လိုက်ရခြင်းသည် မင်္ဂလာ ရှိသော ဒီမိုကရေစီ သမိုင်း စာမျက်နှာသစ် တစ်ရပ် ထပ်မံ ဖွင့်လှစ်လိုက်သည်ဟု ဆိုနိုင်ပါသည်။ ဤနေ့၊ ဤရက်၊ ဤအခြေအနေသို့ ရောက်ရှိ လာစေရန်မှာ သည်းခံ ခွင့်လွှတ်စိတ်နှင့် သဘောထား ကြီးမားလှသော ပြည်သူလူထု၏ ပံ့ပိုး ကူညီမှု မပါဘဲ မဖြစ်နိုင်ပါ။ ထိုစာမျက်နှာသစ် တစ်ရပ် မင်္ဂလာရှိစွာ ဖွင့်လှစ်ရန် အလို့ငှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကြီးတွင် စွန့်လွှတ် အနစ်နာခံ ပါဝင် ဆောင်ရွက်ခဲ့ ကြသော Stakeholder များနှင့် ပြည်သူလူထုအား The Voice Weekly က အထူးဂုဏ်ယူစွာ မှတ်တမ်းတင် အပ်ပါကြောင်း။

အယ်ဒီတာ (၄-၁၀-၂၀၁၂)

No comments:

Post a Comment