Tuesday, November 20, 2012

သမ္မတဦးသိန်းစိန်၏ ၁၉ နိုဝင်ဘာလ အစည်းအဝေးများနှင့် လက်ရှိမြန်မာအေ၇း

အိုဘားမားနှင့်တွေ့ ဆုံမှု

မြန်မာသမ္မတဦးသိန်းစိန်သည် ၁၉ နိုဝင်ဘာလ နံနက် ၁၁ နာရီခန့်တွင် မိနစ် ၃ဝခန့်ကြာ အမေရိကန်သမ္မတဖြင့် နှစ်နိုင်ငံအရေးကိစ္စများဆွေးနွေးသည်။ အမေရိကန်သမ္မတ၏ အရှိန်အဝါကြီးမှု၊ အနောက်နိုင်ငံများ၏ သြဇာသက်ရောက်မှု (အာရှသားများ အနောက်ကြောက်ရောဂါ) ၊ အာရှ နှင့်
အနောက်နိုင်ငံများ၏ ရင်းနှီးကွာခြားမှုကြောင့် သမ္မတဦးသိန်းစိန်နှင့် အိုဘားမားတို့ တွေ့ဆုံမှုမှာ ထင်ထားသလောကထက် ရင်နှီးမှု အားနည်းခဲ့ရပါသည်။

သို့သော်လည်း ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို လျှောက်လှမ်းလာသော ဦးသိန်းစိန်အား အိုဘားမား လာရောက်အားပေးသည်ဖြစ်သည့်အလျောက် ဦးသိန်းစိန်မှ နိုင်ငံတော်တိုးတက်ရေး၊ ဒီမိုကရေစီ စံနှုန်းမြင့်မားရေး၊ ကျန်းမာရေးနှင့် ပညာအရည်အသွေးမြင့်မားရေးအတွက် အမေရိကနဲ့ ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း Move forward ဆောင်ပုဒ်ကဲသို့ လုပ်ဆောင်မည်ဟုကတိပေးကာ၊ သမတ အိုဘားမားမှ လူအခွင့်အရေးများကို ပိုမိုတိုးတက်လုပ်ကိုင်ပြီး နှုကလိယားလက်နက်များ ပိုင်ဆိုင်ရန်ကြိုးပမ်းခြင်းမျိုး မလုပ်ရန် ပြောကြားကာ အမေရိကမှ ဆက်လက်ပူးပေါင်းသွားမည်ဟု ပြောကြားသွားပါသည်။

အခုလို အိုဘားမား မြန်မာပြည်လာရောက်သောကြောင့် ကမ္ဘာနိုင်ငံရေးသမိုင်းထဲတွင် မြန်မာနိုင်ငံကို လူပိုသိလာခဲ့ပါသည်။ ပိုပြီးတော့လဲ ဂရုထားမိကြသည်။ အိုဘားမားကိုယ်တိုင် မြန်မာနိုင်ငံလာသည်ဖြစ်သော်ကြောင့် ရင်းနှီးမြုပ်နှံလိုသော တခြားနိုင်ငံများ လာရောက်နိုင်ပါသည်။ အလွန်ကောင်းသော အချက်ဟု မျှော်လင့်ရပါသည်။ အနှစ်နှစ်အလလက ကြားနေဝါဒလိုလို၊ တရုတ်၏ ပြည်နယ်တခုလိုလိုနေရသော အချိန်ကာလာမှ ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံရေး စီးပွားရေး အချက်အချာအဖြစ်ရပ်တည်လာရမည်ဖြစ်သောကြောင့် တိုးတက်လာမည့် အရိပ်အယောင်များကို မှုန်ပြပြတွေ့လာရပြီဖြစ်ပါသည်။ ပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ ဗဟိုချုပ်ကိုင်မှုကိုသာ အဓိကထားဆက်ဆံကာ ပြည်သူလူထုအတွက် မငဲ့ကွက်သော စီးပွားရင်းနှီးမြုပ်နှံမှုများ၊ အဆွေးအမျိုး အသိုင်းအဝိုင်းကိုသာ အားပေးအားမြောက်လုပ်မှု များကို နှစ်ပေါင်းများစွာ ရွံ့ရှာစက်ဆုပ်လာသောကြောင့် အနောက်လွှမ်းသော အနောက်မှ လာရောက်မည့် ရင်းနှီးမြုပ်နှံမှုများနှင့် မျှတစွာ လုပ်ကိုင်မှုများ မျှော်လင့်သည့်စိတ်ဓါတ်ကြောင့် တမူထူးရှားလာမည်ဟု မျှော်လင့်ရပါသည်။

