Friday, November 30, 2012

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော


နယူးဒေလီ (မဇ္ဈိမ) ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်းပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလို
ကြောင်း ပြောဆိုသွားသည်။

ဤ ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ “သိက္ခာရှိတဲ့ပုံစံနဲ့ ကျမ ဖြေရှင်းချင်ပါတယ်။ အဲဒီ့အတွက် ပြည်သူတွေကနေ ဝိုင်းပြီး ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်” ဟု ဆားလင်းကြီးမြို့နယ်၊ ကံ့ကုန်းရွာတွင် ဒေါ်အောင်ဆန်း စုကြည် က မိန့်ခွန်းပြောသည်။

“ပြည်သူတွေလည်း သက်သာ၊ နိုင်ငံလည်း သိက္ခာရှိ” သည့် အေးချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းသွားလိုပြီး
အောင်မြင်မည်/မအောင်မြင်မည်ကိုမူ အာမ မခံနိုင်သော်လည်း ပြည်သူလူထုနှင့် လက်တွဲနိုင်ပါက အောင်မြင်မည်ဟု ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ထို့ပြင် “ကျမ လုပ်ငန်းရှင်ဘက်ကို တွေ့ပြီးသွားပြီ။ သက်ဆိုင်ရာ ရွာသူရွာသားတွေနဲ့လည်း တွေ့မယ်။ ဒီလုပ်ငန်းကို ကန့်ကွက်တဲ့ ပြည်သူတွေနဲ့လည်း တွေ့ချင်တယ်။ အဲဒီ့အမြင်တွေကို ကြည့်ပြီးတော့ ကျမ တတ်နိုင်သလောက် ညှိပေးချင်တယ်” ဟု ကြားဝင်ဆောင်ရွက်ပေးလိုသောဆန္ဒကို ဒေါ်အောင်ဆန်းစုကြည်က ပြသခဲ့သည်။

အကောင်အထည် ဖော်နေဆဲ စီမံကိန်းများကို (မိမိတို့ဘက်မှ) တဖက်သတ် ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်သည်ဟု ဒေါ်အောင်ဆန်းစုကြည် က မီဒီယာများအား ပြောဆိုခဲ့ဖူးပြီး သဘောတူစာချုပ်များကို ဖျက်ရန်ကိစ္စမှာ အလွန် စဉ်းစားချင့်ချိန်ရမည့်ကိစ္စဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

No comments:

Post a Comment