Saturday, November 3, 2012

ပဋိပက္ခများနှင့် အစစ်အမှန် အန္တရာယ် ခွဲခြား သိမြင်ရေး



မကြာသေးခင် ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် သာမန်အားဖြင့် ကြည့်ပါက ဒေသခံ ရခိုင် တိုင်းရင်းသားများ နှင့် တစ်ဖက်နိုင်ငံမှ ဝင်ရောက် အခြေချလာသော ဘင်္ဂါလီ လူမျိုးများ အကြား လူမျိုးရေး၊ ဘာသာရေး တင်းမာမှုများဟု ထင်မှတ်စရာ ရှိသော်လည်း သေချာ စဉ်းစားကြည့်သောအခါ နောက်ကွယ်တွင် အကြောင်းတရားများစွာ ရှိနေနိုင် ပါသည်။ ထို့အတူ ပုံဖော် စဉ်းစားရာတွင်လည်း ထည့်သွင်း စဉ်းစားရမည့် နည်းလမ်း Option များစွာရှိနေပါသည်။ ယနေ့ အချိန်အထိတိုင် ထိုပြဿနာ များ ပုံမှန် ပကတိ အခြေအနေသို့ မရောက်ရှိနိုင်သေးခြင်းကို ကြည့်ပါက ပြဿနာ အတိမ်အနက်ကို ခန့်မှန်း နိုင်ပါသည်။

လူ့ဘုံ လူ့လောကတွင် ထာဝရ မှန်ကန်သော လောကသစ္စာ တရားများ အနက် အကြောင်းတရားများကြောင့် အကျိုးတရားများ ပေါ်ထွန်းရခြင်း ဆိုသည့် အကြောင်းအကျိုး သဘောတရား တစ်ခု အပါအဝင်ဖြစ်ပါသည်။ ထိုသဘောအရ ရခိုင်ပြည်နယ် အရေးကိစ္စများ နောက်ကွယ်တွင် ထိုပဋိပက္ခ ဖြစ်ပွားစေမည့် ရှုပ်ထွေးသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအကြောင်းတရားများ အနက် သမိုင်းနောက်ခံ၊ ရွှေ့ပြောင်း နေထိုင်မှု၊ စီမံခန့်ခွဲမှု အလွဲ၊ နောက်ပြန်ဆွဲလိုသူများနှင့် ပထဝီ နိုင်ငံရေး စသည်တို့မှာ အထူးထည့်သွင်း စဉ်းစားရမည့် အကြောင်းရင်းခံများ ဖြစ်နေပါသည်။

သမိုင်းနောက်ခံအရ ၁၅ ရာစု လောက်တွင် မွတ်ဆလင် ဘာသာဝင်များ ရခိုင်ပြည်နယ်သို့ ကူးဝင်လာ သည် ဟုဆိုသော်လည်း ဗြိတိသျှတို့ ရခိုင်ပြည်နယ်ကို စတင် သိမ်းပိုက်ခဲ့သည့် အချိန်မှစကာ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။

ထို့အပြင် မြေနေရာ ကျဉ်းကျဉ်းပေါ်တွင် လူဦးရေ ပေါက်ကွဲမှုဖြစ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တိုးပွားနေသော လူဦးရေကို ဝလင်အောင် ကျွေးမွေးနိုင်ခြင်း မရှိသည့်အပြင် နေစရာလည်း လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင် တော့ပေ။ ထိုအခါ အိမ်နီးချင်း ပါကစ္စတန်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့သို့ နယ်စပ်မှတစ်ဆင့် ဘင်္ဂါလီများ တရားမဝင် နည်းလမ်းဖြင့် ကူးပြောင်းလာကြ ပါသည်။

ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်း ထိကပ်နေသော မြန်မာနိုင်ငံ ရခိုင် ပြည်နယ်သည် ဘာသာစကားမတူ၊ ယဉ်ကျေးမှုမတူ၊ ဘာသာရေးမတူသော ရွှေ့ပြောင်း နေထိုင်သူများ၏ ဒဏ်ကို တိုက်ရိုက် ခံစားရခြင်းဖြစ်ပါသည်။

သမိုင်းနောက်ခံ အရ သော် လည်းကောင်း၊ ရေကြည်ရာ မြက်နုရာ သို့ ရွှေ့ပြောင်းနေထိုင်ခြင်း သဘောအရ လည်းကောင်း မြန်မာနိုင်ငံ အတွင်း ရောက် ရှိလာသော ဘင်္ဂါလီလူမျိုးများ အပေါ် ခေတ်အဆက်ဆက် အစိုးရတို့၏ စီမံခန့်ခွဲမှု အလွဲကြောင့် တသီးတခြားဖြစ်ကာ အခွင့်အရေး ပိတ်ပင် တားဆီး ခံနေရသူများ အဖြစ် နိုင်ငံတကာ မျက်နှာစာတွင် ပုံပေါ်စေပါသည်။ ထိုသို့ဖြစ် စေရန်လည်း ရိုဟင်ဂျာ အရေးကိစ္စကို ရှေ့တန်းတင်ကာ လိုလား ထောက်ခံမှု ရရှိရေး ဆွယ်တရားဟောသူ Lobbyist Group များ၊ ရည်ရွယ်ချက် တစ်ခုအတွက် စည်းရုံး လှုံ့ဆော်သူ Campaigner များက နှစ် ၂၀ ခန့် အချိန်ယူ ဆောင်ရွက် ခဲ့ကြခြင်း ဖြစ်သည်။