ထိုင်းဝန်ကြီးချုပ်ယင်လတ်

အိုဘားမားနှင့်တွေ့ဆုံးပြီးလျင်ပြီးချင်း သမ္မတ ဦးသိန်းစိန်မှာ ချက်ခြင်းဆိုသလို ဖနွမ်းပင် အာဆီယံ အာရှ အစည်းအဝေးသို့ ပြန်သွားကာ ထိုင်းဝန်ကြီးချုပ် ယင်လတ်နှင့် ညနေ ၃း၄၅ နာရီတွင် တွေ့ဆုံပါသည်။ ထိုကဲ့သို့ တွေ့ဆုံရာတွင် ဝန်ကြီးချုပ်ယင်လတ်နှင် ယခင်က နှစ်ကြိမ်တွေ့ဆုံဖူးသည့် အချက်နှင့် အာရှနိုင်ငံသား အထူးသဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံဖြစ်သည်အတွက်ကြောင့် နှစ်နိုင်ငံခေါင်းဆောင်တွေ့ဆုံမှုမှာ အလွန်အင်မတန်ရင်းနှီးဟန်ပြသပြီး ပိုမိုနွေးထွေးမှုကို ဖြစ်ပေါ်စေခဲ့ပါသည်။

အဓိကဆွေးနွေးမှုများမှာ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောင်ရေးနှင့် ဆက်စပ်သော စက်မှုဇုန်၊ လျှပ်စစ်ဓါတ်အားစက်ရုံ၊ ရေပေးဝေရေး၊ စွန့်ပစ်ပစ္စည်းစနစ် တည်ဆောက်ရေး ဆက်သွယ်ရေးနှင့် ရထားပို့ဆောင်ရေး ကိစ္စများကို ကော်မတီများဖွဲ့ကာ ၂ဝ၁၅ အပြီးတည်ဆောက်ရန် တိုင်ပင်ကြကာ နှစ်နိုင်ငံသဘောတူညီမှုများကို ပြုလုပ်နိုင်ခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ တနိုင်ငံနှင့်တနိုင်ငံ လည်ပတ်မှုများအတွက် ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပါသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့် နာရီဝက်ခန့်ကြာတွေ့ဆုံသော်လည်း နွေးထွေးမှုကြိုတင်ညှိနှိုင်းမှုများ၊ ငြိမ်ချမ်းလာသော နယ်စပ်ဒေသ အခြေအနေများကြောင့် ထိုင်းနှင့် ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာသည်။ နှစ်နိုင်ငံကြား နှစ်ပေါင်းများစွာ တည်ရှိသော နယ်စပ်ဒေသ ကုန်သွယ်မှုများ ယခင်ထက် ပိုမို အားကောင်းလာမည်ဟု မျှော်လင့်ရပါသည်။ တရုတ်ထွက်ကုန်များထက် ပိုမိုအရေအသွေးကောင်းသော ထိုင်းထွက်ကုန်များလည် လာရောက်နိုင်ပါက အကျိုးဖြစ်ထွန်းလာနိုင်ပါသည်။ ပြည်သူများအတွက် ထားဝယ်ဒေသ အလုပ်အကိုင်များ တိုးပွားလာမည်ဖြစ်သည်ဟု ခန့်မှန်းမိပါသည်။

