Wednesday, November 28, 2012

အရေးကြီးရင် သွေးနီးခဲ့ကြသူများ…သို့




ကျွန်မက သပိတ်ကျင်းမြို့က NLD ပါတီဝင်တစ်ယောက်ပါ၊ ကျွန်မယောကျာ်းလည်း အတူတူပါပဲ၊ ကျွန်မအိမ်ရှေ့ ဆိုင်ရှေ့မှာ NLD ပါတီဆိုင်းဘုတ်ထောင်ထားပါတယ်။ ကျွန်မတို့ NLD ပါတီဝင်တွေ အရင်တုန်းက ဘယ်လိုနေခဲ့ ရလည်းဆိုတာ အားလုံးလည်းသိကြမှာပါ. ထားပါတော့ ဒါတွေတော့ ပြန်မပြော ချင်တော့ပါဘူး။ အခုတော့ ရင်ဖွင့်ချင်တဲ့. အကြောင်းအရာတွေ၊ ဝန်ခံချင်တဲ့ အကြောင်းလေးတွေ ဖြစ်လာလို့ ပြောလိုက်ရတာပါ။ တစ်နေ့ပေါ့

အဲဒီနေ့က . ကျွန်မက အိမ်ဆိုင်လေးဖွင့်ဖို့ ရှေ့မှာပြင်ဆင်နေတုန်း မနက် နာရီခွဲ ကျော်ကျော် လောက်မှာ ဘာသံကြီးမှန်းမသိဘူး မြည်လာပြီး. ကျွန်မဆိုင်လေးရော စဥ့်အိုးဆင့်ထားတဲ့နေရာတွေမှာရော ရမ်းခါနေအောင်လှုပ်ခတ်နေပြီး ငလျင်လှုပ်မှန်း ကျွန်မသိလိုက်ပါတယ်။ အဲဒါနဲ့ အိမ်ထဲမှာရှိတဲ့ ကလေးတွေ ကိုလည်း လှမ်းအော်. ကျွန်မကိုယ်တိုင်လည်း ဘာတွေအော်မှန်း မသိ . လှမ်းအောင်နေမိပါတယ်။ ဆိုင်ထဲက ပစ္စည်းတွေလည်း ပြုတ်ကျ၊ စဉ့်အိုးတွေလည်း ကွဲ. အားလုံးကို ကျွန်မမြင်နေရပါတယ်။ ကျွန်မအိမ်ရှေ့က အိမ်နဲ့. ဘေးက လယ်စိုက်ရုံးလည်း နံရံတွေပြိုကျ၊ ခြံစည်းရိုးတွေ လဲ. ကျွန်မတို့  အိမ်အောက်က နံကပ်လည်း အပြင်ကို လဲတယ်၊ အိမ်နောက်က အဖီလည်း လဲသွားတယ်၊ ကျွန်မထင်တယ် စက္ကန့် ၄၀ တစ်မိနစ်နီးပါးလောက် ကြာမယ်ထင်တယ်. ကျွန်မလည်း ဆိုင်ထဲက တိုင် တစ်တိုင်ကို အတင်းဖက်ထားတာပေါ့. ခေါင်းတွေလည်းမူး. ကြောက်လည်း အရမ်းကြောက်နေတယ်။ နဲနဲငြိမ်သွားပြီ ထင်တော့မှ အိမ်ထဲသွားကြည့်တော့ ကလေးတွေရော . ကျွန်မယောကျာ်းရော ဘာမှ မဖြစ်ကြဘူး. အိမ်နံရံ က အပြင်ဘက်ကို လဲသွားတာ ကံကောင်းသွားတာပေါ့..
