Saturday, November 3, 2012

ကိုရီးယား သင်ခန်းစာ

နိုင်ငံကို တစ်ဟုန်ထိုး ဖွံ့ဖြိုးလာအောင် မျိုးဆက်တစ်ဆက် အတွင်း တွန်းတင် နိုင်ကြောင်း ပြသခဲ့သလို မြန်ဆန်လှသည့် နှုန်းဖြင့် နှစ်ကာလ ရှည်လျားစွာ တိုးတက်ခဲ့သည့် တောင်ကိုရီးယား သည် မြန်မာနိုင်ငံ လေ့လာသင်ယူ သင်ခန်းစာ ရယူသင့်ဆုံး နိုင်ငံများအနက်မှ တစ်နိုင်ငံ ဖြစ်သည်။

၁၉၆ဝ ပြည့်နှစ်က တောင်ကိုရီးယားသည် သာမန်ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ သာဖြစ်ပြီး မြန်မာနိုင်ငံနှင့် မတိမ်းမယိမ်း အခြေအနေ တွင်ရှိသည်။ သို့သော် ထိုနှစ်နောက်ပိုင်း နှစ်များတွင် တောင်ကိုရီးယား သည် ဆက်တိုက် ဆိုသလိုပင် ဖွံ့ဖြိုးတိုးတက်မှု နှုန်း တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကျော် ဖြင့် နှစ် လေးဆယ်ကျော် အရှိန်မြန်မြန် တိုးတက်ခဲ့ သောကြောင့် မြန်မာနိုင်ငံကို အပြတ်အသတ် နောက်တွင် ချန်ထားခဲ့ ရုံမက ယခင်သူတို့ရှေ့နား ခပ်လှမ်းလှမ်း ရောက်နေခဲ့သည့် အာဂျင် တီးနား ကဲ့သို့ ကြွယ်ဝသည့် နိုင်ငံများကိုပင် ကျော်တက်သွားခဲ့သည်။ တောင်ကိုရီးယား၏ တစ်ဦးချင်း ဝင်ငွေသည် ၁၉၆၁ တွင် အမေရိကန် ပြည်ထောင်စု တစ်ဦးချင်း ဝင်ငွေ၏ ဆယ်ပုံတစ်ပုံခန့် (၁၁ ရာခိုင်နှုန်း) သာရှိရာမှ ၁၉၉၅ တွင် ထက်ဝက်ခန့် (၄၉ ရာခိုင်နှုန်း) သို့ရောက်ရှိသည်။

တောင်ကိုရီးယားသည် ယနေ့ကမ္ဘာတွင် ဆယ့်ငါးနိုင်ငံ မြောက် အကြီးမားဆုံး စီးပွားရေးဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးတွင် အဓိကဇာတ် ကောင်တစ်ကောင် ဖြစ်သလို နယ်ပယ်စုံတွင် အောင်မြင်နေသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် နှင့် မြန်မာအခေါ် ဂဏန်းစတိုင် ကမ္ဘာကျော် အကပညာရှင် တို့ အတူတွဲကာ ဂဏန်း စတိုင်ဖြင့် (Gangnam Style) ဓာတ်ပုံ အရိုက်ခံ နေကြသည်ကို မြင်သူတိုင်း ကိုရီးယားတို့၏ လက်ရှိ အရှိန်အဝါကို အကဲခတ်နိုင်သည်။ နှစ်ယောက်စလုံး တောင်ကိုရီးယားမှ။

