Friday, November 30, 2012

ကမ္ဘာ့အလယ်မှာ မြန်မာ့ဆန် တင်ပို့မှု

exportriceamount

ကမ္ဘာ့ ဆန်အများဆုံး တင်ပို့နိုင်မှု စာရင်းတွင် မြန်မာနိုင်ငံက နံပါတ် ၉ နေရာတွင် ရှိနေကြောင်း အမေရိကန် လယ်ယာ စိုက်ပျိုးရေး ဌာန (USDA) က ထုတ်ပြန်ထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူ တဦးက ဆိုသည်။ သို့သော် ဆန်စပါးအသင်းကမူ တန်ချိန် ထိုထက်မက တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

လက်ရှိ ဆန်တင်ပို့မှု အခြေအနေ

“ဘဏ္ဍာနှစ်အတွင်း ဧပြီ ၁ ရက် ကနေ နိုဝင်ဘာလ ၁ဝ ရက်နေ့အထိ ဆန်တန်ချိန် ၈ သိန်းကျော် တင်ပို့ပြီး ဖြစ်ပါ တယ်။ အဓိက က အာဖရိကနိုင်ငံ၊ Ivory Coast ကို ပင်လယ် ရေကြောင်းကနေ တင်ပို့နေပါတယ်။ ဒီနှစ်ထဲမှာ ဆန်တန်ချိန် ၁ သန်းကနေ ၁ သန်းခွဲကြား တင်ပို့နိုင်မယ်လို့ မှန်းထားပါတယ်။ အနည်းဆုံးတော့ ဆန်တန်ချိန် ၁ သန်းတော့ သေချာပေါက် ပို့နိုင်မယ် မှန်းထားပါတယ်” ဟု ဆန်စပါး အသင်းချုပ်မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဒေါက်တာစိုးထွန်း က ဆိုသည်။

ပင်လယ်ရေကြောင်းမှ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ရုရှားသို့လည်း ဆန်တင်ပို့နေသည်ဟု ဆိုသည်။

တရုတ်ကို တင်ပို့မှု အများဆုံး

“ဆန်တင်ပို့မှုကို နယ်စပ်ကုန်သွယ်ရေးက ခွင့်ပြုခဲ့တဲ့နောက်ပိုင်း တရုတ်နဲ့ ထိုင်းကို နယ်စပ်က တင်ပို့မှု ရှိလာပါတယ်။
ပြည်ပကို တင်ပို့ပြီးတဲ့ ဆန်တန်ချိန် ၈ သိန်းကျော်မှာ တရုတ်နိုင်ငံရဲ့ဝယ်ယူမှုက ၄ သိန်းကျော် ရှိနေပါတယ်” ဟု ဆန်စပါးအသင်းမှ တာဝန်ရှိသူတဦးဖြစ်သည့် ဦးမျိုးသူရအေး က ပြောသည်။                    

ထိုင်းနှင့်တရုတ်၏ ဝယ်ယူမူတွင် ဆန်အပြင် ဆန်ကွဲတို့ကိုပါ ဝယ်ယူသည်။ ဆန်ကွဲကို စားသောက်ကုန် လုပ်ငန်းများ တွင် အသုံးပြုကြသည်ဟု သိရသည်။

၂ဝ၁၁ ခုနှစ်၊ ဘဏ္ဍာနှစ်အတွင်း နယ်စပ်ကုန်သွယ်ရေးမှတဆင့် ဆန်တန်ချိန် ၁၃၆,၂၃ဝ ရှိခဲ့ကြောင်း နယ်စပ် ကုန်သွယ်ရေး ဦးဌာန၏ မှတ်တမ်းများအရ သိရှိရသည်။

မြန်မာဆန် ဝယ်ယူရန် MOU ရေးထိုးရန်ရှိ

မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန်အတွက် အစိုးရချင်း MOU (နားလည်မှု စာချွန်လွှာ) များ လက်မှတ်ရေးထိုးရန်ရှိသည်။