ကျွန်မတို့မြို့လေး တော်တော်ပျက်စီးသွားတယ် အိမ်တွေရော၊ ဆေးရုံတွေရော၊ ဈေးရော၊ မြို့လယ်ခေါင်က နာရီစင်ရော၊ ဘုန်းကြီးကျောင်းရော၊ အဓိကက ကျွန်မတို့မြစ်ဆိပ်မှာဆိုရင် စဥ့်အိုးတွေ ထပ်ပြီးထားကြတာလေ . အကုန်လုံးနီးပါး ကွဲကုန်ကြတယ်။ ကျွန်မတို့ အမျိုးတွေရော ဘာတွေ ဖြစ်ကြလဲ. ဘယ်လိုတွေဖြစ်ကုန်ကြလဲ သိချင်တာပေါ့. ဒါပေမယ့် ဖုန်းတွေကလည်း ခေါ်လို့မရတော့ဘူး. နောက် နေ့ခင်းလောက်ကျမှ သိရတယ်. သူတို့ဆီမှာလည်း ငလျင်လှုပ်တယ်တဲ့ .ဒါပေမယ့် ကျွန်မတို့လောက်တော့ မဆိုးဘူးတဲ့ .တော်သေးတာပေါ့။
ညနေရောက်တော့ ကျွန်မတို့မြို့ကို နေပြည်တော်ကနေ ဒုသမ္မတနဲ့ အဖွဲ့တွေရောက်လာတယ်။ မှောင်ကာနီးမှ ရဟတ်ယာဉ်နဲ့ ရောက်လာတာပါ. သူတို့နဲ့ တပ်ကဗိုလ်ချုပ်တွေလည်း ပါတယ်. ကျွန်မလည်း ကိုယ့်အိမ်ထဲမှာပဲ ကိုယ်ရှင်းလင်းနေတော့ . သတိမထားလိုက်မိဘူး. မြို့ထဲမှာ စစ်သားတွေ တော်တော် ရောက်နေကြပြီ. ဈေးနားမှာရော၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနားမှာရော ကယ်ဆယ်ရေးတွေ လုပ်နေကြတာ၊ ဘယ်ကလာတာလဲ မေးကြည့်လိုက်တော့ .ဒီအနီးအနားက တပ်တွေကလူတွေ ဖြစ်နေတယ်. ပြီးတော့ တူညီဝတ်စုံတွေနဲ့ ကယ်ဆယ်ရေးလုပ်နေတဲ့ အမျိုးသမီးတွေ တွေ့ရတယ် မေးကြည့်လိုက်တော့ ရဲမေတွေ စစ်သားမိသားစုတွေဖြစ်နေတယ်။ ရှင်တို့ဆီမှာရော ငလျင်မလှုပ်ဘူးလား မပျက်စီးဘူးလား မေးကြည့်လိုက်တော့ . သူတို့ တပ်ထဲမှာလည်း လှုပ်တယ်. လိုင်းခန်းတွေပြိုကျတယ်၊ ပျက်တယ်ပေါ့. အော်.လို့ ပြောလိုက်မိတယ်. ကိုယ့်တပ်ထဲကဟာ ကိုယ်. အရင် မပြင်ရဘဲ ဒီကို လာပြီး လုပ်ပေးနေရပါလားလို့ တွေးမိလိုက်တယ်။ နောက်နေ့မှာ မိုးကုတ်မြို့က ကြက်ခြေနီအဖွဲ့ကလဲ ကိုယ့်ထမင်း ကိုယ်စားပြီး ရောက်လာပါတယ်။
ဒုသမ္မတကြီးနဲ့ တိုင်းမှူးတို့ လာပြီး ဘာတွေလိုအပ်လဲ၊ ဘာတွေလုပ်ပေးရမလဲ စသည်ဖြင့်ပေါ့. မေးကြ မြန်းကြနဲ့ .နေစရာအိမ်ပျက်သွားတဲ့လူတွေ. စားဖို့သောက်ဖို့ အခက်အခဲဖြစ်သွားတဲ့ လူတွေကို မြို့အထွက်နား ဘုန်းကြီးကျောင်းနားမှာ နေစရာ. စားစရာတွေ စီစဉ်ပေးပါတယ်။ ငလျင်လှုပ်ပြီးပြီးချင်း ချက်ချင်းရောက်လာတဲ့အတွက် မျက်နှာငယ်လေးတွေနဲ့ ဖြစ်နေရတဲ့ ကျွန်မတို့ မြို့သူမြို့သားတွေ အားလုံး အားတက်ရ . ဝမ်းသာရပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ကျွန်မတို့တသက်မှာ ဒီလိုမျိုး တစ်ကြိမ်မှ မကြုံဖူး မဆုံဖူးကြတော့ အားလုံးကလည်း ကြောက်နေကြတဲ့အချိန်ပါ. ပြောရရင် အခုအချိန်ထိကို ရင်ထဲမှာ စိုးရိမ်စိတ်လေးတော့ ရှိနေတုန်းပဲ.