မြန်မာနိုင်ငံမှ ဦးသန့်သည် ၁၉၆ဝ နှစ် များက ပထမဦးဆုံး အာရှတိုက်သား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ် ဖြစ်ခဲ့သည်။ တောင်ကိုရီးယား ဘောလုံးအသင်းသည် အာရှတိုက် ၏ အအောင်မြင် ဆုံးအသင်းဖြစ်ပြီး Manchester United ရောက် တောင်ကိုရီးယား ဘောလုံးသမား Park Ji SUNG သည် ကမ္ဘာ့ ထိပ်တန်း ဘောလုံးသမား ဖြစ်သည်။ တောင်ကိုရီးယားနှင့် မြန်မာ ဘောလုံးအသင်း တို့သည် ၁၉၆ဝ လောက်တွင် မတိမ်းမယိမ်း၊ အာရှ ထိပ်တန်း အသင်းများ။

ယခုအချိန်တွင် တောင်ကိုရီးယား က ကမ္ဘာ့ အဆင့်သို့ လှမ်းကြည့် နေချိန်တွင် မြန်မာမှာ အရှေ့တောင်အာရှ အဆင့်ကို ပြန်လည် တက်လှမ်းဖို့ပင် အားထုတ်နေရသည်။ တီထွင် နိုင်စွမ်းတွင် ကမ္ဘာတွင်ပင် ပြိုင်စံရှားသည့် Apple ၏ ဈေးကွက်ဝေစု ကို လုယူ လာသည်မှာ တောင်ကိုရီးယား Samsung၊ Apple နှင့် Samsung တို့ ကိုယ့်နည်းပညာ သူယူသည်ဟု အပြန်အလှန် တရားစွဲ ကြပြီး ဂျပန်တွင် Samsung နိုင်ကာ အမေရိကန်တွင် Apple နိုင် သည်။ ကိုရီးယား ဇာတ်လမ်းတွဲများ၊ ကိုရီးယား ဂီတ ဗီဒီယိုများမှ တစ်ဆင့် ကိုရီးယား ခေတ်ပေါ် ယဉ်ကျေးမှု ပျံ့နှံ့ပြီး ကိုရီးယားလှိုင်း ရိုက်လာသည်။

တောင်ကိုရီးယား သင်ခန်းစာကို စာအုပ်တစ်အုပ် ရေးမှသာ ခြုံငုံမိနိုင်မည် ဖြစ်သောကြောင့် ယခုဆောင်းပါးတွင် သင်ခန်းစာ သုံးရပ် ကိုသာ မီးမောင်းထိုး ပြလိုသည်။

နိုင်ငံရေးအထက်က စီးပွားရေး

မြောက်ကိုရီးယားနှင့် ခွဲပြီးစကာလ သမ္မတ ဆင်မန်ရီး လက်ထက်တွင် အစိုးရသည် နိုင်ငံရေး တွက်ချက်မှုများ၊ အာဏာ တည်မြဲရေး၊ ခြုံပြောရလျှင် နိုင်ငံရေးဖြင့်သာ အလုပ် များနေခဲ့ပြီး စီးပွားရေးကို လျစ်လျူရှု ထားခဲ့သောကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျပြီး ဆင်းရဲမှုမြင့်မားသည်။ ပတ်ချုံဟီး တက်လာပြီး နောက်ပိုင်းတွင်မှ စီးပွားရေးသည် ပထမဟု စီးပွားရေးတက်အောင် အာရုံစိုက် ဆောင်ရွက် သည့်အတွက် အရှိန်အဟုန်ဖြင့် တိုးတက်လာပြီး ပြုပြင်ပြောင်းလဲမှု တစ်ဆင့်ပြီး တစ်ဆင့် တက်နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၁ က စခဲ့သည့် ပြုပြင် ပြောင်းလဲရေး၏ ပထမ ဦးစားပေးမှာ နိုင်ငံရေးဖြစ်ကာ စီးပွားရေး ပြုပြင်ပြောင်းလဲရေး သည် ဒုတိယ ဦးစားပေးသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေ များအရ နိုင်ငံရေးကို ဦးစားပေးသည် ဟု ဆိုနိုင်သော်လည်း လူလေးယောက်လျှင် တစ်ယောက် ဆင်းရဲနေသည့် မြန်မာနိုင်ငံတွင် စီးပွားတက်ပြီး ဆင်းရဲ မွဲတေမှု ကျဆင်းမှသာ အောက်ခြေ ပြည်သူ တို့၊ နိုင်ငံရေးကို စိတ်မဝင်စားသူ ပြည်သူတို့ ပြုပြင် ပြောင်းလဲရေး၏ အရသာကို ခံစား သိရှိရမည်။ သို့မဟုတ်က ဘယ်လိုပြောင်းပြောင်း ဘဝကတော့ ဒုံရင်း ဖြစ်နေလျှင် ပြုပြင် ပြောင်းလဲရေးကို ဘာသိဘာသာ သဘောထားမည်။ ပြုပြင် ပြောင်းလဲရေးကို တွန်းပို့နိုင်မည့် စီးပွား ရေးနောက်ခံ မတည်ဆောက် နိုင်လျှင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး သည် စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေလိမ့်မည်။

