Saturday, October 27, 2012

စစ်ဦးစီးချုပ်ကို ရာထူးပြန်အပ်ကြောင်း KNU ကြေညာ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး (ဓာတ်ပုံများ- ပြည်တော်မြင့်/ဧရာဝတီ)
စစ်ဦးစီးချုပ်အပါအ၀င် ထိပ်တန်းခေါင်းဆောင်တို့ကို  မူလတာဝန်များ ပြန်လည်ခန့်အပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ယနေ့ ကြေညာချက် တရားဝင် ထုတ်ပြန်ခဲ့ပြီး ထိုကြေညာချက်နှင့်ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ယနေ့မွန်းလွဲပိုင်းသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တွင်ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲသို့  ထိုင်းနှင့်မြန်မာ ဒေသခံသတင်းထောက်များ တက်ရောက်ခဲ့ကြသည်။

၎င်းက ”ကျွန်တော်တို့နှစ်ရက်တာ ဆွေးနွေးပြီး ဒီကြေညာချက်ကို ထုတ်တာပါ။ ဆွေးနွေးပွဲမှာ မဲခွဲစရာတောင်မလိုဘဲ မူလတာဝန်တွေကို ပြန်လည်ခန့်အပ်ခဲ့တာဖြစ်တယ်” ဟု သတင်းထောက်များကိုပြောသည်။

ပြီးခဲ့သည့် ၂ ရက်အတွင်း ဘားအံခရိုင်လေးဝါးတပ်စခန်းတွင် ပြုလုပ်သည့်  KNU ဗဟိုအမြဲတမ်းကော်မတီ၏ အထူးအရေးပေါ် အစည်းအဝေးတွင် ကရင်တမျိုးသားလုံးအကျိုး၊ အဖွဲ့၏ဂုဏ်သိက္ခာနှင့် စည်းလုံးညီညွတ်မှုအတွက် စစ်ဦးစီးချုပ် အပါအ၀င် ထုတ်ပယ်ခံထားရသူများကို မူလတာဝန်များ ပြန်လည် ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပဒိုမန်းငြိမ်းမောင်က ဖြည့်စွက် ပြောကြားသည်။

အထူးအရေးပေါ်အစည်းအဝေးသို့ ထုတ်ပယ်ခံများ အပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင် ၃၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၁၀ ဦး တက်ရောက်ခဲ့ကြသည်။

 ဖြစ်ခဲ့ပြီးသည့် အဖွဲ့တွင်းပြဿနာများကို ပြည်ဖုံးကားချ ခွင့်လွတ်ကြရန် အစည်းအဝေးတွင် သဘောတူ ခဲ့ကြခြင်းဖြစ်သည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်လင်းက ပြောသည်။

၎င်းက ”အားလုံးပဲ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးတာအဆင်ပြေသွားပြီ ဆိုတော့ စည်းစည်းလုံးလုံးနဲ့ ရှေ့ဆက် အလုပ်ဆက်လုပ်သွားဖို့ပဲ ရှိတယ်” ဟု ဧရာဝတီသတင်းဌာနသို့ ပြောသည်။

နှစ်ရက်တာပြုလုပ်သည့် စည်းဝေးဆုံးဖြတ်ချက်တွင် KNU ၏အခြေခံလမ်းစဉ်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်သွားကြမည်ဟု တက်ရောက်လာသူများ သဘောတူခဲ့ကြသည်ဟု KNU ၏ ယနေ့ထုတ် ပြန်သည့် ကြေညာချက်တွင်ဖေါ်ပြထားသည်။

ဗဟို၏ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ်ဘားအံမြို့တွင် KNU ဆက်ဆံရေးရုံးသွားရောက်ဖွင့်လှစ်ခံရာတွင် ဦးဆောင်သူများဖြစ်သည့် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနတာဝန်ခံပဒိုဒေးဗစ်ထောနှင့် ဗဟိုလူမှုဝန် ထမ်းနှင့်ကယ်ဆယ်ရေးဌာနတာဝန်ခံပဒိုရောဂျာခင်တို့ကို အဖွဲ့၏ စည်းမျဉ်းစည်းကမ်းများ အကြိမ်ကြိမ်ဖောက် ဖျက်မှုဖြင့် KNU ဗဟိုကယခုလ ၂ ရက်နေ့ရက်စွဲဖြင့် တာဝန်များမှရပ်စဲလိုက်သည့်အပြင် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်ခဲ့သည်။

အဆိုပါထုတ်ပယ်မှုကို အဖွဲ့အတွင်း ထောက်ခံသူများနှင့်မထောက်ခံသူများအကြား သဘောထားတင်းမာမှု များဖြစ်ပေါ်လျက်ရှိသည့်အတွက် ယခုလ ၈ ရက်နေ့မှစတင်ကာ ကျင်းပမည့် KNU ဗဟိုကော်မတီအစည်းအဝေး နှင့် ၁၅ ကြိမ်မြောက်ညီလာခံကိုကျင်းပနိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းထားရခြင်းဖြစ်သည်။

အထူးအရေးပေါ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ ၁၄ ကြိမ်မြောက် KNU ညီလာခံသက်တမ်း၏ နောက်ဆုံးဗဟို ကော်မတီအစည်းအဝေးကို ယခုလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ၁၅ ကြိမ် မြောက်ညီလာခံကို လာမည့်နိုဝင်ဘာလ ၂၆ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်သည်။

ထုတ်ပယ်ခံရသူများအနက် ပဒိုဒေးဗစ်ထောမှာယခုလ ၁၄ ရက်နေ့က အဆုတ်ရောဂါဖြင့်ရန်ကုန်မြို့ရှိမင်္ဂလာစစ် ဆေးရုံကြီးတွင်ကွယ်လွန်ခဲ့သော်လည်း တာဝန်ပြန်လည်ပေးအပ်မှုတွင်အကျုံးဝင်သည်ဟု ဗဟိုကော်မတီဝင်တဦးက ပြောသည်။
နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး

ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး
ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး


ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

ယနေ့ပြုလုပ်သည့် ပဒိုမန်းငြိမ်းမောင် သတင်းစာရှင်းလင်းပွဲ

နှစ်ရက်ကြာပြုလုပ်ခဲ့သည့်အထူးအရေးပေါ်အစည်းအဝေး   From -ဧရာဝတီ

No comments:

Post a Comment