နောက် နိုင်ဝင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတကြီး နဲ့ ကာချုပ်ကြီးတို့ ကိုယ်တိုင် နှစ်ယောက်အတူ ရောက်လာခဲ့ပါတယ်. ကျွန်မဖြင့် ယုံတောင် မယုံချင်ဘူး. ကိုယ်တိုင် ကိုယ်ကျ တွေ့ရမှပဲ ယုံရတော့တယ်. ပျော်လိုက်တာ. အားလည်းတက်မိပါတယ်. ကျွန်မတို့တမြို့လုံးဆိုရင် သူတို့ကို ကြိုဆိုဖို့ ဘယ်သူမှ မတိုက်တွန်း မဆော်သြော်ဘဲနဲ့ကို တမြို့လုံး အုံ့အော်သောင်းနင်းကို ဖြစ်နေတော့တာပဲ . တကယ်ဒုက္ခရောက်နေတဲ့ နေရာက လူတွေဆီကို တကယ်ရောက်အောင်လာတဲ့အတွက် ကျွန်မတို့ NLD ပါတီဝင်တွေ ကိုယ်တိုင်တောင် ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ ကြိုဆိုနေမိပါတော့တယ်. အရင်တုန်းကဆိုရင် သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ကို လေဆိပ်တို့ အခမ်းအနားတို့မှာသာ နှစ်ယောက်အတူတွဲပြီး တီဗွီထဲမှာ တွေ့ဖူးတာပါ. အခုလို ကိုယ့်ပြည်သူလူထုတွေ ဒုက္ခရောက်တဲ့အချိန်မှာ နှစ်ယောက်အတူတွဲပြီး တွေ့လိုက် ရတော့ ရင်ထဲမှာ တော်တော်လေးကို ပီတိဖြစ်မိပါတယ်. ငါတို့ကို တော်တော်ချစ်ပါလား၊ အလေးအနက် ထားပါလားဆိုတာကို ရင်ထဲမှာ ကျေနပ်နေမိပါတယ်။ ငလျင်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ သူတွေကို အားပေးနေတာတွေ ပြုစုစောင့်ရှောက် နွေးထွေးကြင်နာနေတာတွေကို မြင်ရတာ ရင်ထဲမှာ ဖော်ပြလို့ မရအောင်ကို ကြည်နူးနေခဲ့ရပါတယ်။
ကာချုပ်ကြီးနဲ့ စစ်သားတွေကို ကျေးဇူးတင်သလို ပြည်သူ့ရဲ၊ ကြက်ခြေနီ၊ မီးသတ်တို့ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဒီအချိန်မှာ ကျွန်မ သတိထားမိတာတစ်ခုရှိတယ်။ အဲဒါဘာလဲ ဆိုတော့ အရင် တုန်းက လူကြီးတွေလာမယ်ဆိုရင် ကျွန်မတို့မြို့ကလူတွေ မြို့တော်ခန်းမကို သွားရတယ်. စောင့်နေရတယ်. သူတို့တွေ ပြောတာပဲ နားထောင်ပြီး ပြန်လာရတယ်၊ အခုတော့ ဒီလိုမဟုတ်တော့ဘူး ခေတ်ကာလ အခြေ အနေရ ပြောင်းလဲသွားပါပြီ။ အခု ကျွန်မတို့မြို့ သပိတ်ကျင်းကို နိုင်ငံတော်သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ လာမယ်ဆိုတော့ မြို့ကလူတွေ အကုန်လုံးက ဘယ်သူကမှ မစေခိုင်းဘဲနဲ့ လမ်းမပေါ်မှာထွက်ပြီး ကြိုဆို နေကြတယ်။ ကျွန်မတို့ NLD ပါတီဝင်တွေဆိုရင်လည်း ကိုယ့်ပါတီက လူကြီးတွေလာတာ မဟုတ်တာ တောင် ကိုယ့်ပါတီအလံကို ဝှေ့ရမ်းပြီးကြိုဆိုနေကြပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း ရင်ထဲက လှိုက်လှိုက် လှဲလှဲနဲ့ကို ပါတီအလံဝှေ့ရမ်းပြီး သမ္မတကြီးနဲ့ ကာချုပ်ကြီးကို ကြိုဆိုနေမိပါတော့တယ်။