တောင်ကိုရီးယား ကပေးသော သင်ခန်းစာ နံပါတ်တစ်မှာ “Economy Over Politics” “နိုင်ငံရေးအထက်က စီးပွားရေး” ဖြစ်သည်။

အလျင်လို

တောင်ကိုရီးယား နိုင်ငံ ဖွံ့ဖြိုးလာခြင်း၏ အဓိက အကြောင်းတစ်ရပ် မှာ “Sense of Urgency” ခေါ် “အလျင်လိုစိတ်” ကြောင့်ဖြစ်သည်။ တောင်ကိုရီးယား နိုင်ငံအဖြစ် စတင် ရပ်တည် ကတည်းက အမေရိကန် ပြည်ထောင်စု၏ အကူအညီ အထောက်အပံ့ များကို အားကိုးကာ ရှင်သန် ခဲ့ရသည်။ ထို့ပြင် ဂျပန် သိမ်းထားခဲ့သည့် ကိုရီးယား ကျွန်းဆွယ်ကို ဒုတိယ ကမ္ဘာစစ် အပြီးတွင် တောင်နှင့် မြောက်ကိုရီးယား အဖြစ် နှစ် ခြမ်း ခွဲလိုက်ပြီး ကတည်းက ကွန်မြူနစ် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် ပြိုင်ဘက်၊ ရန်သူဖြစ်လာသည်။

၁၉၅ဝ ကိုရီးယားစစ်ပွဲတွင် တောင်ကိုရီးယားသည် မြောက်ကိုရီးယားလက် အောက် ရောက်မလို ဖြစ်လိုက်ပြီးမှ အမေရိကန် ဦးဆောင်သော ကုလတပ်များ အကူအညီဖြင့် ပြန်လည် တွန်းလှန်နိုင်ခဲ့သည်။ ထို့ နောက်ပိုင်းတွင်လည်း မြောက်ကိုရီးယား အန္တရာယ်သည် အစဉ် အမြဲ တည်ရှိနေခဲ့ သောကြောင့် တောင်ကိုရီးယား နိုင်ငံသည် ရှင်သန် တည်တံ့နိုင်ရန် လက်ရှိ အခြေအနေမှ မြန်မြန်ကြီးပွား တိုးတက်မှ ဖြစ်မည့် အနေအထားသို့ ရောက်ရှိခဲ့သည်။ တောင်ကိုရီးယား မှီခို အားထား နေခဲ့ရသော အမေရိကန် ပြည်ထောင်စုမှ အကူအညီ အထောက်အပံ့ များသည် ၁၉၆ဝ ခန့်တွင် သိသာစွာ လျော့ကျ သွား ခဲ့သည့်အတွက် ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်ရန် နေ့ချင်းညချင်း လိုအပ်လာခဲ့သည်။ အခြားရွေးချယ်ရန် နည်းလမ်း မရှိသည့်အတွက် “ဇော” ဖြင့် ကြိုးစား အားထုတ် ခဲ့သောကြောင့် တောင်ကိုရီးယား နိုင်ငံ သည် တစ်ဟုန်ထိုး ကြီးပွားတိုးတက် လာခဲ့ပြီး ကမ္ဘာ့ အလယ်တွင် တင့်တယ် လာခဲ့သည်။

