Tuesday, November 13, 2012

ရှုထောင့်မျိုးစုံပြောင်းလဲမှုများ မျှော်လင့်နိုင်သည့် အိုဘားမား၏ မြန်မာပြည်ခရီးစဉ်

http://www.myitmakhamediagroup.com/administratorpanel/image/13-11-12-7.jpg

အမေရိကန်နိုင်ငံသမ္မတဘားရတ်အိုဘားမား၏  မြန်မာပြည်ခရီးစဉ်မှနေ၍  ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက် ၄င်းထံမှ အကြံဥာဏ်ကောင်းများ ရရှိနိုင်ကြောင်း ပြည်တွင်း နိုင်ငံရေးပါတီအချို့က သုံးသပ်နေကြသည်။

အိုဘားမား မြန်မာနိုင်ငံကိုလာတာ ကြိုဆိုပါတယ်။ အမေရိကန်နိုင်ငံကလည်း ဒီမိုကရေစီနိုင်ငံ ဆိုတော့သူ့အနေနဲ့ မြန်မာနိုင် ငံရှေ့အလားအလာအတွက် အကြံဥာဏ်ကောင်းတွေ ပေးနိုင် ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စလိုမျိုးတွေ ကချင်စစ်ဖြစ်ပွားမှု အခြေအနေတို့၊ ရခိုင်အရေးကိစ္စတွေကို သူ့အနေနဲ့ လူ့အခွင့်အရေးအရကြည့်ပြီး အကြံကောင်းတွေပေးနိုင်မယ်လို့ မျှော်လင့် တယ် အဲ့ဒီအကြောင်းတွေကိုလည်း မဖြစ်မနေဆွေးနွေးဖြစ်ကြမယ်လို့လည်း ထင်တယ် ဟု အမျိုးသား ဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက ပြောသည်။
   
နိုဝင်ဘာလ(၁၉)ရက်နေ့တွင် မြန်မာပြည်ရောက်ရှိမည့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမား ခရီးစဉ်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည် တို့နှင့်တွေ့ဆုံမည်ဟု သိရှိရသည်။
ဘားရတ်အိုဘားမားသည် အမေရိကန်နိုင်ငံ၏ နှစ်ကြိမ်မြောက် သမ္မတသက်တမ်းအဖြစ် ရွေးချယ်ခံရ သည့် ကာလအ တွင်း မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး အမျိုးသား အကျိုး စီးပွားအရေးနှင့် လူ အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ကိစ္စရပ်များနှင့်ပတ်သက်၍ ဘင်္ဂလီများအား မြန်မာနိုင်ငံသားဖြစ်ပေါ်ရေးအတွက် ကြိုးပမ်း နိုင်ကြောင်းကိုလည်း နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းများက သုံးသပ်နေကြသည်။
ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကိုလည်း နိုင်ငံသားဖြစ်လာဖို့ အိုဘားမားအနေနဲ့က လူ့အခွင့် အရေးဆိုင်ရာ အချက်အလက်တွေကို ကြည့်ပြီး သူထောက်ပြလိမ့်မယ်၊ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်ပြီးပြောရရင် အမေရိကန်အနေနဲ့က ရေနံရရှိရေးအတွက် စီးပွားရေးလုပ်ငန်းလုပ်လိမ့်မယ်" ဟု ဦးခင်မောင်ဆွေက ဆက်လက်သုံးသပ်ပြောကြားခဲ့သည်။
အိုဘားမားမြန်မာနိုင်ငံသို့လာရောက်ခြင်းသည် ရှုထောင့်မျိုးစုံမှ ပြောင်းလဲခြင်းများ ဖြစ်ပေါ်လာ နိုင်သော်လည်း ၄င်းအနေဖြင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကိစ္စရပ်များကို ၀ိုင်းဝန်းကူညီပေးစေလိုကြောင်း ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အကြံပြုပြောဆိုသည်။
ဒီမိုကရေစီရတဲ့ နိုင်ငံရှိသလို မရသေးတဲ့ နိုင်ငံလည်းရှိပါတယ်။ အဲ့တော့ ကျွန်မတို့ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်အောင်   ခြေတစ်လှမ်းတော့ လှမ်းပြီးပါပြီ။ ဒါပေမဲ့ သမ္မတအိုးဘားမားအနေနဲ့ ကူညီပေးရင်တော့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကိစ္စတိုင်းကိုကူညီပေးရင်တော့ အကောင်းဆုံးပေါ့" ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေ က ပြောသည်။
တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှလည်း အိုဘားမားလာရောက်မည့်အပေါ် ကြိုဆိုကြောင်းနှင့် စီးပွားရေးပိတ်ဆို့မှု များအား ပြန်လည်ဖွင့်ပေးရန်အတွက် အလားအလာကောင်းတစ်ခုအဖြစ် သုံးသပ် နိုင်ကြောင်း ပြောကြားခဲ့သည်။
စီးပွားရေးပိတ်ဆို့မှုနဲ့ပတ်သက်ပြီး သူ့အနေနဲ့က ပထမဆုံးဖြေလျော့ပေးထားတာဆိုတော့ သူ မြန်မာနိုင်ငံက သမ္မတရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို မြင်ပြီး ဆက်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ကို ဖြေလျော့ ပေး ရင်လည်း ဖြေလျော့ပေးမှာပါ သူ့အနေနဲ့ကလည်း မြန်မာနိုင်ငံနဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်လိုမှာပါ ဟု တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီမှ   ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင် ဥာဏ် က ပြောသည်။

မြစ်မခသတင်းမီဒီယာ
http://www.myitmakhamediagroup.com/administratorpanel/image/13-11-12-7.jpg

No comments:

Post a Comment