Thursday, November 1, 2012

ကလေးသူငယ်များနှင့် ပြစ်မှု၊ ပြစ်ဒဏ် ( ကလေးသူငယ် အကျဉ်းသားများအကြောင်း)

ကလေး သူငယ် အကျဉ်းသား တစ်ဦး မာလာလာ Malala Yusufzai လေးက အခုထိ အသက်ရှုစက်နဲ့ နေရတုန်းလို့ ဆိုပါတယ်။ သူက အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်ပါ။ မိန်းကလေးတွေ ပညာသင်ကြားခွင့် ရအောင် ပြောဆိုခဲ့တဲ့အတွက် တာလီဘန် တစ်ယောက် ရဲ့ သေနတ် နဲ့ ပစ်ခတ်တာကို ခံရသူပါ။ တကယ်တော့ သူတို့ လူ့အဖွဲ့အစည်းမှာ မိန်းကလေး ဆိုတာ ပညာတတ်စရာ မလိုဘူးလို့ ခံယူတတ်ကြတာကိုး။

ဒီအဖြစ်အပျက်က အသက်အရွယ် ငယ်ပေမယ့် အမှုကြီး၊ တာဝန် ကြီးတွေကို ထမ်းဆောင် နိုင်တယ်ဆိုတာ ပြသနေသလို အဲဒီအတွက်လည်း ဒုက္ခကြီးငယ် နဲ့ တွေ့ကြုံနိုင်တာကို ပြသနေပါတယ်။ အထူးသဖြင့် အရွယ်ငယ်တဲ့ မိန်းကလေးတွေ အတွက် အကြမ်းဖက် ခံရနိုင်တဲ့ အန္တရာယ်ဟာ ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ရှိနေပါတယ်။   အဲဒီထဲက ပုံသဏ္ဍာန်တစ်မျိုးကတော့ ကလေးသူငယ်အရွယ်မှာ လက်ထပ် ထိမ်းမြားစေခြင်းပါပဲ။
အသက် ၁၈ နှစ် မတိုင်မီမှာ လက်ထပ်ထိမ်းမြား စေတာဟာ တစ် နည်းအားဖြင့်တော့ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းပါပဲ။ ပညာမဲ့သူတွေက ငယ်ငယ်နဲ့ အိမ်ထောင်ကျ တတ်သလို အိမ်ထောင် စောစောကျရင် လည်း ပညာရေး ဆုံးခန်းမတိုင်တော့ တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါတွေကြောင့် ကုလသမဂ္ဂ ကလေး သူငယ်များ ရန်ပုံငွေအဖွဲ့(ယူနီဆက်ဖ်)၊ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ (ယူအန်အက်ဖ်ပီအေ)နဲ့ ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့တို့က ပူးတွဲပြီး ဒီနှစ်၂ဝ၁၂ က စတင်ကာ အောက်တို ဘာ ၁၁ ရက် နေ့တိုင်းကို အပြည်ပြည် ဆိုင်ရာ မိန်းကလေးငယ်များနေ့  (Intenational Day of the Girl Child)လို့ သတ်မှတ် လိုက်ကြ ပါတယ်။

ကလေး သူငယ် အကျဉ်းသား တစ်ဦး
ကလေး သူငယ် အကျဉ်းသား တစ်ဦး
ကလေး သူငယ် အကျဉ်းသား တစ်ဦး
အကျဉ်းထောင် တစ်ခုအတွင်း မြင်ကွင်း
အကျဉ်းထောင် တစ်ခုအတွင်း မြင်ကွင်း
ကလေး အကျဉ်းသားများ
ကလေး အကျဉ်းသားများ