မြန်မာနိုင်ငံတွင် တောင်ကိုရီးယား ကဲ့သို့ လက်ညှိုး ထိုးပြစရာ ရန်သူ မားမားမတ်မတ် မရှိသော်လည်း ကမ္ဘာ့လူဦးရေ အများဆုံး၊ အင်အားကြီး နိုင်ငံလောင်းလျာ နိုင်ငံများ၊ လူဦးရေ အထူထပ်ဆုံး နိုင်ငံများ ပတ်လည် ဝိုင်းနေသောကြောင့် စီးပွားရေး၊ ပညာရေး၊ တောင့်တင်းမှသာ ရှင်သန်နိုင်မည်။ ယနေ့ခေတ်သည် နယ်မြေ ကိုစစ်တိုက် သိမ်းယူသည့်ခေတ် မဟုတ်တော့ သောကြောင့် စီးပွားရေး၊ ပညာရေး ယိုင်နဲ့လျှင် အလိုလို ကိုလိုနီဘဝသို့ မသိလိုက် မသိဘာ သာ ရောက်သွားမည်။ ဒေသတွင်း အများတကာထက် နောက်ကျနေပြီ ဖြစ်သောကြောင့် အလျင်လိုစိတ်ဖြင့် အခြားသူတို့ထက် နှစ်ဆသုံးဆ ရုန်းနိုင်မှသာ အမီလိုက်နိုင်မည်။

အိမ်နီးချင်း နိုင်ငံများမှ ကုန်ပစ္စည်း များ လွတ်လပ်စွာ ဝင်ရောက်သလို မိမိကုန်ပစ္စည်းများ လွတ်လပ်စွာ ဝင်ရောက်နိုင်မည့် ၂ဝ၁၅၊ ၂ဝ၁၆ လွတ်လပ်စွာ ကုန်သွယ်ကာလ များ လည်း အတော်နီးကပ် နေပြီ။ “မရှိလို့လုပ်စား၊ ဖြည်းဖြည်းပေါ့” ဆိုသော ဟာသ လုပ်သလိုလိုဖြင့် စွဲမြဲနေသည့် အကျင့်၊ “အလျင်လိုစိတ်” ၏ ရန်သူတို့ကို ဖျောက်ဖျက်ပစ်ရမည်။ နိုင်ငံတကာ၏ အာရုံသည် ယနေ့ မြန်မာနိုင်ငံပေါ်တွင် ရောက်နေသော်လည်း မနက်ဖြန်၊ သဘက်ခါဆိုလျှင် ရွှေ့သွားနိုင်သည်။ ထို့ကြောင့် သူတို့ စိတ်ရောက် နေတုန်း အမြန် အလုပ်လုပ်နိုင်မှ ဖြစ်မည်။ နိုင်ငံအတွက် နှစ်များများ မကျန်တော့။

ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ရေရှည်မြင်နိုင်စွမ်း

အကောင်းဆုံး သင်ခန်းစာ တစ်ရပ်မှာ တောင်ကိုရီးယားက သင်္ဘော တည်ဆောက်ရေး နယ်ပယ် သို့ တဖြည်းဖြည်းချင်း ဝင်ရောက်ရန် ၁၉၆ဝ ကျော်နှစ်များ လောက်တွင် ဆုံးဖြတ် လိုက်ခြင်းနှင့် ပတ်သက် သည်။ အခြားနိုင်ငံများ နှင့်ယှဉ်လျှင် တောင်ကိုရီးယား၏ “နှိုင်းရ အားသာချက်” (Comparative Advantage) ဖြစ်သည့် လယ်ယာ စိုက်ပျိုးရေး ထွက်ကုန် များကိုသာ အားကိုး တွယ်ဖက်ထားရန် တောင်ကိုရီးယား အစိုးရကို ကမ္ဘာ့ဘဏ်က တိုက်တွန်းသည်။ သို့သော် တောင်ကိုရီးယား က ကမ္ဘာ့ဘဏ်၏ အကြံကို လက်မခံ ဖီဆန်ကာ ယင်း၏သင်္ဘော တည်ဆောက်ရေး လုပ်ငန်းကို အထောက်အကူ ပြုမည့် စက်မှုလုပ်ငန်း များထွန်းကားစေရန် စက်မှု မူဝါဒ (Industrial Policy) ကို ချမှတ် အကောင်အထည် ဖော်သည်။ နှစ် ၃ဝ လောက်သာ ကြာလိုက်သည်။ ၁၉၉ဝ ကျော်နှစ် များတွင် တောင်ကိုရီးယားသည် သင်္ဘော တည်ဆောက်ရေးတွင် ကမ္ဘာ့ အင်အားကြီး ဖြစ်လာခဲ့သည်။ လယ်ယာ စိုက်ပျိုးရေးတွင် ထိုစဉ်က အားသာနေသည် မှန်သော်လည်း ရေရှည် တွင် စက်မှုနိုင်ငံဖြစ်မှ နိုင်ငံချမ်းသာ မည်ကို တောင်ကိုရီးယား တို့မြင်သောကြောင့် ကမ္ဘာ့ဘဏ်၏ အကြံကို ပယ်ချကာ ကိုယ့်လမ်း ကိုယ်ဖောက် ခဲ့ခြင်းဖြစ်သည်။ အထက်ပါ ကိုရီးယား သင်္ဘောလုပ်ငန်းမှ သင်ခန်းစာ အနည်း ဆုံး သုံးခု ရနိုင်သည်။

၁။ မြန်မာနိုင်ငံ သည်လည်း ဝင်လာမစဲ တသဲသဲ သော နိုင်ငံတကာ အဖွဲ့အစည်းကြီး များ၏ အကြံပေးချက် များကို သင့် သည် မသင့်သည် စဉ်းစားပြီးမှ ကိုယ်ပိုင် ဆုံးဖြတ်ချက် ချသင့်သည်။

၂။ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း မှီတင်း အသက်မွေး နေသောလယ်ယာ စိုက်ပျိုးရေး ကဏ္ဍကို တိုးတက် စေခြင်းသည် လူသန်းပေါင်း များစွာ ကို ဆင်းရဲတွင်းမှ လွတ်မြောက်စေမည် မှန်သော်လည်း ဝမ်းဝရုံသာ ဖြစ်စေနိုင်သည့် အတွက် ရေရှည်တွင်မူ စက်မှုနိုင်ငံ တည်ထောင်ခြင်း သည် အမှန်ကန်ဆုံး ဖြစ်နေဆဲပင်။

၃။ ခေါင်းဆောင်များ အနေဖြင့် ရှေ့သို့ ခပ်ဝေးဝေး မြင်နိုင်စွမ်း လိုအပ်သည်။

တောင်ကိုရီးယားသည် “အရှေ့အာရှ အံ့ဖွယ်” ဟု တင်စား ခံခဲ့ရ သည့် အရှေ့အာရှ တိုးတက်မှုကြီးတွင် အာရှကျား တစ်ကောင်အဖြစ် ထိပ်ဆုံးက ဦးဆောင်ခဲ့သည့် နိုင်ငံဖြစ်သည်။ တောင်ကိုရီးယား သင်ခန်းစာကို ကြေညက်လျှင် မြန်မာ့ ကြီးပွားတိုးတက်ရေး၊ မြန်မာ့ ထွက်ရပ်လမ်း အတွက် ကြီးမားသော အထောက်အကူ ရနိုင်သည်။
From -TheVoiceJournal

No comments:

Post a Comment