Tuesday, November 20, 2012

နယ်စပ်ကုန်သွယ်ရေး တရားဝင်ထက် တရားမဝင်က ပိုများ


ရန်ကုန် မဇ္ဈိမ ။       ။ တရားမဝင် ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်မှုများ သိသာစွာ တိုးတက်မှု မရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။

မူဆယ် ကုန်သည်များအသင်း၌ ပြုလုပ်သည့် တရားမဝင် ရောင်းဝယ်မှု လျော့နည်း ပပျောက်ရေး ညှိနှိုင်း အစည်းအဝေးတွင် ဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီး တဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။


“၂ဝ၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ဇူလိုင်လကုန် အထိ ၄ လ အတွင်း မြဝတီနယ်စပ်ကုန်သွယ်ရေး စခန်းရဲ့ သွင်းကုန် တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၆ သန်းဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ဖော်ပြထားတဲ့ စာရင်းအရ ပို့ကုန်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ သန်း ၅၂ဝ ဖြစ်နေခဲ့ပါတယ်။ ဒီနှစ်ခုရဲ့ ကွာခြားချက် အမေရိကန် ဒေါ်လာ ၄၈၄ သန်းဟာ တရားမဝင် တင်သွင်းပါ။ တရားမဝင် လမ်းကြောင်းက သွားနေခြင်းက တရားဝင် လမ်းကြောင်းထက် ၁၄ ဆ ကျော် တင်သွင်းမှု ရှိနေပါတယ်” ဟု ထိုအရာရှိက ဆိုသည်။

ယခင်က တင်ပို့ခွင့်မရှိသော ဆန်၊ နှမ်းနီ၊ နှမ်းနက်၊ ဆန်ကွဲများ တင်ပို့ခွင့်များနှင့် မော်တော်ယာဉ် အမျိုးမျိုးနှင့် အပိုပစ္စည်း တင်သွင်းခွင့်ပြုခြင်းကို ယခင်နှစ်က စတင် ဖြေလျှော့ပေးခဲ့သော်လည်း ကုန်သွယ်မှုပမာဏ သိသာစွာ တိုးတက်မှု မရှိခဲ့ဟု ဆိုသည်။

“တရားမဝင် ကုန်သွယ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို အသုံးချပြီး သူတို့တွေရဲ့ ထုတ်ကုန်သစ်
တွေကို လက်တည့်စမ်းသပ်တာမျိုး၊ ဘေးဥပါဒ် ဖြစ်စေနိုင်တဲ့ အစားအသောက်တွေ ရောင်းချတာမျိုးတွေ၊ အရင်း နည်းနည်းနဲ့ အမြတ်အစွန်းများတဲ့ ကုန်တွေကို အမြန်ထုတ်လုပ် ရောင်းချတာမျိုးတွေလည်း ရှိခဲ့ပါတယ်” ဟု မူဆယ် - နမ်းခမ်း ကုန်သည်များအသင်းက တာဝန်ရှိသူ တဦးက ပြောသည်။

၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အတွင်း နယ်စပ်စခန်းများအလိုက် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာဖြင့် မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်စခန်းမှ ၂၇၆၈.၈၈ သန်း၊ လွယ်ဂျယ်စခန်းမှ ၃.၄၆၉ သန်း၊ ချင်းရွှေဟော်စခန်းမှ ၇၃.၃၁ဝ သန်း၊ ကန်ပိုက်တီးစခန်းမှ ၁၃၆.၂၆ဝ သန်း၊ မြန်မာ-ထိုင်း နယ်စပ်တွင် တာချီလိတ်စခန်းမှ ၄၅.၈၇၈ သန်း၊ မြဝတီစခန်းမှ ၂၄.၅၂၅ သန်း၊ ကော့သောင်းစခန်းမှ ၁၂၁.၉ဝ၉ သန်းနှင့် မြိတ်စခန်းမှ ၁၃၄.၉၉၂ သန်းဖိုး ရှိခဲ့သည်။

ထိုကာလ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် စစ်တွေစခန်းမှ အမေရိကန်ဒေါ်လာ ၁၅.၃၃၆ သန်း၊ မောင်တော စခန်းမှ ၈.၅၂၄သန်း၊ မြန်မာ-အိန္ဒိယ နယ်စပ်တွင် တမူးစခန်းမှ ၇.၁၇ဝသန်း၊ ရိဒ်ခေါဒါစခန်းမှ ၈.၂၃၉ သန်းဖိုးတို့ ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment