Google ကုမ္ပဏီ၌ သတင်း အချက်အလက် သည်သာ ဘုရင်ဧကန် အမှန်ဖြစ်သည်။ ယခုတော့ Google ကုမ္ပဏီက ဘုရင်မတွေ ဘယ်လိုမွေးရမလဲ ခေါင်းစားနေ ပါသည်။
စီလီကွန် တောင်ကြား တစ်ခုလုံး ဒုက္ခပေးနေသည့် ပြဿနာတစ်ခု ရှိသည်။ မိန်းမ ဝန်ထမ်းများ မည်သို့ စုဆောင်း မလဲ၊ မည်သို့ ထိန်းသိမ်းမလဲ ဆိုသည့် ပြဿနာဖြစ်သည်။ ဒါကို Google ကဖြေရှင်းပေး ချင်နေသည်။
ယခုလက်ရှိတွင် Google ၌ ဝန်ထမ်း ၃၄,၃ဝဝ ရှိသည့်အနက် သုံးပုံတစ်ပုံက မိန်းမများ ဖြစ်သည်။
အမှန်က Google သည် မိန်းမ ဝန်ထမ်းများ ပျော်ပိုက်ရာ နေရာတစ်ခု အဖြစ် နာမည်ကြီးသည်။ သို့သော် နည်းပညာ လော ကတွင် မိန်းမဝန်ထမ်း နည်းနေသေးတာကို ဘဝင်မကျနိုင်။ ထို့ကြောင့် Google က ဒီထက် အခြေအနေ ပိုကောင်း လာအောင် ဘယ်လိုလုပ်ယူလျှင် ရမလဲ စဉ်းစားနေခြင်း ဖြစ်သည်။
မိန်းမဝန်ထမ်းများက အင်တာဗျူး ပြုလုပ်စဉ်မှာပင် ထွက်ပြေးကုန်သည်။ ယောက်ျား ဝန်ထမ်းများလောက် ရာထူး အဆင့်မြင့်လာသည် ဆိုတာလည်း မရှိ။ ထိုကြောင့် မည်သည့် အချိန်ကာလမျိုးမှာ မိန်းမ ဝန်ထမ်းများ ကုမ္ပဏီမှ စွန့်ခွာထွက်သွား တတ်ကြသလဲ။ သူတို့ကို မည်သို့ ထိန်းထားရမလဲ ဆိုတာ ကုမ္ပဏီ လူကြီးများ ခေါင်းစားရသည့် ကိစ္စများ ဖြစ်လာသည်။ ထို့ကြောင့် သူတို့ အင်တာဗျူးမှာ မိန်းမသား ကုမ္ပဏီလူကြီး များကပဲ စစ်မေးရန်၊ ရက်ရှည် မီးဖွားခွင့်ပေးရန် စသည့် ကောင်းနိုးရာရာ နည်းလမ်းများ စီစဉ်ပေးလာကြရသည်။
သို့သော်လည်း ကုမ္ပဏီများတွင် လုပ်ကိုင်နေကြသည့် အဆင့်မြင့် မိန်းမဝန်ထမ်း များသည်ပင် အခြေ အနေ မကောင်း လှပေ။ ယမန်နှစ် ၂ဝ၁၁ ခုနှစ်တွင် လာရီပေ့ခ်ျက Google အမှုဆောင်ချုပ် ဖြစ်လာပြီး ကုမ္ပဏီကို ပြင်ဆင် ဖွဲ့စည်းသည်။ ဒီကတည်းက မိန်းမတွေကို ကုမ္ပဏီ အတွင်းစည်းမှ ဖယ်ရှားပစ်တာ၊ ပရိုမိုးရှင်း မပေးတော့ဘဲ မသိကျိုးကျွံ ပြုတာတွေ ရှိလာသည်။ သူတို့ထဲမှာ ပါသူတစ်ယောက်က မာရစ်ဇာ မေယာ ပေါ့။ Google မှာ ချောင်ပို့ခံရတော့ မစ်မေယာက ပြီးခဲ့သော လ ၂ဝ၁၂ ခုနှစ်၊ ဇူလိုင်က Yahoo မှာ အကောင် အဖြစ် ဖုတ်ဖက်ခါပြီး ပြောင်းရွှေ့သွားသည်။
“Google မှာ မိန်းမအုပ်စု ခေတ်ကောင်းတာ ရှိခဲ့ဖူးပါတယ်။ အခုတော့ ပြီးသွားပြီလေ”ဟု Google လူကြီးဟောင်း တစ်ဦး က ပြောသည်။
တကယ်တော့ စီလီကွန်တောင်ကြားက မိန်းမဝန်ထမ်းများကို အင်တင်တင် လုပ်သည့် ကိစ္စကြောင့် နာမည်ဆိုး ထွက်နေတာ ကြာပါပြီ။ မကြာခင်ကတော့ ဒီအကြောင်းက လူတိုင်း ပါးစပ်ဖျားသို့ ရောက်လာသည်။ အကြောင်းက Kleiner Perkins Caufield & Byers ဆိုသော ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ၏ အငယ်တန်း ပါတနာ အယ်လင်ပါအို က သူမ၏ အလုပ်ရှင်ကို လိင်ခွဲခြား ဆက်ဆံမှု အတွက် တရားစွဲ လိုက်သောကြောင့်ပင်။ Yahoo, IBM, Hewlett-Parkard, Xerox နှင့် Facebook တို့လို နည်းပညာ ကုမ္ပဏီတွေမှာ မိန်းမတွေ မည်မျှ အားကောင်း မောင်းသန် ဖြစ်နေပါစေ ထိုကိစ္စ (လိင်ခွဲခြားဆက်ဆံမှု)က သက်ဆိုးရှည် နေဆဲပင်။
မစ်မေယာ (ယခု ၃၇ နှစ်)က Google ၏ ပထမဆုံး မိန်းမအင်ဂျင်နီယာ ဖြစ်ပြီး Google ၏ စီးပွား အဖြစ်ဆုံး လုပ်ငန်း ခွဲဖြစ်သည့် “ရှာဖွေရေး”ကို နှစ်ပေါင်းများစွာ ဦးစီးလာသူပင်။ သို့သော် ၂ဝ၁ဝ ခုနှစ် တွင်Google မှ လူများက ရာထူးချခံရသည် ဟု သိကြသည့် နေရာတစ်ခု သို့ အပို့ခံရသည်။ ပြီးတော့ မစ္စတာပေ့ခ်ျက သူမကို သူ၏ အတွင်းလူ များနှင့်သာ ဖွဲ့စည်းထားသည့် အကြံပေးအဖွဲ့မှလည်း ဖယ်ရှားလိုက်ပြန်သည်။
ယခင် Google အမှုဆောင်ချုပ်ဟောင်း အဲရစ်အီးရှမစ် လက်ထက် က လူ ၁၅ ယောက်ပါသည့် ထိုအဖွဲ့မှာ မိန်းမ ၄ ယောက် ပါဝင်သည်။ မစ္စတာပေ့ခ်ျလက်ထက် တွင်တော့ လူ ၁၁ ယောက်နှင့်သာ ပြောင်းလဲဖွဲ့စည်း လိုက်သလို ပါဝင်သော မိန်းမအရေအတွက်ကလည်း တစ်ယောက်သာ ရှိတော့သည်။
မစ္စတာပေ့ခ်ျ လက်ထက်မှာ ထိုအဖွဲ့မှ အဖြုတ်ခံလိုက်ရသူ အခြား မိန်းမဝန်ထမ်းများက ရေချယ်လ် စက်စတုန်း နှင့် ရှိုနာဘရောင်းတို့ နှစ်ဦးဖြစ်သည်။ မစ်ဝက်စတုန်းက ဆက်သွယ်ရေး ကိစ္စရပ်များ ကြီးကြပ်ရသူ ဖြစ်သည်။ မစ်ဘရောင်းက ယခင်က လုပ်ငန်း လည်ပတ်ရေးကိစ္စများ ကြီးကြပ်ရကာ၊ ယခုတာဝန်က အရေးမပါသည့် တာဝန်တစ်ခု ဖြစ်သည့် Google.org ခေါ် ကုမ္ပဏီ၏ ပရဟိတ ဌာနခွဲကို ဦးဆောင်ရသည်။
