Friday, November 16, 2012

ရိုက်နှက်ထိုးကြိတ်ခံ ရခိုင်လူငယ်၂ဦးကိစ္စ ပြည်ထဲရေး ၀န်ကြီးဌာနမှ စစ်ဆေး

ခဲ့သော နိုဝင်္ဘာလ ၁၀ရက်နေ့က ရန်ကုန်တိုင်း တာမွေရဲစခန်းတွင် ရခိုင်လူငယ်၂ဦးအား ဥပဒေမဲ့ ရိုက်နှက် ထိုးကြိတ်ခံ ရခြင်းနှင့် ပတ်သက်ပြီး ယခုအခါတွင် ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်း စစ်ဆေးရေး အဖွဲ့ ဖွဲ့ကာ စစ်ဆေးမှု များ ပြုလုပ်နေကြောင်း သိရသည်။

၎င်းအဖွဲ့မှ ရခိုင်လူငယ်၂ဦးဖြစ်သူ ကိုအောင်နိုင်နှင့် ကိုနေအောင်ထွန်းတို့အား ယမန်နေ့ (နိုဝင်္ဘာလ ၁၄ ရက်) က ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကိုအောင်နိုင်က ပြောသည်။
“ ပြည်ထဲရေးဝန်ကြီးဌာနက ကိုယ်တိုင် အဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးတာပါ။ ကျနော်တို့ ၂ယောက်ရယ်၊ လဖက် ရည်ဆိုင်ပိုင်ရှင်၊ ပြီးတော့ ကျနော်တို့ကို ထိုးကြိတ်တဲ့ ဒု-ရဲအုပ် ဦးကျော်ဇော်ဝင်း အပါအ၀င် တခြား ရဲတပ်သား တွေကိုပါ စစ်ဆေးမှုတွေ ပြုလုပ်နေပါပြီ။ အဲဒီအဖွဲ့ ရဲအရာရှိတွေက ပြောပါတယ်။ ညီလေးတို့ ဘာမှ ချန်ထား စရာ အားနာစရာမလိုဘူး။ အမှန်ကိုအမှန်အတိုင်းပြော သူတို့အနေနဲ့လည်း အမှန်တရားအတွက် အရေးယူ ဆောင်ရွက်သွားမယ်လို့ပြောပါတယ်။ ကျနော်တို့ ရိုက်နှက်ထိုးကြိတ်ခံရတဲ့ သတင်းဟာ အင်တာနတ် ပေါ်မှာ တက်လာတဲ့ အတွက် အခုလို အထက်လူကြီးတွေက လုပ်ခိုင်းတာလို့ ပြောပါတယ်။ ပြီးတော့ ကျနော်တို့  ကို ရန်ကုန်မှာ ဘာတွေ လုပ်နေတယ် ဆိုတဲ့အကြောင်းနဲ့ ဖြစ်တဲ့နေ့က ကျနော်တို့ ဘောလုံးပွဲကြည့် ဖို့ အတွက် အိမ်ကနေ ထွက်လာတာကနေ ဘာတွေ ဖြစ်တယ်ဆိုတာကို အသေစိတ် မေးမြန်းစစ်ဆေးပါတယ်။ ဆေးမှတ်တမ်း တွေကိုလည်း ယူသွားပါတယ်” ဟု ဆိုသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ရဲမှူးဦးဘထွန်း၊ ဒု-ရဲအုပ် ဦးစိုနောင်နှင့် ဒု-ရဲအုပ် ဦးသန်းထွန်းတို့ဖြစ်ပြီး ၎င်းတို့အား ပြည်ထဲရေး ၀န်ကြီးဌာနမှ စုံစမ်း စစ်ဆေးရန် တာဝန် ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြည်ထဲရေး ၀န်ကြီးဌာနမှ စစ်ဆေးမူ မစတင်မှီ ရခိုင်လူငယ် ၂ဦးအား နိုဝင်္ဘာလ ၁၂ရက်နေ့က တာမွေ ရဲစခန်းသို့ ဖုန်းဆက် ခေါ်ယူပြီး တာမွေမြို့နယ်မှူး ဦးကျော်ကျော်အောင်၊ စခန်းမှူးဦးအောင်ကျော်၊ ဒု-ရဲအုပ် ဦးကျော်ဇော်ဝင်းတို့မှ တောင်းပန်ခဲ့ကြောင်း ကိုအောင်နိုင်က ဆက်ပြောသည်။
“ အခုလို ကျနော်တို့ကို တောင်းပန်တယ်ဆိုတော့ ကျနော်တို့ကလည်း လူသားချင်း စာနာတဲ့ အနေနဲ့ ခွင့်လွှတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ပြောပါတယ်။ ဒါကို တရားဝင် လူသိရှင်ကြား လုပ်ပေးရမယ်လို့ ပြောတော့ သူတို့ လက်ခံပါတယ်။ ကျနော်တို့နဲ့ အတူ နိုင်ငံရေးအကျဉ်းသားဟောင်း ကူညီစောင့်ရှောက်ရေး အဖွဲ့က အဖွဲ့ဝင်၂ဦးပါ လာပါတယ်။ သူတို့ရှေ့မှာလည်း တောင်းပန်ပါတယ်။ ဓာတ်ပုံတွေ မှတ်တမ်းတွေကို လည်း ကျနော်တို့ သိမ်းထားလိုက်ပါတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး စစ်ဆေးသည့် အပေါ်မှာလည်း ကိုအောင်နိုင်က သူ့အမြင်ကို ပြောပြသည်။
“ အစိုးရ တာဝန် ရှိသူတွေ အနေနဲ့ ကျနော်တို့ ရိုက်နက်ခံရတဲ့ သတင်း မီဒီယာမှာ တက်လာတော့ သူတို့အတွက် အရှက်ရစရာ တခုဖြစ်သွား တယ်လို့ ကျနော်ထင်တယ်။ ပြီးတော့ အခုလို ဥပဒေနဲ့ အညီ ဆောင်ရွက်တာဟာ မြန်မာနိုင်ငံရဲ့  ပြုပြင် ပြောင်းလဲ ရေးကာလမှာ မရှိမဖြစ် လိုအပ်တဲ့ ကိစ္စလည်း ဖြစ်တယ်လို့ မြင်ပါတယ်။ သူတို့ အနေနဲ့ ခုလို  Reform လုပ်တဲ့ ကာလမှာ ခုလို အရေးယူဆောင်ရွက်တာက ကောင်းမွန်တဲ့ ကဏ္ဍတခုလို့ ကျနော် မြင်တယ်။ ရှင်းရှင်း ပြောရရင် အခုလို ပြုပြင် ပြောင်းလဲမှုတွေလုပ်တဲ့ ကာလမှာ ခုလို မတရားမူတွေကို အရေးယူဖို့ လုပ်ဆောင်တဲ့ အတွက် ကျနော်တို့ တကယ့်ကို အားကိုးမိပါတယ်” ဟု ဆိုသည်။

နိရဉ္စရာ - သတင်းဌာန



No comments:

Post a Comment