စိတ်ဝင်စားစရာ ကောင်းတာက အဲဒီနေ့ မတိုင်ခင် အောက်တိုဘာ ၁ဝ ရက်ကတော့ ဥရောပသမဂ္ဂ ကော်မရှင် ကနေ ဘယ်လို အခြေအနေမျိုး မှာမဆို သေဒဏ် မပေးရေးနေ့အဖြစ် ကြေညာလိုက်ပါတယ်။ သေဒဏ်ပေးခြင်း အားဖြင့် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုကို ပြောင်းပြန်လှန်လိုက် နိုင်တာမျိုး မဖြစ်နိုင်သလို ကျူးလွန်ခံရတဲ့ သားကောင်ရဲ့ ဆုံးရှုံးမှု ကိုလည်း ပြန်ကောင်း သွားအောင် မတတ်နိုင်တဲ့အတွက် သေဒဏ်ဆိုတာ လူသား မဆန်တဲ့၊ ရက်စက်တဲ့၊ လူ့သိက္ခာ ကို ထိပါးတဲ့ လုပ်ရပ်လို့ ဥရောပသမဂ္ဂက ယူဆတာပါ။ ကမ္ဘာ့ အဖွဲ့အစည်းကြီး တွေထဲမှာတော့ ဥရောပသမဂ္ဂ ဟာ သေဒဏ်ကို ဆန့်ကျင်တဲ့ ပထမဆုံးအဖွဲ့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး နိုဘယ် ဆုရှင်အဖြစ် ကြေညာ မခံရခင် ကတည်းက အခုလို ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီကြေညာချက်နှစ်ခုနဲ့ မာလာလာရဲ့ အဖြစ်အပျက်ကို ကြည့်ရင် ကလေးသူငယ်တွေမှာ ပြစ်မှုကို မကျူးလွန် ရဘဲနဲ့တောင် ပြစ်ဒဏ်ကို ခံရနိုင်နေသလိုပါပဲ။ သူကိုယ်တိုင် အပါအဝင် မိန်းကလေး ငယ်လေးတွေ ပညာသင် ခွင့်ရရေး အတွက် ကြိုးစားတာဟာ ပြစ်မှုသဘောမျိုး ဖြစ်သွားပြီး သေနတ်နဲ့ ပြစ်ဒဏ်ပေးတာကို ခံရတာကိုး။ ဒီဖြစ်ရပ်မျိုးဟာ ပါကစ္စတန်မှာပဲ ဖြစ်လေသလား။ ကမ္ဘာကြီးရဲ့အကြမ်းဖက်မှုဟာ တစ်နေရာ တည်းမှာပဲ ရှိနေသလား။ အဲဒီလို မေးရင်တော့ မဟုတ်ပါဘူးလို့ ဖြေရမှာပါ။
အမေရိကလို နိုင်ငံမျိုးမှာတောင် ကလေးနဲ့လူငယ်တွေအတွက် ပြစ်မှုနဲ့ ပြစ်ဒဏ်ဟာ အကြမ်းဖက်မှုမြောက် နေသေးတာ ကို တွေ့လာရပါတယ်။  ဒီကိစ္စကို ကျယ်ကျယ် လောင်လောင် လုပ်လာသူက အယ်လ်ဘားမား ပြည် နယ် အခြေစိုက် သာတူညီမျှ တရားမျှတရေး ဦးဆောင်အဖွဲ့(Equal Justice Initiative EJI) ပါ။ EJI ကို ဦးဆောင်သူက အာဖရိကဖွား အမေရိကန် ဘရိုင်ယန် စတီဗန်ဆင်ပါ။ သူက အာဖရိကန်ဖွား အများစုကို သေ ဒဏ် အပြစ်ပေးဖို့ လွယ်နေတဲ့ အမေရိက တရားရုံးတွေနဲ့ ဥပဒေနည်းလမ်း ကျကျ ရင်ဆိုင်နေသူပဲ ဖြစ်ပါတယ်။