ဂျပန်ဝန်ကြီးချုပ် ဟိုရှီဟီကိုနိုဒို

ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံပြီးသော သမ္မတ ဦးသိန်းစိန်သည် ဆက်လက်ပြီး ညနေ ၄း၂ဝ နာရီခန့်တွင် ဂျပန်ဝန်ကြီးချုပ် နှင့်ဆက်လက်တွေ့ဆုံးဆွေးနွေးခဲ့ပါသည်။ ထိုင်းဝန်ကြီးချုပ်နှင့်တွေဆုံစဉ်ကဲ့သို့ မရင်းနှီးသော်လည်း နှစ်ပေါင်းများစွာ ဆက်ဆံလာသော အာရှနိုင်ငံသားဖြစ်သည် ဂျပန်ဝန်ကြီးချုပ်နှင့်တွေ့ဆုံမှုမှာ ရင်းနှီးဟန်အပြည့်ဖြင့် ခိုင်မာသော ဆက်ဆံမှုများကို ပြသသည် သဘောတရားများကို တွေ့ခဲ့ရပါသည်။

ဂျပန်နှင့်တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် အလွန်အင်မတန် အကျိုးရှိလှပါသည်။ တွေ့တွေ့ချင်း မြန်မာနိုင်ငံတွင် တင်ရှိနေသော ကြွေးမြီများကိုလျော့ချပေးမည်အကြောင်း ငလျင်လှုပ်သည်ကြားသောကြောင့် စိတ်မကောင်းဖြစ်မိကြောင်း၊ မြန်မာနိုင်ငံတွင် အခက်အခဲများဖြစ်လာပါက ကူညီပေးသွားမည်ဖြစ်ကြောင်း အရှေ့တောင်အာရှ အားကစားပွဲအတွက် လိုအပ်သော တည်ဆောက်ရေး ဆက်သွယ်ရေး ကိစ္စများကို ကူညီသွားမည်ဟု ဂျပန်ဝန်ကြီးချုပ်မှ ပြောကြာသွားသည်။ အလွန်အင်မတန်ကို အားရမိလိုက်ပါသည်။ ထိုအပြင် သီလဝါ စက်မှုဇုန်ဆောက်လုပ်ရန် နှင့် ထိုင်းနှင့် ပြုလုပ်မည့် ထားဝယ်ရေနက်စီမံကိန်း၏ အဓိက ရင်းနှီးမြုပ်နှံမည့် ဂျပန်နိုင်ငံဖြစ်သည့်အတွက်ကြောင့် နှစ်နိုင်ငံခေါင်းဆောင်များဆွေးနွေးကြပါသည်။

ဂျပန်နှင့် တွေ့ဆုံမှုမှာ မြန်မာနိုင်ငံအတွက် အထူးပင်အကျိုး များလှပါသည်။ လိုအပ်သည် နည်းပညာများအတွက် ဂျပန်ကိုခေါ်ယူသင်ကြားပေမည်။ လိုအပ်သည် အခြေခံအဆောက်အအုံအတွက် ဂျပန်မှာ ကူညီ ဆောက်လုပ်ပေးမည်၊ ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အလွန်အင်မတန်အကျိုးရှိလှသော အစည်းအဝေးတစ်ခု ဖြစ်ခဲ့ပါသည်။ လက်တွေ့အားဖြင့် မြန်မာနိုင်ငံအတွင်းတွင် ဂျပန်လူမျိုးများ ခြေချင်းလိမ်ကာ လာရောက်လုပ်ကိုင်ဆောင်ရွက်နေသည်ကို လက်တွေ့တွေ့နိုင်ပါသည်။

တရုတ်ဝန်ကြီးချုပ်ဝမ်ကြာပေါင်

ထိုအစည်းအဝေးမှာ နှစ်နိုင်ငံတည်း သီးသန့်တွေ့ဆုံသည်မဟုတ်ပဲ အာဆီယံခေါင်းဆောင်များနှင့် တရုတ်နိုင်ငံဝန်ကြီးချုပ်တွေ့ဆုံပွဲ ဖြစ်သောကြောင့် သာမန် အစည်းအဝေးတစ်ခုသာ ဖြစ်သည်ဟု ဆိုလိုရပါသည်။ ထိုအစည်းအဝေးတွင် သမ္မတ ဦးသိန်းစိန်မှ ၁၉၉၇ ခုနှစ်ကတည်းက အာဆီယံ-တရုတ်ဆက်ဆံရေး ဆက်လက်တိုးမြင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း။ အနာဂါတ် တရုတ်မျိုးဆက်နှင့် ပြည်သူလူထု အကျိုးကို ကျေးဇူးပြုမည်ဖြစ်ကြောင်း၊ ဒေသတွင် တည်ငြိမ်ရေးကိုလည်း ပိုမိုဂရုစိုက်လာဖို့ လိုအပ်ကြောင်း (တရုတ်က အာဆီယံ ကျွန်းတွေ လိုက်လုနေတာကို) ။ တရုတ်ကုန်စည်ပြပွဲမှာ သမ္မတဦးသိန်းစိန်က ပြောခဲ့သလို နှစ်နိုင်ငံ Win-Win Situation
ဖြစ်အောင် ဆက်လက်လုပ်ကိုင်ပါမည်အကြောင်း ထပ်မံပြောဆိုသွားပါသည်။

သမ္မတတစ်နေတာ အစည်းအဝေး နိဂုံး

မနက်ခင်းတွင် အမေရိကန်နှင့် တွေ့ကာ ညနေခင်းတွင် တရုပ်နှင့် အဆုံးသတ်သွားသည့် သမ္မတဦးသိန်းစိန် ၏ အစည်းအဝေးများတွင် ထိုင်းနှင့် ဂျပန်တွေ့ဆုံမှုသည် အလွန်အင်မတန် အောင်မြင်ခဲ့ပါသည်။ ထိုအတူ အမေရိကနှင့် ဆက်လက်ကာ အတူတကွ ဆက်ဆံရေးမျာ ဆက်လုပ်နေပြီး တရုတ်ကြီးနှင့် အနည်းငယ် ခပ်တန်းတန်း အခြေအနေများကို မြင်လိုက်ရပါသည်။

သမ္မတဦးသိန်းစိန်သည် သမ္မတ တက်ရောက်ချိန်မှ ယနေ့အထိ ဆက်တိုက် စဉ်ဆက်မပြတ်ဆိုသလို နိုင်ငံ၏ စီးပွားရေး စိမံကိန်းများကို တိုးတက်ရန် လုပ်ဆောင်ခြင်း၊ တဆစ်ချိုး စီးပွားရေးစနစ်တခုကို ဖန်တီးခြင်း၊ လိုအပ်သည် နည်းပညာများရရှိရန် ဖန်တီးခြင်းတို့ကို ပြုလုပ်နေသည်မှာ ထင်ရှားပါသည်။ ထိုအတူ နိုင်ငံတကာ ဆက်ဆံရေးအရ နိုဝင်ဘာလ ၁၉ရက်နေ့သည် မြန်မာနိုင်ငံ၏ အရေးပါသော နိုင်ငံတကာ ဆက်ဆံရေးနေ့အဖြစ် တည်ရှိမည်ဖြစ်ပါသည်။

တိုင်းရင်းသားအရေး

တိုင်းရင်းသားများ အရေးတွင် ကျွန်တော်အမြင်ကို ဆိုရလျင် ကချင်နှင့် ဖြစ်ပွားနေသော တိုက်ပွဲများမှာ သာမန် ကချင်တိုင်းရင်းသားများနှင့် ဗမာတပ်မတော်တိုက်ပွဲများဟု မမြင်မိပါ။ လောဘဇောတိုက်နေသော လက်တဆုတ်စာ ကချင်ခေါင်းဆောင်များ၊ နောက်ကွယ်က ဒေသတွင်း ငြိမ်းချမ်းမှု မရှိအောင် နိုင်ငံတကာ စာမျက်နှာတွင် မြန်မာနိုင်ငံကို မျက်နှာပျက်အောင် ဖန်တီးနေသော တရုတ်၏ ကချင်လက်တဆုတ်စာ လူများကို သွေးထိုးနေသည်ဟု မြင်မိပါသည်။ ကျွန်တော်သိထားသလောက် ကချင်များ လက်ရှိထောင်ထားသော မြေမြုပ်ဗုံးများကို ရှေ့တန်းစစ်မျက်နှာမှ တပ်သားများ အလွန်အင်မတန် ကြောက်ရွံ့စွာ ရင်ဆိုင်နေရပါသည်။ ထိုဒေသသို့သွားရောက်သော သတင်းထောက်တစ်ယောက်၏ တိုးတိုးတိတ်တိတ်သတင်းများမှ သိရပါသည်။ ထိုအပြင် ယမန်နေ့ က အိုဘားမာလာချိန်နှင့် အချိန်ကိုက်စွာ ကချင်ဖက်မှာ ထိုးစစ်ဆင်တိုက်ခိုက်လာသည်ကို တွေ့ရပါသည်။ ထိုကြောင့် ကချင်နှင့် မငြိမ်းချမ်းမှုမှာ ၂ဝ၁၃ အထိ ဆက်လက် တည်ရှိနေအုန်းမည်ဟု ခန့်မှန်းမိပါသည်။

ရခိုင် ရိုဟင်ဂျာ ဘင်္ဂလီအရေးအခင်းကိုလည်း သာမန် ရခိုင်ဒေသခံလူမျိုးများနှင့် ဘင်္ဂလီတို့ အတူတကွ နေထိုင်မှု ပျက်ယွင်းခဲ့သည်မှာ ကျောက်ဖြူဆိတ်ကမ်း၊ တရုတ်ပိုက်လိုင်း ကိစ္စရပ်များနှင့် ဆက်စပ်တည်ရှိနေမည်ဟု သံသယဖြစ်မိပါသည်။ ထိုအရေးမှာ နေ့ချင်းဖြေရှင်းရနိုင်မည်မဟုတ်ပဲ ရေရှည်ဖြေရှင်းကာ ကျောက်ဖြူစီမံကိန်းကို ဆက်လက် စောင့်ကြည့်ရပါတော့မည်။

ပြည်တွင်း နိုင်ငံရေး

ပြည်တွင်းနိုင်ငံရေးသည် ယခုအချိန်တွင် အတော်အတန်အသင့် တည်ငြိမ်သည်ဟု ဆိုလိုရပါသည်။ သို့သော် လွတ်တော်အတွင်း တပ်မတော်သား ၂၅% တည်ရှိနေမှုမှာ လွန်ခဲ့သော နှစ်ပတ်ခန့်က လွတ်တော်မှ အခြေခံဥပဒေ ခုံရုံးအပေါ် အာဏာရယူလိုမှုတွင် တပ်မတော်သား ၂၅% ၏ မဲကြောင့် သာ လွတ်တော်မှ အနိုင်ကျင့်မှု သက်သာခဲ့သည်ဟု ထင်မိပါသည်။ ထိုကြောင့် ၂ဝ၁၅ မတိုင်ခင်အထိ လွတ်တော်တွင် တပ်မတော်သား ၂၅%တည်ရှိမှုကို လက်မခံလိုသောလည်း လက်ခံနေရမည့် အချက်ဖြစ်ပါသည်။ သို့သော် လာမည့် ရွေးကောက်ပွဲတွင် ၂၅%မှ ၁၅% သို့မဟုတ် ၁ဝ% အထိ လျောချရန် NLDနှင့် တခြားသော တိုင်းရင်းသားနိုင်ငံရေးပါတီများမှာ ဝိုင်းဝန်းကြိုးစားသင့်ပါသည်။ သို့သော်လည်း NLD  နေဖြင့် တခြားသော ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများကို စည်းရုံးနိုင်မှုမှ အလွန်အင်မတန် နည်းနေသေးသည်ကို အထင်အရှားတွေ့နေရပါသေးသည်။ NLD လက်ရှိအမတ်များမှ သော်လည်းကောင်း ပြည်ခိုင်ဖြိုးမှ ခေါင်းဆောင်အချှို ဦးဆောင်က တပ်မတော်ပါဝင်မှု လျောချနိုင်လိမ့်မည်ဟု ၂ဝ၁၃ အတွက် ကြိုတင် နမိတ်ဖတ်မိပါသည်။

ယခင်နအဖများကို ထိမ်းချုပ်ရေး နှင့် အပြစ်ပေးရေး

ယခင် နအဖဗိုလ်ချုပ်ဟောင်းများ၏ အပြစ်များ ပြန်လည်ဖော်ထုတ်ကာ ထိုအပြစ်များအတွက် ထိုက်တန်သော အပြစ်များပေးရန် တခိျု့သော သူများက ပြောဆိုနေကြသည်ကို ကြားသိရပါသည်။ ကြားမိသလောက် လက်ရှိ နိုင်ငံရေးလောကတွင် တည်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းညွှန့် ဦးခင်မောင်ထွေး မင်းကိုနိုင် ကိုကိုကြီး တို့ နုတ်မှ ထွက်ရှိလာမှု မတွေ့ရပါ။ ယနေ့လှုပ်ရှားနေရသော မြန်မာနိုင်ငံအရေးကိစ္စများသည် သမ္မတဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တိုက နှစ်ဦး ယခင်နအဖဗိုလ်ချုပ်ဟောင်းများ အပေါ် အရေးမယူနိုင်ရန် အခြေခံဥပဒေတွင်ထည့်သွင်းရေးခဲ့သကဲ့သို့ ထိုသူတို့အား ခွင့်လွတ်ရန် သဘောတူညီမှုမျာ အပေးအယူလုပ်ထားသော အခြေအနေ ဟု ခန့်မှန်းမိပါသည်။ ထိုကြောင့် ထိုသူများအား အရေးယူမှုသည် ဖြစ်လျင်သော်မှ ၂ဝ၁၅ နောက်ပိုင်း  ၃-၄နှစ်ခန့်မှသာ  ဖြစ်ကောင်းဖြစ်နိုင်မည် ဖြစ်ပြီး၊  ဖြစ်နိုင်ခြေရာခိုင်နှုန်းမှာ ၂ဝ-၃ဝ% ခန့်သာ ရှိပါသည်။ ကျွန်တော်တို့ ထိုကိစ္စကို ခွင့်လွတ်လိုက်ရပါတော့မည်။

လောဘအရင်းတည် လာဘ်စားမှု

သို့သော် လွန်ခဲ့သော အပတ်က စာရင်းစစ်ချုပ်က လာဘ်လာဘယူသော၊ စီမံခန့်ခွဲမှုညံဖျင်းသောကြောင့် ငွေစာရင်းကွာခြားမှုကို လွတ်တော်မှာ ကြေငြာလိုက်သောအခါ သက်ဆိုင်ရာ ဝန်ကြီးဌာနများသည် ရက်မဆိုင်းပဲ စာရင်းစစ်ချုပ်တင်ပြသော ကွာခြားမှုကို ဖြေရှင်းပြီးကြောင်း သတင်းစာထဲတွင် ထည့်ကြပါသည်။ ကြိုတင်ညှိနှိုင်း သံစဉ်ရိုက်ထားမှုများဟု ထင်ရလောက်အောင် ဆက်တိုက် လုပ်ကိုင်မှုများကိုတော့ အလွန်အင်မတန် စိတ်ပျက်မိလှပါသည်။