ထိုအဖွဲ့တွင် တစ်ဦးတည်းသော မိန်းမလက်ကျန် ဖြစ်သည့် ဆူဆန်ဝု စစ်ကီက ကြော်ငြာများကို ကြီးကြပ်ရသူ ဖြစ်သည်။ လူအရွှေ့အပြောင်းမှာ ယောကျာ်း ဝန်ထမ်းများစွာလည်း နေရာပျောက် သွားကြရှာသည်။ Google ကုမ္ပဏီ ပြင်ဆင် ဖွဲ့စည်းမှု များ ပြုလုပ်ချိန်က ထုတ်ကုန်ပစ္စည်း စီမံရေး ယောကျာ်း ဒါရိုက်တာ တစ်ဦးက အလုပ်မှ နုတ်ထွက်သွားသည်။
ယမန်နှစ် သူကုမ္ပဏီကို ပြင်ဆင်ဖွဲ့စည်း စဉ်က ထုတ်ကုန်ပစ္စည်းဌာနကို ဦးဆောင်ရန် မစ္စတာပေ့ခ်ျခန့် ထားသူ ဝန်ထမ်း ၇ ဦး အနက် မိန်းမဆို၍ မစ်ဝုစစ်ကီသာ ပါသည်။
မစ္စတာပေ့ခ်ျ၏ စီမံခန့်ခွဲမှုပုံစံနှင့် Google ကုမ္ပဏီ၏ ပြင်ဆင်ဖွဲ့စည်းမှု များအကြောင်း အတွင်းသိ သိရှိသူများက မစ္စတာပေ့ခ်ျ၏ ဆုံးဖြတ်ချက်မှာ ယောကျာ်း မိန်းမ သီးသန့် စဉ်းစားတာ မရှိကြောင်း ပြောကြသည်။
“လာရီ(မစ္စတာပေ့ခ်ျ)က ထုတ်ကုန်ပစ္စည်းတွေ ပေါ်မှာပဲ အားစိုက်တာ။ ဒီထုတ်ကုန်ပစ္စည်းတွေ ကြီးကြပ်ခွင့်ရပြီး သူ့ကို တိုက်ရိုက် အစီရင်ခံရတဲ့ သူတွေက ယောကျာ်းတွေ ချည်းပဲ”ဟု Google တွင် ဝန်ထမ်းကိစ္စ ကိုင်တွယ်ရသူ တစ်ဦးက ပြောသည်။
ဒါပေမယ့် Google အကြီးတန်း အရာရှိတွေထဲမှာ မိန်းမများ မရှိ မဟုတ်။ ရှိတာမှ ခပ်များများကို ရှိသည်။ မာကက်တင်း ဒါရိုက်တာနှင့် ဝါရှင်တန် ရုံးခွဲတာဝန်ခံတို့က မိန်းမများပင်။ အဖွဲ့ဝင် ၁ဝ ဦးဖြင့် ဖွဲ့စည်း ထားသော Google ဘုတ်အဖွဲ့ တွင်လည်း ၃ ဦးက မိန်းမများ ဖြစ်သည်။
“ဒီမှာ အနေကြာပြီ ဆိုတော့လည်း ဒီနေရာဟာ မိန်းမတွေကို ဘယ်လောက်တောင် ကောင်းလာခဲ့တယ် ဆိုတာ သိနေ ပါတယ်”ဟု မစ်ဝုစစ်ကီက ပြောသည်။ မစ်ဝုစစ်ကီသည် Google ကုမ္ပဏီ တွဲဖက် တည်ထောင်သူ ဆာဂျီဘရင်း ၏ ခယ်မ ဖြစ်သည်။ “ကုမ္ပဏီ တည်ထောင်သူတွေက ဟိုးစောစောကတည်းက ဒါမွန်မြတ်တဲ့ အလုပ်ပဲလို့ သဘောပေါက် ခဲ့ကြပါတယ်”ဟု သူမက ပြောသည်။
