Tuesday, November 13, 2012

ဘင်္ဂလားနှင့် နယ်စပ် ကုန်သွယ်ရေး တိုးမြှင့်မည်ဟု မြန်မာဘက်မှပြော


http://www.narinjara.com/burmese/wp-content/uploads/2012/11/Myanmar-cargo-boat.jpg

ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဒက္ကားမြို့တွင် နိုဝင်္ဘာလ ၁၁ ရက်နေ့က ပြုလုပ် ခဲ့ကြသော နှစ်နိုင်ငံ ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် အစည်းအဝေးတွင် နှစ်နိုင်ငံ နယ်စပ် ကုန်သွယ်ရေးကို တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ အစည်းအဝေး  တက်ရောက်ရန် ရောက်ရှိနေသော ကုန်သွယ်ရေး ဒုဝန်ကြီး ဦးပွင့်စန်းက ထိုသို့ ပြောကြားသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ဖေါ်ပြသည်။
နယ်စပ် စီးပွားရေးကို မြှင့်တင်ရန် သူက လက်ကား အရောင်းအ၀ယ် ဈေးတစ်ခုကို တည်ထောင် သွားမည် ဖြစ်ပြီး နယ်စပ်တွင် ကုန်စည် ပြပွဲ တစ်ခုကိုလည်း ပြုလုပ်သွားမည်ဟု ပြောဆိုသည်ဟု သိရသည်။
မြို့တော် ဒက္ကားမြို့ ရှိ ပူရ်ဘာနီဟိုတယ်တွင် Joint Trade Commission(JTC) အစည်းအဝေးတွင် မြန်မာဘက်က နယ်စပ်ကုန်သွယ်ရေးကို မြင့်တင်ရန် လိုလားကြောင်း ပြောဆိုသည်ဟု ဆိုသည်။
အစည်းအဝေးတွင် ကုန်သွယ်ရေး ဒုဝန်ကြီး ဦးပွင့်စန်းသည်  အဖွဲ့ဝင် ၁၁ဦးပါ  မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်ပြီး  ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်မှ ကုန်သွယ်ရေး အတွင်းရေးမှူး Mahbub Ahmed ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ တက် ရောက်ခဲ့သည်။
ယခု ဆွေးနွေးပွဲ အစည်းအဝေးမှာ ဆဌမအကြိမ်မြှောက်ဖြစ်ပြီး နိုဝင်္ဘာ ၁၁ ရက်နှင့် ၁၂ ရက် ထိ နှစ်ရက်တိုင်တိုင် ဆွေးနွေးကြမည်ဟု ဆိုသည်။
ဦးပွင့်စန်းက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူမူရေး မတည်ငြိမ်မူများကြောင့် ကုန်သွယ်ရေး တိုးမြှင့်ရန် ကံမကောင်းစွာဘဲ နှောင့်နှေးကြန့်ကြာ နေရခြင်း ဖြစ်ကြောင်း၊ အခြေအနေ တည်ငြိမ် သွားပါက ကုန်သွယ်ရေးကို မြှင့်တင်နိုင်ရန် သေချာကြောင်း ပြောဆိုသည်ဟု သိရသည်။
ရခိုင်ပြည်နယ်တွင် ယခုနှစ် မေလအတွင်းက ဗုဒ္ဓဘာသာ ရခိုင် အမျိုးသမီးတဦးကို မုဒိမ်းပြုကျင့် သတ်ဖြတ် ခံရပြီးနောက် လူမူရေး မတည်ငြိမ်မူ ဖြစ်ကာ ဘင်္ဂလား-မြန်မာ နယ်စပ် ကုန်သွယ်ရေးမှာ တိုးတက်မှုများ မရှိဘဲ နစ်နာခဲ့ရသည်ဟု ဦးပွင့်စန်းက ပြောသည်ဟု ဆိုသည်။
လက်ရှိမြန်မာ နိုင်ငံ အနေဖြင့်  တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံ များနှင့် နယ်စပ်ကုန်သွယ်ရေး တိုးမြှင့် လုပ်နေသလို ဘင်္ဂလားဒေ့ခ်ျနှင့်လည်း နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းကို တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ဆိုသည်။
နှစ်ဘက်ဆွေးနွေးပွဲတွင် သဘာဝ ဓါတ်ငွေ့ကိစ္စ၊ စွမ်းအင်ကိစ္စ၊ စိုက်ပျိုးရေးကိစ္စနှင့် ငါးဖမ်းလုပ်ငန်း ကိစ္စရပ်များကိုလည်း ဆွေးနွေးကြသည်ဟု  ဆိုသည်။
လွန်ခဲ့သည့်နှစ်က နှစ်နိုင်ငံ နယ်စပ် အကြား ပေးပို့သော ကုန်စည် ပမာဏကို အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကနေ ၅၀၀၀၀ အထိမြှင့်တင် နိုင်ခဲ့သည်ဟု သတင်းကဆိုသည်။
၂၀၁၁နှစ် ၂၀၁၂ခုအတွင်း ဘင်္ဂလားဒေ့ခ်ျဘက်မှ ကုန်ပစ္စည်း ပမာဏ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၅သန်း တန်ဖိုး  မြန်မာဘက်သို့ တင်ပို့နိုင်ပြီး မြန်မာကနေ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၄၅ဒသမ ၁၀သန်းအထိ တင်ပို့နိုင်ခဲ့သည်  ဟုဆိုသည်။
နိရဉ္စရာ - သတင်းဌာန
စစ်တွေ နယ်စပ်ကုန်သွယ်ရေး စခန်း မင်းဂံ( ဓါတ်ပုံ – နိရဉ္စရာ)


No comments:

Post a Comment