ကျွန်တော် ဖေစ်ဘွတ်ခ်တွင် ဖတ်ရသော ကွန့်မန်ကိုအတိုချုပ်ပြန်ပြောရလျင် Greed drive corruption လောဘဖြင့် ရယူသော လာဘ်စားမှုမျိုး ကို ကျွန်တော်တို့တစ်တွေ အဓိက တိုက်ထုတ်ရပါမည်။ စားဝတ်နေရေးလိုအပ်ချက်ကြောင့် ရယူခြင်းထက် လောဘကြောင့် ရယူသော လာဘ်စားမှုသည် တိုင်းပြည်အတွက် အလွန်အင်မတန် နစ်နာစေကာ နိုင်ငံတကာတွင်လည်း နာမည်ပျက်စေပါသည်။ ထိုကဲ့သို့ လာဘ်စားမှုမျိုး ဝိုင်းဝန်းတိုက်ဖျက်ကြပါစို့။

ကျွန်တော် ယခုရေးသားမှုများသည် လက်ရှိအစိုးရအပေါ် ချီးကျူးမှုများသည်၊ ဖားသည်။ စွဲဆောင်မှုကို ခံရသည်ဟု ဆိုကောင်းဆိုရပါမည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ထိုကဲ့သို့ အခြေအနေမျိုးကို မမြင်ရပါ။ ကျွန်တော်အနေဖြင့် ကောင်းအောင်ကြိုးစားနေသူကို ကောင်းလာပါသည်ဟု ချီးကျုးပေးရမည်ဟု ခံယူပါသည်။ ကျွန်တော်တို့သည် လူသားများဖြစ်သည့်အတွက် ကိုယ်ကို ချီးကျုးပြောကြားပါက ကြိုက်နှစ်သက်ပါသည်။ ထိုသို့ အပြောခံရသည်နှင့်အညီ ဆက်လက် အကောင်းပြောခံလိုပါသည်။ ထိုကြောင့် ကျွန်တော်တို့သည် ဆိုးဝါးချိန်မှ ဆိုးသည်ဟု အတိုက်အခံပြောသကဲ့သို့ ကောင်းချိန်မှာ ကောင်းလာသည်ဟု ချီးကျူးရန်လဲ လိုအပ်သည်ဟု ထင်ပါသည်။

ကျွန်တော်တို့ လမ်းတွေ အများကြီး လျှောက်ရပါအုန်းမည်။ ကြိုးစားမှုတွေ ဒီထက် ပိုလုပ်ရပါအုန်းမည်။ ကြိုးစားမှုများကို ရပ်တန့်မသွားအောင် ဝိုင်းဝန်းလုပ်ကြဖို့ လိုအပ်ပါသည်။ အနှောက်အယှက်မပေးမိအောင် ကြိုးစားရပါမည်။

ယနေ့အချိန်အခါသည် တော်လှန်ရေးကာလဟု ကျွန်တော်မထင်တော့ပါ။ ယနေ့အချိန်အခါသည် တည်ဆောက်ရေးကာလကို ရုန်းကန်ရတော့မည်ဟု ကျွန်တော်မြင်မိပါသည်။ ထိုကာလသည် အလွန်အင်မတန် လှိုင်းတပိုး များပြားပါသည်။ ထိုကြောင့်အမျိုးသားရေးစိတ်ဓါတ်ဖြင့် စည်းလုံးရန် လိုအပ်နေပါသည်ဟု ပြောကြားရင်း Let's move forward

မောင်ခြိမ့်

ကိုးကား
http://www.president-office.gov.mm
https://www.facebook.com/7daynews မှ သတင်းဓါတ်ပုံများ
https://www.facebook.com/ElevenMediaGroup/ မှ သတင်းဓါတ်ပုံများ
တိုးတိုးတိတ်တိတ်သတင်းများပေးသော သတင်းထောက်။
http://www.mmcpcommunity.net

From -https://www.facebook.com/mgchaint

No comments:

Post a Comment