Wednesday, November 21, 2012

အလွှာပေါင်းစုံမှ ထင်ရှားသူများနှင့် အိုဘားမားသီးသန့်တွေ့ တပ်မတော်ချင်း ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံသူအချို့က အကြံပြု



ရန်ကုန်မြို့သို့ရောက်ရှိနေသော သမ္မတအိုဘားမားသည် ရန်ကုန်တက္ကသိုလ်၌ မိန့်ခွန်းမပြောကြားမီ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်းများ၊ ဘာသာရေး နယ်ပယ်မှ ပုဂ္ဂိုလ်များနှင့် သီးသန့်တွေ့ဆုံခဲ့သည်။

ထိုသို့ သီးသန့်တွေ့ဆုံရာတွင် သမ္မတက နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများကို တန်ဖိုးထားလေးစားပြီး ဒီမိုကရေစီဖြစ်စဉ်တွင် အရပ်ဘက်လူ့အဖွဲ့အစည်းများသည် လွန်စွာအရေးကြီးသည်ဟု ငါးမိနစ်ခန့် ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသူများက

တစ်ဦးချင်း မိမိပြောလိုသည်များကို ၂ မိနစ်ခန့် ပြောခွင့်ရခဲ့သည်ဟု အိုဘားမားနှင့် တွေ့ဆုံခဲ့သူများက ပြောသည်။


ရှမ်းအမျိုးသားခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးခွန်ထွန်းဦးက သမ္မတ အိုဘားမားနှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ စစ်မှန်သည့် ဖယ်ဒရယ်စနစ် ဖြစ်ထွန်းရန် ကြိုးစားပေးပါရန်နှင့် ထိုသို့ ဖက်ဒရယ်စနစ်ပေါ်ပေါက်ပါက သေနတ်သံများ ငြိမ်သက်သွားမည်ဟု အိုဘားမားကို ပြောကြားခဲ့သည်ဟု ဆိုသည်။


တွေ့ဆုံမှုတွင် သမ္မတနှင့် တွေ့ဆုံရသည့် အချိန်နည်းပါးသော်လည်း သမ္မတ၏ အထူးလက်ထောက်အကြံပေးပုဂ္ဂိုလ်နှင့် နိုဝင် ဘာ ၁၈ ရက်က အမေရိကန်ကလပ်တွင် တွေ့ဆုံခဲ့ရရာ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးတွင် တပ်မတော်၏ အခန်းကဏ္ဍလည်း အရေးပါသည့်အတွက် အမေရိကန်နှင့် မြန်မာတပ်မတော်ဆက်ဆံရေးတို့သည် အရေးပါသည်ဟု ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောကြားသည်။


ဗေဒါသင်တန်းကျောင်းမှ ကိုမျိုးရန်နောင်သိန်းကလည်း မြန်မာနိုင်ငံအစိုးရနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တပ်မတော်ကို ဒီမိုကရက်တစ်စနစ် လေ့ကျင့်ပေးနိုင်မည်ဟု ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။


သမ္မတအိုဘားမားနှင့် သီးသန့်တွေ့ဆုံမှုသို့ တက်ရောက်ခွင့်ရသူများမှာ သီတဂူဆရာတော် အရှင်ဉာဏိဿရ၊ ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးနှင့် ဦးမင်းကိုနိုင်၊ ကရင်အမျိုးသမီးအဖွဲ့မှ ဒေါ်ဆူဆန်နာ လှလှစိုး၊ ကချင် အမျိုးသမီးအဖွဲ့မှ ဒေါ်မေစံပယ်ဖြူ၊ အလုပ်သမားအရေးဦးဆောင်သူ ဦးမောင်မောင်၊ စားနပ်ရိက္ခာ လုံခြုံရေးအဖွဲ့မှ ဒေါက်တာ ဥမ္မာခိုင်၊ ဗေဒါနိုင်ငံရေးသင်တန်းကျောင်း တည်ထောင်သူ ကိုမျိုးရန်နောင်သိန်းစသည့် အလွှာစုံမှ ပုဂ္ဂိုလ်စုစုပေါင်း ၁၄ ဦးပါဝင်သည်။
from -7DayNewsJournal

1 comment:

  1. မှန်ပါတယ်ခင်ဗျာ
    မြန်မာ့တပ်မတော်ကို ပူးပေါင်းဆောင်ရွက်မှ (မြင်သာတဲ့စကားလုံးနဲ့ပြောရရင် "လူရာသွင်းမှ") မြန်မာ့ဒီမိုကရေစီ အောင်မြင်ပါလိမ့်မယ်။ တပ်မတော်အနေနဲ့ စစ်တန်းလျားပြန်သွားချိန်မှာ လူရာဝင်နေဦးမယ်ဆိုမှလည်း လွှတ်တော်ထဲက ထွက်ပေးမှာပေါ့။

    ReplyDelete