ရှေ့နေတစ်ယောက် ဖြစ်တဲ့ ဘရိုင်ယန်ဟာ သေချာ စစ်ဆေးစုံစမ်းမှု မလုပ်ဘဲ သေဒဏ်ချခံရတဲ့ အာဖရိကဖွား တွေအတွက် အခမဲ့ ရှေ့နေလိုက် ပေးတဲ့အပြင် အပြစ်မဲ့တွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ပေါ်ထွက် လာအောင် EJI အနေနဲ့ ကြိုးပမ်းပါတယ်။ လတ်တလော အောင်မြင်မှုကတော့ ကလေးလူငယ်တွေကို ခံဝန်ချက်မဲ့ တစ်သက်တာ ထောင်ဒဏ် ချမှတ်ခြင်းကနေ ကာကွယ်ပေး လိုက်နိုင်တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ သုံးနှစ်ကတော့ ကလေး လူငယ်တွေ ကို သေ ဒဏ်ပေးခြင်းကနေ အကာအကွယ် ပေးနိုင်ခဲ့တဲ့ အောင်မြင်မှု ရခဲ့ပါတယ်။ ဒီကိစ္စတွေကို MJI က ဘာလို့ အစဉ်တစိုက် လုပ်ရတာလဲ မေးရင်တော့ အမေရိကမှာ ကလေး လူငယ်တွေရဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ်ကိစ္စ တွေက အတော်ကြီး အကျည်းတန် နေလို့လို့ ဆိုရပါမယ်။
MJI ရဲ့ အဆိုအရ ကလေးနဲ့ လူငယ်လေးတွေဟာ လူကြီးတွေကို  ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေ ထဲမှာ နေရာ ချထား ခံနေရပြီး ကလေးတွေဟာ လူငယ်တွေထက်စာရင် လိင်အရ စော်ကားခံရမယ့် ကိန်းက ငါးဆပိုပါသတဲ့။ ဒါ့အပြင် လူကြီးထောင်မှာ ချုပ်ခံရတဲ့ ကလေး အကျဉ်းသားတွေဟာ လူငယ်ထောင် မှာ ချုပ်ခံရတဲ့ ကလေးအကျဉ်းသားတွေ ထက် ကိုယ့်ကိုယ်ကို သတ်သေနှုန်း မြင့်မားတယ် ဆိုတာပါပဲ။ ဒါပေမယ့် အမေရိကရဲ့ ပြည်နယ် ၁၄ ခုမှာ ဘယ်အသက်အရွယ် ကလေးတွေကိုပဲ လူကြီးအဖြစ် ချုပ်နှောင်ရမယ် ဆိုတာမျိုး သတ်မှတ်ထားတာ မရှိလေတော့ အသက် ၈ နှစ်လောက် ကလေးမျိုးကိုလည်း လူကြီးတွေနဲ့ အတူ ချုပ်နှောင်ထားပါသတဲ့။ MJI ကတော့ အသက် ၁၄ နှစ်အောက် ကလေးတွေတိုင်းကို လူကြီးတွေနဲ့ အတူ ချုပ်နှောင် ထားတာမျိုးကို ခွင့်မပြုသင့်ဘူးလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်အစိတ်လောက် အတွင်း ကလေးတွေကို လူကြီးတွေအတိုင်း ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ် လို့လည်း MJI က ဆိုပါတယ်။ တကယ်တော့ တရားရုံးမှာ ရင်ဆိုင်ရတဲ့အခါ ကလေးတွေဟာ ရင့်ကျက်မှု၊ ဗဟုသုတနဲ့ တရားမျှတမှု အကြောင်း သေချာ နားမလည်တတ်ကြတာမို့ ကိုယ့်ကိုယ်ကိုလည်း ကောင်းကောင်း မကာကွယ် နိုင်ကြပါဘူး။ ဒါကြောင့် ကလေးတွေကို ဒီလိုပြစ်ဒဏ်ကြီးတွေ ချမှတ်တာမျိုးနဲ့လူကြီး အကျဉ်းသားတွေနဲ့အတူ ချုပ်နှောင်တာမျိုးကို ကန့်ကွက်တယ်လို့ MJI က ဆိုပါတယ်။
MJI က တွေ့ရှိထားတဲ့ နမူနာ ကလေး အကျဉ်းသားတွေအကြောင်း ကိုလေ့လာကြည့်ရင်တော့ ပိုသိလွယ် မြင်လွယ်မှာပါ။
ဂျိုး Joe Sullivan အသက် ၁၃ နှစ်မှာ အဖမ်းခံခဲ့ရပေမယ့် လူကြီး တစ်ယောက်လို ပြစ်ဒဏ်မျိုး ချမှတ်ခံခဲ့ရသူပါ။ သူ့ကို ထောင်ထဲမှာ မသေမချင်း ချုပ်ထားဖို့ အမိန့်ချခံခဲ့ ရပါတယ်။ ဖလော်ရီဒါက လူကြီး အကျဉ်းထောင် တစ်ခုထဲမှာ သူဟာ လိင်ဆိုင်ရာ စော်ကားမှုများစွာကို ခံခဲ့ရပါတယ်။ သူ့အသက် ၂၇ နှစ်မှာ Multiple Sclerosis ဆိုတဲ့ အာရုံကြော ရော ဂါကို စတင်ခံစား လာရပါတယ်။ ဒါဟာ ထောင်ထဲမှာ ရခဲ့တဲ့ ထိခိုက်ဒဏ်ရာနဲ့ စိတ်ဒဏ် ရာ တွေကြောင့် ဖြစ်ရတာလို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အခု သူ့ အသက်က ၃၇ နှစ်ရှိပါပြီ။ ဘီးတပ် ကုလားထိုင်ပေါ်မှာ နေနေရတဲ့ အခြေ အနေ ဖြစ်နေပါပြီ။ MJI က ဂျိုးရဲ့ ထောင်ဒဏ် လျှော့ပေါ့ခွင့် ရအောင် လုပ်ခဲ့နိုင်ပြီမို့ သူ့ရောဂါကို ကုပေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်။
အီယန် Ian Manuel အဖမ်းခံရတော့ ၁၃ နှစ်သား။ မိန်းမတစ်ယောက်ကို လုယက်ပြီး သေစေနိုင်လောက် တာမျိုး မဟုတ်တဲ့ သေနတ် ဒဏ်ရာရစေတဲ့ထဲမှာ သူပါတယ်လို့ တခြားကလေးကြီးတွေက ပြောလို့ သူ့ကို ဖမ်းခဲ့တာပါ။ သူ့ရှေ့နေက ဝန်ခံလိုက်ရင် ထောင် ၁၅ နှစ်ပဲ ကျမှာလို့ ပြောခဲ့တဲ့အတွက် သူက ဝန်ခံဖို့ သဘော တူခဲ့ရှာပါတယ်။ ဒါပေမယ့် သူက ခံဝန်တောင် မရဘဲ တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံသွားခဲ့ရပါတယ်။ သူ့ရှေ့နေက ဘာမှ ဆက်မလုပ်ပေး ခဲ့ပါဘူး။ လူကောင်သေးလို့ ဆိုကာ တစ်ယောက်တည်း ခွဲချုပ်ထားတာ ၁၈ နှစ် ကြာ သွားပါတယ်။ အဲဒီနေရာက အဝတ်ဘီရီု အခန်းလို ခပ်ကျဉ်းကျဉ်း အင်္ဂတေခန်း ဖြစ်ပြီး အစာထည့်ပေး ဖို့ အပေါက်ကျဉ်းလေးပဲ ရှိပါတယ်။ တခြားအကျဉ်းသား တစ်ယောက်ကိုမှ လည်း တွေ့ခွင့် မရခဲ့ပါဘူး။ သူက ကိုယ်ကိုယ်ကို သတ်သေဖို့ အကြိမ်များစွာ ကြိုးစားခဲ့သူပါ ။ လောလောဆယ်မှာတော့ MJI က သူ့ အတွက် လျော့ရက်ရအောင် ကြိုးစားနိုင်ခဲ့ပါပြီ။
ဂျော့ရှ် George Stinney ကတော့ အသက် ၁၄ နှစ်မှာ လူဖြူမိန်းကလေး နှစ်ယောက်ကို သတ်ဖြတ်တယ်ဆို ကာ ၁၉၄၄ ခုနှစ် မတ် ၂၃ မှာ ဖမ်းပြီး တစ်ရက်အတွင်း လူဖြူ တရားသူကြီးတွေက သေဒဏ် အမိန့်ချခဲ့ပါတယ်။ ၈၁ ရက်အကြာမှာ သူ့ကို လျှပ်စစ်ခုံပေါ်မှာ လူကြီးတွေကို စီရင်သလို အဆုံးစီရင်ခဲ့တာမို့ အမေရိကရဲ့ ၂ဝ ရာစုသမိုင်းမှာ ပထမဆုံး သေ ဒဏ်ပေးခံရတဲ့ အသက်အငယ်ဆုံး လူသား ဖြစ်ခဲ့ပါတယ်။ MJI ရဲ့ အဆိုအရ အမေရိကမှာ ၂ဝဝ၅ ခုနှစ်အထိ ကလေး လူငယ်တွေ ကို သေဒဏ်ပေးတုန်းပါပဲ။ ၁၉၈၅ ခုနှစ်နောက်ပိုင်း တရားဝင် သေဒဏ် စီရင်ခံခဲ့ရတဲ့ ကလေးလူငယ် အရေအတွက်ဟာ ၃၆၅ ဦး ရှိပါသတဲ့။
MJI ရဲ့ ၂ဝ၁ဝ ခုနှစ် မေ ၁၇ ရက်က အောင်မြင်မှုကတော့ အသက်မသေစေခဲ့တဲ့ ပြစ်မှုတွေအတွက် အမှု ကျူးလွန်ခဲ့တဲ့ လူငယ်တွေကို ခံဝန်မပေးဘဲ ထောင် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းက ကင်းလွတ်စေတဲ့ ဂရေဟမ်နှင့် ဖလော်ရီဒါ စီရင်ထုံးကို တရားရုံးချုပ်က အတည်ပြုအောင်စွမ်းနိုင်ခဲ့ခြင်းပါပဲ။ ဒီစီရင်ထုံးရဲ့ လက်ငင်းအစွမ်းကတော့ ဂျိုရွှာ Joshua Carter ကို ထောင်က ထုတ်လိုက်နိုင်တာပါ။ သူက ဆယ်ကျော်သက် အရွယ်က ကျူးလွန်ခဲ့တဲ့ အသက်မသေစေခဲ့တဲ့ အမှုတစ်ခုအတွက် လူဝီစီယားနား ပြည်နယ်ရဲ့အတင်းကျပ်ဆုံး အကျဉ်းထောင်မှာ ၄၉ နှစ်ကြာ နေခဲ့ရသူပါ။ လွတ်တဲ့အချိန်မှာ သူ့အသက် ၆၆ နှစ်ရှိနေပြီး အတွင်းတိမ်ကို ခွဲစိတ်ကုသခွင့် မရတဲ့အတွက် မျက်လုံးတစ်ဖက် ကွယ်နေပေမယ့် အသက် ၉ဝ နှစ် ရှိပြီဖြစ်တဲ့ မိခင်ကြီးနဲ့ ခရစ် စမတ်ကို အတူဖြတ်သန်းရမှာမို့ ပြုံးပြုံးပါပဲ။ MJA ရဲ့ နောက်ဆုံး အောင်မြင်မှု ကတော့ ၂ဝ၁၂ ခုနှစ် ဇွန် ၂၅ မှာ တရားရုံးချုပ် အနေနဲ့ မိလာနှင့် အယ်လဘားမား၊ ဂျက်ဆန်နှင့်ဟဘ်စ် ဆိုတဲ့စီရင်ထုံးတွေနဲ့ “အသက် ၁၇ နှစ် အောက် ကလေးလူငယ်တွေကို လူသေစေခဲ့တဲ့ ပြစ်မှုမျိုး အတွက် ဖြစ်ပါစေ ထောင်တစ်သက် လွတ်ရက်မရှိ ပြစ် ဒဏ်မျိုး ချမှတ်တာဟာ အခြေခံဥပဒေနဲ့ မကိုက်ညီ” လို့ ပြဋ္ဌာန်းလိုက်တာပါပဲ။
ဒီဖြစ်ရပ်တွေ အားလုံးကို ကြည့်ရင် ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာပဲဖြစ် ဖြစ် ကလေးနဲ့လူငယ်တွေအတွက် တရားမျှတမှုဟာ အာမခံချက် မရှိသေးလို့ ဆိုနိုင်နေဆဲပါ။ သူတို့ဘဝတွေ အာမခံချက် မရှိတာဟာ လူကြီး  တွေမှာ တာဝန်ရှိရုံမကဘဲ အန္တရာယ်ပါ ရှိနေတာကို မမေ့သင့်ကြပါဘူး။ ယနေ့လူငယ် နောင်ဝယ်လူကြီး ဆို စကားအရ ပြစ်မှုနဲ့ ပြစ်ဒဏ်ကို အကြမ်း ဖက်မှု တစ်ခုလို မမျှမတ ခံစားရနိုင်တယ်လို့ တွေးကြောက်နေရတဲ့ ကလေးတွေ ရှိနေတာဟာ ကမ္ဘာကြီး အန္တရာယ် မကင်းတာဘဲ မဟုတ်လား။
  From - myanmarij 

No comments:

Post a Comment