“အင်ဒိုနီးရှားကတန်ချိန် ၅ သိန်း ဝယ်ယူဖို့ ဒီဇင်ဘာ လကုန်လောက်မှာ MOU ရေးထိုးဖို့ ရှိပါတယ်။ နောက် တရုတ်နဲ့
ရော၊ ဘင်္ဂလားဒေ့ရှ်နဲ့ပါ ဆက်ပြီး လက်မှတ်ရေးထိုးဖို့ ရှိပါတယ်။ ဆန်စပါး တင်ပို့နိုင်မှု အနေအထား ကောင်းလာ မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ အာဖရိက က ဝယ်တယ်ဆိုတာ ဒိုနာအေဂျင်စီတွေက တဆင့် ဝယ်လှူတာပါ။ အမေရိကန်ရဲ့ ဒိုနာအေဂျင်စီတွေ အနေနဲ့လည်း မြန်မာဆန်ကို ဝယ်ယူမှု ရှိလာနိုင်ပါတယ်” ဟု ဆန်စပါးအသင်းချုပ် ဒု-ဥက္ကဋ္ဌတဦးက ဆိုသည်။

ဆန် အဓိကတင်ပို့နိုင်ငံ အဖြစ် ရပ်တည်ခဲ့

မြန်မာနိုင်ငံသည် ၁၉၂၃ ခုနှစ်မှ ၁၉၄ဝ ခုနှစ်အတွင်း ကာလများတွင် ဆန်တန်ချိန် ၃ သန်းအထိ ပြည်ပသို့ ရောင်းချ
နိုင်ခဲ့၍ ကမ္ဘာတွင် ဆန် အဓိက တင်ပို့ရောင်းချသော နိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။ ယင်းကာလများမှာ အင်္ဂလိပ် ကိုလိုနီအစိုးရ အုပ်ချုပ်ချိန် ဖြစ်သည်။

လွတ်လပ်ရေးခေတ် ပါလီမန် အုပ်ချုပ်ချိန် ကာလများဖြစ်သော ၁၉၄၈-၄၉ မှ ၁၉၅၁-၅၂ ကာလများတွင် ဆန်တန်ချိန် ၁.ဝ၆၅ သန်း မှ ၁.၂၄၈ သန်းအထိ တင်ပို့ခဲ့ပြီး ပြုတ်ဆန်များ boiled rice အပါအဝင် ဖြစ်သည်။

ထို့နောက် တော်လှန်ရေးကောင်စီ လက်ထက်တွင် ဆန်စပါးလုပ်ငန်းများအား ပြည်သူပိုင် သိမ်းယူပြီး ဆန်စပါး တင်ပို့မှုကို နိုင်ငံတော်မှ ဆောင်ရွက်ခဲ့ရာ ၁၉၆၂-၆၃ မှ ၁၉၇၃-၇၄ ကာလအတွင်း ဆန်တန်ချိန် ဝ.၁၉၆ သန်းမှ ၁.၄၄၁ သန်းအထိသာ တင်ပို့ ရောင်းချခဲ့သည်။ ၁၉၆၃-၆၄ ခုနှစ်တွင် တန်ချိန် ၁.၄၄၁ သန်း၊ ၁၉၆၄-၆၅ ခုနှစ်တွင် တန်ချိန် ၁.၁၇၆ သန်း နှင့် ၁၉၇၃-၇၄ တွင် တန်ချိန် ဝ.၁၉၆ သန်းသာ ရောင်းချနိုင်ခဲ့ကာ အနိမ့်ဆုံး အဆင့်သို့
ရောက်ရှိလာခဲ့ရသည်။

၁၉၇၄-၇၅ မှ ၁၉၈၇-၈၈ ခုနှစ်အထိ ဆန်တင်ပို့ရောင်းချမှုမှာ ဆန်တန်ချိန် ဝ.၁၆၆ သန်းမှ ဝ.၇၈၇ သန်းအထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ၁၉၈၇-၈၈ ခုနှစ်တွင် ဝ.၁၉၆ သန်းသာ တင်ပို့ ရောင်းချနိုင်ခဲ့ရပြန်သည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနမှ နွေစပါး-မိုးစပါး စိုက်ပျိုးရေးကို ဆောင်ရွက်ခဲ့ပြီး ၁၉၈၈-၈၉ မှ၂ဝဝ၂-ဝ၃ ကာလအတွင်း ဆန်တန်ချိန် ဝ.ဝ၂၄ မှ ၁.ဝ၄ သန်းအထိ တင်ပို့လာခဲ့သည်။ ၁၉၉၄-၉၅ ခုနှစ်တွင် တန်ချိန် ၁.ဝ၄ သန်းအထိ အမြင့်ဆုံးတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။

လွတ်လပ်စွာ တင်ပို့ရောင်းချခွင့်

၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလမှ စ၍ မြန်မာ့ ဆန်စပါးရောင်းဝယ်မူကို ပြည်သူပိုင် ဆောင်ရွက်ခဲ့ရာက ၂ဝဝ၃ ခုနှစ်
ရောက်မှ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့သည်။ နှစ်ပေါင်း ၄၁ နှစ်ကြာမှ ကမ္ဘာ့ ဆန်ဈေးကွက်နှင့် ပြန်လည်လေ့လာ
ဆောင်ရွက်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

မြန်မာဆန်ကို အာဖရိကမှ အများဆုံး ဝယ်ယူနေ

“မြန်မာနိုင်ငံအနေနဲ့ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း (၂၅ မှတ်) ဆန်ကို အာဖရိကကို အဓိက ရောင်းချနေရတာပါ။
ဈေးကွက်မှာ ထိုင်း၊ ဗီယက်နမ်တို့က ရောင်းချတဲ့ ၂၅ မှတ် ဆန်ဈေးအောက် ဈေးနှုန်းနဲ့ပဲ ရောင်းချရပါတယ်။ ၂ဝ၁၂ ခုနှစ် ၂၅ ရာခိုင်နှုန်း ဆန်ဈေးဟာ ၂ဝ၁၁ ခုနှစ် ဆန်ဈေးအောက် ရောက်သွားတာကို မြန်မာနဲ့ ဗီယက်နမ်ဆန်မှာ
ဖြစ်ခဲ့ပေမယ့် ထိုင်းနိုင်ငံထုတ် ဆန်ကတော့ ဈေးအမြင့်ဆုံးအဖြစ် ရရှိရပ်တည်နိုင်တာ တွေ့ရတယ်” ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာန အဆင့်မြင့်အရာရှိမှ အငြိမ်းစားယူခဲ့သူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးသည့် ဧည့်မထ စပါးတွင် အထွက်ကောင်းမျိုးများ ပါဝင်ပြီး သီးထပ်ရင်၊ မနောသုခ၊
ကျော်ဇေယျ စပါးများသည် ဧည့်မထ အုပ်စုများ ဖြစ်သော်လည်း ဆန် အပျော့အမာ ကွာခြားမှုရှိသည်။ ဧည့်မထ အုပ်စုဝင် စပါးများကို ကြိတ်ခွဲ၍ ၂၅ ရာခိုင်နှုန်း ဧည့်မထဆန်အဖြစ် ရောင်းချပါက အရည်အသွေး မညီမညာ
ဖြစ်နိုင်ကြောင်း၊ ထိုသို့ ကြိတ်ခွဲရောင်းချခြင်းကို စပါးအမျိုးအစားသာမက စားသုံးမှု အရည်အသွေးကိုပါ ထည့်သွင်းစဉ်းစားကာ ဝယ်ယူကြိတ်ခွဲ တင်ပို့ရောင်းချခြင်းကိုပါ ပြောင်းလဲဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ
တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ က ပြောသည်။

လတ်တလော ဆန်ဈေးနှုန်း

နိုဝင်ဘာလလယ် ဆန်ဈေးနှုန်းများမှာ ဧည့်မထဆန် တတင်းခွဲဝင် တအိတ်လျှင် လက်ကားဈေးများမှာ ရန်ကုန်တွင် ၁၅,၃ဝဝ ကျပ်၊ မန္တလေးတွင် ၁၇,၅ဝဝ ကျပ်၊ မော်လမြိုင်တွင် ၁၅,ဝဝဝ ကျပ်၊ တောင်ကြီးတွင် ၁၇,ဝဝဝ ကျပ်၊ ပဲခူးတွင် ၁၄,၅ဝဝ ကျပ်၊ ပြည်တွင် ၁၃,ဝဝဝ ကျပ်နှင့် ရွှေဘိုတွင် ၂၂,ဝဝဝ ကျပ်တို့ ရှိနေပြီး နယ်စပ်မြို့များဖြစ် သည့် မြဝတီ တွင် ၂၆,၄ဝဝ ကျပ်၊ တာချီလိတ်တွင် ၂၁,၆ဝဝ ကျပ်၊ မောင်တောတွင် ၁၈,ဝဝဝ ကျပ် ရှိသည်။