သူမ အလုပ်ဝင်စဉ်က ကိုယ်ဝန်ကြီးနှင့် ဖြစ်သည်။ ထို့ကြောင့် ကုမ္ပဏီ တည်ထောင်သူတို့က ကလေးပြုစု စောင့်ရှောက်ရေး စရိတ်များ ထောက်ပံ့မည်ဟု ကတိပေးခဲ့ကြသည်။
ဒီလိုနှင့် ကလေးမွေးပြီး အစားအသောက် အပိုကြေး ဒေါ်လာ ၅ဝဝ ပံ့ပိုးခြင်း ကဲ့သို့ မိသားစု အထောက်အပံ့ ဖြစ်စေသည့် လုပ်ငန်းခွင် ရပိုင်ခွင့်များ စီစဉ်ပေးတာ အစဉ်အလာ ဖြစ်သွားသည်။ သားဦး မိခင်ဝန်ထမ်းများ အတွက် ခွင့် ၅ လအထိ သားဦး ဖခင်များအတွက် ခွင့် ၇ ပတ်အထိ ခွင့်ခံစားနိုင်သည်။ လုပ်ငန်းခွင်မှာ အဝတ်လျှော်စက်များ ထားပေးသဖြင့် မိန်းမဝန်ထမ်းများက အချို့အိမ်ဝေယျဝစ္စများ အလုပ်တက်ရင်း လုပ်သွား၍ ရသည်။
မစ်ဝုစစ်ကီလောက် နေရာပေး မခံရသည့် မိန်းမဝန်ထမ်းများကလည်း ရာထူးကြီးမိန်းမတွေ အလုပ်ကို စွန့်ခွာ ထွက်သွားကြတဲ့အခါ စိတ်မကောင်းစရာ ကောင်းပေမယ့် သူတို့ ကိုယ်နှိုက်ကတော့ ဘေးဖယ် ခံရတယ်လို့ မထင်ကြပေ။
“ခံစားရတဲ့အတိုင်း ပြောရရင် ဒီနေရာက မိန်းမတွေအတွက် အလွန် အဆင်ပြေနေတဲ့ တစ်ခုပါ။ အောက် ခြေပိုင်း မှာကတော့ ဒီပုံစံက အပြောင်းအလဲ မရှိသေးပါဘူး”ဟု မိန်းမ ဝန်ထမ်းတစ်ဦးက ပြောသည်။
သို့သော် Google ထိပ်ပိုင်းမှာ မိန်းမရှားပါးနေခြင်းက အင်ဂျင်နီယာ ပညာရပ် ရပ်ဝန်းဒေသ၏ ပူရိသတို့ ကြီးစိုးရာ သက်သက် ဖြစ်နေတတ်သည့် ဓလေ့သဘာဝကို ဖော်ညွှန်း နေသည်။ မစ္စတာပေ့ခ်ျက လုပ်ငန်း ခွင်ထဲတွင် သူ့လို ထုတ်ကုန်ပစ္စည်း လူသားတွေကိုသာ ကွက်၍ မျက်နှာသာ ပေးတတ်သည်။ အခြား နည်းပညာ ကုမ္ပဏီများ မှာလိုပင် Google မှ ထုတ်ကုန်ပစ္စည်း အင်ဂျင်နီယာ ဆိုသူများကလည်း ယောကျာ်းများသာ ဖြစ်နေတတ်သည်။
“ပြဿနာက လာရီက သူ့အပါးမှာ ရှိနေစေချင်တဲ့ သူတွေ ရွေးချယ်တဲ့နေရာက စတော့တာပဲ။ သူတို့က ဘယ်သူတွေလဲ ဆိုတော့ သူနဲ့ လုပ်ရကိုင်ရတာ အဆင်ပြေဆုံး ဖြစ်မယ့်သူတွေ။ သူက သူတို့တွေရဲ့ အင်ဂျင်နီယာ ပညာရပ်နောက်ခံ ကွန်ပျူတာ ဆိုင်းယင့်စ်ပညာရပ် နောက်ခံအားလုံး ခရေစေ့တွင်းကျ သိတယ်လေ”ဟု လုပ်သက်ရှည်ရှည် လုပ်ကိုင်ခဲ့သည့် အကြီးတန်း Google ဝန်ထမ်းဟောင်းကြီး တစ်ဦးက ပြောသည်။