နောက်ထပ် အရေးကြီးသည့် အချက်နှစ်ချက်မှာ စနစ်ပြောင်း၊ ခေတ်ပြောင်း နှင့် အံမဝင်သူများ၊ ကိုယ်ကျိုးစီးပွားနှင့် လုပ်ပိုင်ခွင့် အာဏာများ ဆုံးရှုံးသွား မည်ကို စိုးရိမ်နေသူများ တစ်နည်းအားဖြင့် နောက်ပြန် ဆွဲလိုသူများ၏ အန္တရာယ်ဖြစ်ပါသည်။

ထိုသူတို့သည် ဆူပူအုံကြွမှုဖြစ်ကာ ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုး ဖြစ်လာပါက တပ်မတော်က ဝင်ရောက် ကိုင်တွယ်လာသည်မျိုး တစ်နည်း ဆိုရသော် ဆူပူမှုများကို အင်အားသုံး ဖြိုခွဲသည်မျိုးဖြင့် နောက်ကြောင်း ပြန်လှည့် သွားစေလိုကြသူများဖြစ်ပါသည်။

ထိုသူတို့နှင့် ဆက်စပ်နေသည်မှာ ပထဝီ နိုင်ငံရေးဖြစ်သည်။ ကမ္ဘာ့လူဦးရေ အများဆုံးနှင့် အစစအရာရာ ဆန့်ကျင်ဘက် စနစ်နှစ်ခု ကျင့်သုံးနေသော၊ နိုင်ငံကြီးနှစ်ခု အကြားရှိနေသော သယံဇာတကြွယ်ဝသူ မြန်မာနိုင်ငံအဖို့ ထိုနှစ်နိုင်ငံ၏ စွမ်းအင် လောင်စာ ဆာလောင်မှုကို ဖြည့်ဆည်းပေးနိုင်မည့် ဆီတိုင်ကီ တစ်ခုသဖွယ် ဖြစ်နေပါသည်။ ထို့အတွက် ရခိုင်ပြည်နယ်တွင် ရှိနေသော စွမ်းအင်ဆိုင်ရာ စီမံကိန်းများကို ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကဲ့သို့ ပြည်သူလူထု ဆန္ဒ အလို့ငှာ ရပ်တန့် မသွားစေရေးမှာ ၄င်းတို့အဖို့ အသက်တမျှ အရေးကြီးလှပါသည်။ နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံး ပိုင်ဆိုင်သော စွမ်းအင်ရင်းမြစ်များပြဿနာကို ရှေ့တန်း တင် မလာစေရေးအတွက် ရခိုင် ပြည်နယ်တွင် အခြားပြဿနာ တစ်ခု ဖန်တီးကာ လမ်းကြောင်းပြောင်းလိုက် ခြင်းလည်း ဖြစ်နိုင် ပါသည်။ ထိုပြဿနာ ဖန်တီးရန် ပြည်တွင်းရှိ နောက်ပြန် သွားလိုသူအချို့ တစ်နည်းဆိုရသော် ၄င်းတို့နှင့် အကျိုးစီးပွားချင်း မျှဝေထား သူအချို့နှင့် လက်ဝါးရိုက် လုပ်ဆောင်ရန် လိုပါသည်။

အထက်ဆိုခဲ့ပါ အကြောင်းအရင်းခံများသည် ဖြစ်ပေါ်ခဲ့သော ရခိုင် ပြည်နယ် ပဋိပက္ခ အပေါ် မူတည်ကာ စဉ်းစား သုံးသပ်စရာများကို လက်တွေ့စဉ်းစား ကြည့်ခြင်းသာ ဖြစ်ပြီး မည်သည့် အကြောင်းအရင်းခံ သို့မဟုတ် အကြောင်း အရင်း မည်မျှ ပါဝင် ပတ်သက်နေသည်ကိုမူ တိကျစွာ ပြောဆိုရန် ခက်ပါသည်။

များစွာအရေးကြီးသည့် အချက်မှာ နိုင်ငံသား အားလုံး အနေနှင့် လွဲမှား သော အစွန်းရောက် အမျိုးသားရေးကို ဗန်းတင်ကာ ပြဿနာများကို ချဉ်းကပ် မိပါက နောက်ကွယ်တွင် ကြီးမားသည့် ဆုံးရှုံးမှုများ ရှိနိုင်သည်ကို ထောက်ပြ လိုရင်းဖြစ်ပါသည်။ ထို့အတွက် နိုင်ငံသားတို့၏ အသိပညာ ရေချိန်ကို တတ် နိုင်သရွေ့၊ အချိန်ရှိသရွေ့ မြှင့်တင် တည်ဆောက် ထားကြပါမည့် အကြောင်း အထူးသတိ ပေးလိုပါသည်။

အယ်ဒီတာ (၂-၇-၂၀၁၂)
From -TheVoiceWeekly

No comments:

Post a Comment