ပေါ်ဆန်း လက်ကားဈေး တအိတ်လျှင် ရန်ကုန်တွင် ၂၁,ဝဝဝ ကျပ်၊ မန္တလေးတွင် ၂၈,၅ဝဝ ကျပ်၊ မော်လမြိုင်တွင် ၂၂,ဝဝဝ ကျပ်၊ မကွေးတွင် ၃၃,ဝဝဝ ကျပ်၊ နေပြည်တော်တွင် ၃၆,ဝဝဝ ကျပ်၊ နယ်စပ်မြို့ မူဆယ်တွင် ၃၉,၆ဝဝ ကျပ်၊ ချင်းရွှေဟော်တွင် ၄၈,ဝဝဝ ကျပ်၊ မြိတ်တွင် ၃၁,၂ဝဝ ကျပ်၊ ကော့သောင်းတွင် ၃၈,၄ဝဝ ကျပ်နှင့် စစ်တွေတွင် ၂၄,၆ဝဝ ကျပ် ဈေးပေါက်သည်။

ကမ္ဘာ့ဈေးကွက်နှင့် မြန်မာဆန်ထုတ်လုပ်မှု

၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်အတွင်း ဆန်စပါး စိုက်ဧရိယာမှာ ဟတ်တာ ၇ . ၅၉ သန်းရှိပြီး စိုက်ဧက ၁၉ . ၃ သန်းခန့်တွင် အထွက်ကောင်း စပါးမျိုး ၁၆ မျိုးအနက် မနောသုခ စိုက်ပျိုးမူမှာ ဧရိယာ ၃.၅ သန်းကျော် ရှိနေကြောင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ဆိုသည်။ ယင်းစိုက်ဧကများမှ ၁ ဧက စပါးတင်း ၅ဝ နှုန်းဖြင့် ခန့်မှန်းပါက စပါးတန် ၁၂ သန်းခန့် ထွက်ရှိမည် ဖြစ်သည်။

ယခင်နှစ်က ပြည်ပတင်ပို့မှုမှာ တန် ၇ . ၇၅ သိန်း ဖြစ်ခဲ့ပြီး ပြည်တွင်း ဝယ်လိုအားမှာ ၉၅ . ၅ ရာခိုင်နှုန်း ရှိနေသည်။

ကမ္ဘာ့ဈေးကွက် ဝယ်လိုအားမှာ… အမေရိကန် စိုက်ပျိုးရေးဌာန၏ ခန့်မှန်း သုံးသပ်ချက်အရ ဝယ်လိုအားမှာ ဆန်တန်ချိန် ၃၆ သန်း ရှိနေသည်။ ယင်းတို့အနက် အာဖရိကမှ ဝယ်လိုအားမှာ ဆန်တန် ၁၁ သန်း ရှိနေပြီး အရှေ့ အလယ်ပိုင်း ဒေသများ၏ ဝယ်လိုအားမှာ တန် ၄ သန်းနီးပါး ရှိသည်။ ထို့အတူ မလေးရှားမှ ဆန်တန် ၁ သန်း
ကျော်နှင့် ဖိလစ်ပိုင်မှ တန် ၂ သန်းကျော် ဝယ်ယူတင်သွင်းမှု ရှိနေသည်။

ထို့ကြောင့် မြန်မာဆန်စပါးအနေဖြင့် ပြည်ပ ဈေးကွက် ဝေစု ရရှိရေးဆိုင်ရာ ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာများ အား စိုက်ပျိုး ထုတ်လုပ်ရေး ဆိုင်ရာ မူဝါဒများကို ပေါင်းစပ် ချမှတ်သွားရန် လိုအပ်ပြီး ကမ္ဘာ့ဈေးကွက်သို့ တက်လှမ်း
နိုင်ရေးနှင့် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုအတွက် ကြိုတင်ပြင်ဆင်ရန် လိုအပ်ကြောင်း စီးပွားရေး ပညာရှင် များက သုံးသပ်ပြောကြားသည်။   ။
from -mizzima

No comments:

Post a Comment