အချို့ကလည်း ဒီလိုလုပ်တာကို မိန်းမတွေ ကျဆုံးခန်း မဟုတ်ဘဲ လုပ်ငန်းဆိုင်ရာ ကျဆုံးခန်းဟု မြင်ကြသည်။
မည်သို့ပင်ဆိုစေ မစ္စတာပေ့ခ်ျ၏ အတွင်းစည်းမှာ ယောကျာ်းများနှင့်သာ ဖြည့်စွက် လိုက်ခြင်းကြောင့် Google မှာ နောက်ဆက်တွဲ ပြဿနာများ ပေါ်ပေါက်လာစရာ ရှိနေသည်။
“မိန်းမ ခေါင်းဆောင်များ မွေးထုတ်ရေးဟာ တန်းတူညီမျှရေး ပြဿနာတစ်ခုတင် မဟုတ်ဘဲ၊ လူတွေကို အနည်းနှင့် အများ စိတ်ဘဝင် ကျသွားအောင် လုပ်ပေးနိုင်မယ့် ကိစ္စပါ”ဟု သုံးသပ်သူ တစ်ယောက် က ပြောသည်။ ထိုသုံးသပ်သူက Columbia University တွင် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင် နေကြသော ယောကျာ်းမိန်းမ အခြေအနေ ကို လေ့လာနေသူ ဖြစ်ပြီး Center for Talent Innovation ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။
တကယ်တော့ မိန်းမနည်းပညာ ကျွမ်းကျင်ပညာရှင် များကို ဆွဲဆောင်ရေး၊ ထိန်းထားရေး နှင့် ရာထူးတိုးမြှင့် ပေးရေးတို့လို အခက်အခဲ အကျပ်အတည်း တွေကြားတွင် ရောက်ရှိနေတာက Google ကုမ္ပဏီတစ်ခုတည်း မဟုတ်ပေ။ ၂ဝဝဝ ခုနှစ်နှင့် ၂ဝ၁၁ ခုနှစ် အတွင်း မိန်းမ ကွန်ပျူတာပညာရှင် အရေအတွက်က ၈ ရာခိုင်နှုန်း ကျဆင်းကာ စုစုပေါင်း ကွန်ပျူတာ ပညာရှင်များ၏ ၂၅ ရာခိုင်နှုန်းသာ ရှိတော့သည်။ ထိုကာလအတွင်း ယောက်ျား ကွန်ပျူတာ ပညာရှင်များက ၁၆ ရာခိုင်နှုန်း တိုးတက်လာသည်ဟု Bureau of Labor Statistics က ဆိုသည်။
နည်းပညာ ကုမ္ပဏီကြီးများရှိ မိန်းမ နည်းပညာဝန်ထမ်း ထက်ဝက်ကျော်က အလုပ်ကို စွန့်ခွာ ထွက်ပြေးကြပြီး နည်းပညာ အလုပ်အကိုင်များ လုပ်ကိုင်လျက်ရှိသူ မိန်းမထက်ဝက် ကလည်း နည်းပညာ အလုပ်အကိုင် မဟုတ်သည့် အခြားနေရာများသို့ ပြောင်းရွှေ့ကုန်သည်။ ထိုကြောင့် သူတို့မနေနိုင်အောင် လုပ်နေသည့် အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲဟု National Center for Women and Innovation Technology မှ အကြီးတန်း သုတေသန ပညာရှင် တစ်ဦးက ပြောသည်။
From-myanmarij

No comments:
Post a Comment