ဒီခရီးစဉ်ကို ကျွန်မတို့မြို့က နိုင်ငံရေးပါတီတွေဖြစ်တဲ့ NLD တို့၊ တစညတို့၊ ပြည်ခိုင်ဖြိုးတို့          စတဲ့ပါတီကလူတွေ အကုန်လုံးက အလံတွေဝှေ့ရမ်းပြီး ကြိုဆိုတာကို တွေ့ရပါတယ်။ ကျွန်မအထင် ကျွန်မတို့ ပါတီကလူတွေ NLD ပါတီအလံဝှေ့ရမ်းပြီး ကိုယ့်ပါတီက မဟုတ်တဲ့သူတွေကို ကြိုဆိုတာ ဒါ.ပထမဦးဆုံး ဖြစ်မယ်လို့ထင်ပါတယ်။ အရင်တုန်းကဆိုရင် ကျွန်မတို့ပါတီဝင်တွေကို သူပုန်လိုလို ဘာလိုလို သတ်မှတ်ပြီး မျက်စိဒေါက်ထောက် ကြည့်နေကြတာ.ဘယ်မှလည်း လွတ်လွတ်လပ်လပ်သွားလို့ မရ၊ လုပ်လို့မရနဲ့ နေခဲ့ကြရတာပါ။ အခုတော့ ဒီလိုမဟုတ်တော့ဘဲ သမ္မတကြီးတို့ ကာချုပ်ကြီးတို့ကိုယ်တိုင် ကျွန်မတို့ကို ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ဆက်ဆံခံလိုက်ရတော့ ရင်ထဲမှာ ပြောမပြတတ်အောင်ပါပဲ. သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ရဲ့ အားပေးနှစ်သိမ့်အပြုံးတွေဟာ ပါတီစွဲ၊ ဂိုဏ်းဂဏစွဲ မရှိဘူးဆိုတာ ကျွန်မ ရင်ထဲမှာ ရဲရဲကြီး ယုံကြည်သွားစေပြီး ကျွန်မတို့ ပြည်သူတွေ၊ ငလျင်ဒုက္ခသည်တွေအတွက် အားဆေးကြီးတစ်ခွက်ပါပဲရှင်. ဒီကရှေ့လည်း သမ္မတကြီးနဲ့ ကာချုပ်ကြီးတို့ လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ပြီး တိုင်းပြည်အကျိုး၊ ပြည်သူတွေအကျိုးကို ဆထက်တံပိုးတိုးပြီး ထမ်းဆောင်နိုင်ပါစေလို့ ရင်ထဲက ပြောနေမိပါတော့တယ်။
ဒါနဲ့ဘဲ တစ်ဆက်ထဲ ကျွန်မပြောချင်တာက ကျမတို့ ပြည်သူတွေ ဒုက္ခရောက်ခဲ့တဲ့ အချိန်မှာ ဘယ်သူတွေ ဘာတွေကူညီခဲ့ကြလဲဆိုတာ Sky Net နဲ့ မြ၀တီရုပ်သံတို့ကနေ ကျွန်မတို့ဒေသရဲ့ အဖြစ် မှန်အခြေအနေတွေကိုလဲ အမြဲပြသနေတဲ့အတွက် သိနေရပါတယ်။ ငလျင်လှုပ်ပြီး နေ့မကူးခဲ့ဘဲ နိုင်ငံတော် အကြီးအကဲတွေ၊ စစ်သားတွေ၊ ရဲတွေ၊ ကြက်ခြေနီတွေ၊ မီးသတ်တွေ ရောက်လာတယ်။ NLD ဥက္ကဋ္ဌကြီး ဒေါ်အောင်ဆန်းစုကြည်ကလဲ အိန္ဒိယကို ခရီးမသွားခင်လေးမှာဘဲ NLD ပါတီအနေနဲ့ သိန်း ၁၀၀ လှူသွား တယ်။ ပြည်သူအကျိုး ဆောင်ရွက်နေပါတယ်ဆိုတဲ့ ၈၈ အဖွဲ့က ကိုမင်းကိုနိုင်တို့ကတော့ ခရီးသွားတောင် မပျက်ပါဘူး။ ကျွန်မတို့ ဒေသကို လည်တချက်လေးမှ စောင်းငှဲ့လေ့လာတာမရှိပါဘူး။ ၈၈ တို့ ဗသကတို့ ကတော့ တကယ်လိုအပ်တဲ့ နေရာတွေမှာ အကူအညီပေးတာတွေမလုပ်ဘဲ သူတို့နာမည်ရမဲ့ သူတို့အတွက် အကျိုးရှိမဲ့ လက်ပန်းတောင်းတောင်စီမံကိန်းလို နေရာတွေ မိုးထိမိုးမိဆန္ဒပြတဲ့သူတွေကို မြှောက်ပေး၊ တိုင်းပြည်ပျက်စီးရာပျက်စီးကြောင်းလုပ်ပေးနေရတာနဲ့ဘဲ အလုပ်ရှုပ်နေပါတယ်။ မြန်မာပြည်သူတွေအတွက် ဆိုပြီးဖွဲ့စည်းထားတယ်ဆိုတဲ့ ဘာကွန်ရက်၊ ညာကွန်ရက်နဲ့ ကျောင်းပေါင်းစုံက သမဂ္ဂပေါင်းစုံကလဲ သတင်း မေးဖော်လေးတောင်မရပါဘူး။ လက်ပန်းတောင်းတောင်မှာ တစ်နေ့ ၅၀၀၀ ယူပြီးထိုင်နေမဲ့အစား ကျွန်မတို့ လို ငလျင်ဒဏ်ခံထားရတဲ့ဒေသမှ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို လာကူညီရင် ကျွန်မတို့ နိုင်ငံအတွက် တော်တော်လေးကောင်းမယ်လို့ ထင်ပါတယ်။
အခုတော့ ကျွန်မတို့ ဘယ်သူတွေက တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်၊ ဘယ်သူတွေက ကိုယ့်အတွက်အလုပ်လုပ်နေတယ်ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီ။

No comments:

Post a Comment